ကြွေခလှည့်ပါ…မဘုရားမူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၄၅ {ကာကွယ်ပေးမယ် ၂}
“…နင်သာ သတ်စေချင်တယ်ဆိုရင်ပေါ့။”
အာရန်က မျက်ရည်တွေစီးကျရင်း ပြန်ဖြေခဲ့တယ်။
အီနော့ခ်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို အပြုံးမျိုး ပြုံးလိုက်တယ်။ အဲ့ဒီလို ဘာမှမဟုတ်သလို ပြောရအောင် သေခြင်းတရားဆိုတာဘာမှန်း ဒီမိန်းကလေး သိမှသိပါရဲ့လား။ ပိုးကောင်လေးတစ်ကောင်တောင် မဖမ်းဖူးဘဲနဲ့များ။“ငါ သူတို့ကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး။ ရာရာစစ သူတို့က…”
အာရန်က ပြတ်သားခိုင်မာစွာ ပြောခဲ့တယ်။ သူ့ရဲ့ သန္နိဋ္ဌာန်က ကလေးငယ်တစ်ယောက်ရဲ့ ဂျီကျညည်းညူမှုနဲ့ တူနေမှာကို ကြောက်မိခဲ့တယ်။
အီနော့ခ်က မင်းသမီးကို ရယ်စားပိုင်ခွင့်ရှိတဲ့ အခြေအနေမှာ မရှိပါဘူး။ အရင်က ဘာကြီးပဲဖြစ်ခဲ့ဖူးပါစေ၊ အခုအချိန်မှာ သူက အစေခံတစ်ယောက်သာ ဖြစ်တယ်လေ။ သူအရင်က လေ့ကျင့်ခဲ့တာတွေကို အသုံးချပြီး ပြန်တိုက်ခိုက်ရင်တောင်မှ အစေခံတွေက မျက်တောင်တစ်ချက်ခတ်မှာ မဟုတ်ပါဘူး။
တစ်ဖက်မှာတော့ ကလေးသာသာပဲရှိသေးတယ်ဆိုပေမဲ့ အာရန်က မင်းသမီးတစ်ပါး ဖြစ်နေဆဲပါ။ သူ့ရဲ့ ညည်းတွားစကားတွေကို ဘယ်တော့မှ ပေါ့ပေါ့လေး မမှတ်ယူကြပါဘူး။ သူက ပုန်ကန်သူရဲ့သားကို အရှင်ထားခဲ့တာလေ။
အီနော့ခ် စိတ်သောကများရပါတော့တယ်။ နဂိုကတည်းက သူ့မှာ အစေခံတွေနဲ့ တည့်အောင်နေဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခုအချိန်အထိ သူလုပ်ခဲ့သမျှက ရှင်သန်ဖို့ဆိုတဲ့ သူ့ရဲ့ စိတ်ပိုင်းဖြတ်ချက်အတိုင်း အလိုက်သင့်သွားနေခဲ့တာပါ။‘သူတို့ ငါ့ကို ဘယ်အချိန်အထိ နှောင့်ယှက်ကြမှာလဲ။ ငါကရော အဲ့ဒါကို ဘယ်လောက်ကြာအောင် သည်းခံနိုင်မှာလဲ။’
သွားချင်းကြိတ်လိုက်ချိန်မှာ ဂျိမ်းစ်ရဲ့ မျက်နှာကြီးက အတွေးထဲဝင်လာတော့တယ်။ အီနော့ခ် တိုးချဲ့ဆောင်ကို ပြန်ရောက်ရင် သူက စောစောတုန်းက မပြီးမြောက်လိုက်တဲ့ကိစ္စကို လက်စသတ်ဖို့ ကြိုးစားပါလိမ့်မယ်။ မင်းသမီးမှာ အဲ့ဒါတွေအားလုံးကို တားဆီးနိုင်စွမ်းရှိပါတယ်။
