ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၂၀ {ချစ်သူတို့ကြား ၂}
အီနော့ခ်တစ်ယောက် ဧကရာဇ်ရဲ့ ရုံးခန်းထဲကနေ ထွက်လာခဲ့တယ်။ သူ့ကို တွေ့လိုက်ကြသူတွေက မြန်မြန်လေး ဦးညွှတ်လိုက်ကြပြီး နီရဲရောင်ကိုင်းနေတဲ့ သူ့ရဲ့ပါးပြင်ကို မမြင်ချင်ယောင်ဆောင်ဖို့ အသည်းအသန် အားထုတ်ကြိုးပမ်းလိုက်ကြတယ်။ ဧကရာဇ် မဟာနယ်စားမင်းအပေါ် ဒေါသပေါက်ကွဲခဲ့တာကို သူတို့ ကြားခဲ့ရပြီး ဖြန်းခနဲ ရိုက်လိုက်တဲ့အသံကိုလည်း ရှင်းရှင်းလင်းလင်း ကြားခဲ့ရတယ်မဟုတ်ပါလား။
“အဆင်ပြေပါရဲ့လား အရှင်မဘုရား။”
မှူးမတ်တစ်ယောက်က ခပ်အမ်းအမ်းမျက်နှာထားနဲ့ မေးခဲ့တယ်။
“…”
အာရန် ဘာမှပြန်မပြောခဲ့ပါဘူး။
“အရှင်မဘုရားက ဒီနေ့ ရွှေစိတ်တော်ညိုနေတယ်။ အထူးဂရုစိုက်ကြ။”
ဘေးကကြည့်နေကြသူတွေကတော့ သွေးအေးပြီး ရက်စက်တတ်ပေမဲ့ အာရန်နဲ့ပတ်သက်လာရင် တည်ငြိမ်နူးညံ့နေတတ်တဲ့ အီနော့ခ်ရဲ့ အမူအကျင့်အကြောင်း သိချင်ကြလောက်တယ်ဆိုပေမဲ့ သူတို့က ဘာမှမပြောခဲ့ကြပါဘူး။ အီနော့ခ်ရဲ့ ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ပရိယာယ်ကြွယ် ပါးနပ်မှုက အင်ပါယာနန်းတော်နဲ့ အင်ပါယာကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ထိန်းသိမ်းထားတဲ့ အုတ်မြစ်မှန်း သူတို့ သိကြတယ်လေ။ မဟာနယ်စားမင်းက ဧကရာဇ်အနေနဲ့ ကူကယ်ရာမဲ့သလို ခံစားသွားရလောက်မဲ့ စကားမျိုး သွားပြောမိလို့ဖြစ်မယ်လို့သာ ခန့်မှန်းနိုင်ခဲ့ကြတယ်။
အီနော့ခ်က စင်္ကြံလျှောက်လမ်းအတိုင်း လျှောက်လာပြီး နီမြန်းရောင်ရမ်းနေတဲ့ သူ့ပါးပြင်သူ ထိလိုက်မိတယ်။ ဒီနေ့အဖြစ်အပျက်ကြောင့် အာရန်တစ်ယောက် လူအာရုံစိုက်ခံရလောက်မှာဖြစ်ပြီး အီနော့ခ်ကလည်း အထင်လွဲမှုကို ဖြေရှင်းဖို့ အစီအစဉ်မရှိပါဘူး။ အာရန် ပြင်ပလောကကြီးကနေ တစ်ယောက်တည်း ကွဲထွက်လာလေလေ၊ ပျော်စရာပိုကောင်းလေ ဖြစ်လာမှာမဟုတ်လား။
မကြာခင်မှာ အီနော့ခ်တစ်ယောက် နယ်စားမင်း ဆီးလက်စ်နဲ့ ဆုံလိုက်ရတယ်။
နယ်စားမင်းက သူ့မျက်နှာကိုကြည့်ပြီး တအံ့တဩ တုံ့ပြန်လိုက်တယ်။ မဟာနယ်စားမင်းက ဧကရာဇ်ကို ဒေါသထွက်အောင် လုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ သူလည်း ကြားထားတယ်ဆိုပေမဲ့ ဧကရာဇ်က မဟာနယ်စားမင်းကို ပါးရိုက်ခဲ့တဲ့ အဖြစ်ကိုတော့ သူ မသိခဲ့ပါဘူး။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...