Chapter 34 (unicode)

1.9K 29 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၄ {သဝန်တိုတာများလား ၁}

ဥယျာဉ်က ထွက်လာချိန်မှာ ဧကရာဇ်ရဲ့ အပါးတော်မြဲနဲ့ ကိုယ်ရံတော်တွေက ပျာပျာသလဲနဲ့ ဧကရာဇ်ကို ကြည့်လိုက်တယ်။ ဧကရာဇ်ကို မဟာနယ်စားမင်းရဲ့ ရင်ခွင်ထဲမှာ တွေ့လိုက်ရတဲ့အခါ သူတို့တွေဟာ နေရာမှာတင် မေ့လဲကြတော့မလိုပါပဲ။

“ဘယ်ကိုရောက်နေတာပါလဲ အရှင်မဘုရား။ ရုတ်တရက်ကြီး ပျောက်သွားတာ တွေ့လိုက်တော့ ကျွန်တော်မျိုးဖြင့် လန့်သွားတာပါပဲ…”

အာရန်က စိတ်မကောင်းကြောင်း ဖော်ပြဖို့အတွက် မျက်တောင်ခတ်လိုက်တယ်။ ဒါပေါ့ အရာအားလုံးရဲ့ တရားခံက အီနော့ခ်ပါ။ သူက အပြစ်ကိုဝန်ခံမှာမဟုတ်မှန်း အာရန်သိပါတယ်။

“နေလို့မကောင်းဘူးလား အရှင်မဘုရား။”

အာရန်ရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို တွေ့လိုက်ရတဲ့အခါ အပါးတော်မြဲက ပူပန်ကြောင့်ကြစွာ မေးလိုက်တယ်။

“အရှင်မဘုရားက ဥယျာဉ်ထဲမှာ လမ်းပျောက်နေတဲ့ပုံပဲ။”

အီနော့ခ်က ပြောလိုက်တယ်။

“အဲ့…အဲ့ဒါက ကျွန်တော်မျိုးအပြစ်ပါ။ ကျွန်တော်မျိုးက သေချာမရှာခဲ့မိပါဘူး။ အခုချက်ချင်း အရှင်မဘုရားကို အနားယူလို့ရအောင် စက်ရာဆောင်ဆီ ခေါ်သွားလိုက်တာ ကောင်းပါလိမ့်မယ် မဟာနယ်စားမင်း။”

ဖြူစင်အပြစ်ကင်းတဲ့ပုံစံလေးနဲ့ မျက်နှာပြောင်ပြောင် ခေါင်းညိတ်ဝံ့တဲ့ မဟာနယ်စားမင်းက အာရန့်ကို တင်းတင်းကျပ်ကျပ် ပွေ့ချီထားပြီး အာရန့်အိပ်ခန်းဆီ ဦးတည်သွားလိုက်တယ်။
အာရန်က သူ့မျက်နှာကို အကြောင်သား ကြည့်နေလိုက်မိတယ်။
နူးညံ့သိမ်မွေ့တဲ့ သူ့မျက်နှာက ပုံမှန်နဲ့အတူတူပဲဆိုပေမဲ့ သူ့ရဲ့ အေးစက်စက်မျက်ဝန်းတွေမှာတော့ ဒေါသကို တွေ့နေရတယ်။ သူ့ပါးပြင်က လက်သည်းရာတွေက မှေးမှိန်လာပြီဖြစ်ပြီး ထူးထူးခြားခြား မသိသာလှပါဘူး။
အာရန့်အိပ်ခန်းဆီ ရောက်တဲ့အချိန်အထိ သူက အာရန့်ကို စကားပြောခဲ့ခြင်းမရှိသလို အာရန့်ကို တစ်ချက်တောင် မကြည့်ခဲ့ပါဘူး။
အစေခံမိန်းကလေးတွေက အိပ်ခန်းတံခါးကို ဖွင့်လိုက်ကြတယ်။ ဘာကြောင့် မဟာနယ်စားမင်းက ဧကရာဇ်နဲ့ အတူရှိနေရသလဲဆိုတာကို ဘယ်သူမှ မေးခွန်းမထုတ်ခဲ့ကြပါဘူး။
လေးလံတဲ့တံခါးကြီး ပိတ်သွားတာကို ကြားလိုက်ရချိန်မှာ အာရန်က အကျင့်ပါနေတဲ့အတိုင်း ဆတ်ခနဲဖြစ်သွားခဲ့တယ်။ အဲ့ဒီနောက်မှာ အီနော့ခ်က သူ့ကို ငုံ့မိုးကြည့်လာခဲ့တယ်။ တခြားလူတွေအရှေ့မှာ တပ်ဆင်ထားလေ့ရှိတဲ့ သူ့ရဲ့ ယဉ်ကျေးပျူငှာမှု မျက်နှာဖုံးက ရှိမနေတော့ပါဘူး။
အာရန်တစ်ယောက် သူနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်နိုင်ဘဲ အကြည့်လွှဲလိုက်တယ်။ အီနော့ခ်က သူ့ကို အိပ်ရာထဲမှာထားဖို့ ပြင်လိုက်ပေမဲ့ အာရန်က ခေါင်းခါလိုက်တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now