အာရန့်မျက်ရည်တွေက အီနော့ခ်ရဲ့ အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကျဆင်းသွားခဲ့တယ်။ ငန်ကျိကျိမျက်ရည်တို့က ပွင့်နေတဲ့ဒဏ်ရာတွေထဲ စိမ့်ဝင်သွားပြီး ယားကျိကျိ ဖြစ်လာတော့တယ်။ မင်းသမီးရဲ့ မျက်နှာသာပေးမှုလိုပဲ မနှစ်မြို့စရာ ခံစားချက်ပါ။
မင်းသမီးရဲ့လက်ကို ငှားသုံးလိုက်မယ်ဆိုရင် သူဟာ သာမန်အစေခံတစ်ယောက်လို ဘယ်တော့မှ နေနိုင်တော့မှာ မဟုတ်ပါဘူး။
သာမန်အစေခံတစ်ယောက်တဲ့လား။
အဲ့ဒီစကားလုံးကို စဉ်းစားကြည့်နေတဲ့ အီနော့ခ်တစ်ယောက် ခဏနေတော့ စုတ်သပ်လိုက်မိတယ်။ မင်းသမီးနဲ့ ပေါင်းပါများပြီး သူပါ တုံးသွားပြီထင်ပါရဲ့။ ဟိုးအစကတည်းကိုက သူဟာ ဘယ်သောအခါမှ သာမန်အစေခံတစ်ယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ သူသေဆုံးတဲ့အထိတိုင်အောင် အမြဲတမ်း “ပုန်ကန်သူ သစ္စာဖောက်ရဲ့သား” ဆိုပြီး နာမည်အတပ်ခံသွားရမှာပါ။
ဆုံးဖြတ်ချက်ကို မြန်မြန်ချလိုက်တော့တယ်။ အစကတည်းက ဒီလိုပဲဖြစ်သင့်တာပါ။ ၁၄နှစ်သမီးလေးအပေါ် မှီခိုရတာက သူ့အတွက် စိတ်ပျက်စရာပဲဆိုပေမဲ့ အာရန်က သူ့ရဲ့ တစ်ခုတည်းသော ဒိုင်းပါပဲ။
အီနော့ခ်က အာရန့်ကို ပြုံးပြလိုက်တယ်။“ဟုတ်တယ်။ သူတို့ကို ခွင့်မလွှတ်ပါနဲ့။ ကဲပါ၊ ကျွန်တော်မျိုးကို လွှတ်ပါဦး။”
အာရန်က အီနော့ခ်ရဲ့မျက်နှာကို အကြောင်သား ငေးကြည့်နေခဲ့တယ်။ မဟာနယ်စားမင်းအိမ်တော် ပျက်သုဉ်းသွားပြီးကတည်းက အီနော့ခ် ဒီလိုမျိုးရယ်တာ ဒါ ပထမဆုံးပါပဲ။ အဲ့ဒီအပြုံးကို တွေ့ရတဲ့အခါ အာရန်လေးက သူပြောသမျှ ဘာမဆို နားထောင်ချင်မိသွားခဲ့တယ်။
“ဟုတ်ပြီ။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင် စိတ်သက်သာရာရတဲ့အထိ သူတို့ကို အပြစ်ပေးမယ်။ အဲ့ဒါကြောင့် အရင်စားကြရအောင်။ နင် တော်တော်လေးလည်း ပိန်သွားတာပဲ။”
“ကျေးဇူးတင်ပါတယ်။”
အီနော့ခ်က အင်္ကျီပြန်ဝတ်လိုက်ပြီး စတင်စားသောက်ပါတော့တယ်။
****
Swara Webnovel Translation
ဒီဝတ္ထုကို StoryGlory website မှာ chapter 68 အထိ update ထားပြီးပါပြီ။
Wattpad မှာ တစ်ပတ်ချင်း စောင့်ပြီးမဖတ်ချင်တဲ့သူတွေက website မှာ chapter 50 အထိ free ဖတ်လို့ရတာမို့လို့ website မှာ သွားဖတ်နိုင်ပါတယ်။
Free chapter ဖတ်နည်းကိုတော့ chapter 12 မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...