ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၁၅ {အီနော့ခ် ၁}
[ဇာတ်ကြောင်းပြန်ခြင်း…]
အင်ပါယာရဲ့ ပထမဆုံးနဲ့ နောက်ဆုံး တော်ဝင်မင်းသမီးဖြစ်တဲ့ အာရန်ရို့ဒ် လီနစ္စတာတစ်ယောက် သူ့အိပ်ရာအောက်မှာ ဝှက်ထားတဲ့ အဝတ်အစားတွေကို ဆွဲထုတ်လိုက်တယ်။ သူနဲ့ အလုံးအရပ် မတိမ်းမယိမ်းတူတဲ့ အစေခံလေးတစ်ယောက်ကို ချော့မော့ပြောပြီး ရှပ်အင်္ကျီပွပွတွေနဲ့ ဘောင်းဘီရှည်အကျပ်တွေကို ရနိုင်ခဲ့တယ်လေ။
အစေခံလေးအတွက်တော့ ခြိမ်းခြောက်တဲ့သဘော သက်ရောက်သွားလောက်မယ်ဆိုပေမဲ့ အာရန်အတွက်ကတော့ တကယ့်စိတ်ရင်းနဲ့ပါ။
အာရန်က မှန်အရှေ့မှာ အဝတ်အစားတွေ လဲလိုက်ပြီး သူ့ရဲ့ ပလက်တီနမ်ရွှေရောင် ဆံပင်ရှည်တွေကို စုစည်းလိုက်တယ်။ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်လိုက်တယ်။ ယောက်ျားလေး အဝတ်အစားတွေဖြစ်ပြီး ကိုးလိုးကန့်လန့်ကြီး ဖြစ်နေပေမဲ့ သိပ်အဆိုးကြီးတော့ မဟုတ်လှပါဘူး။ အဲ့ဒါထက်…အာရန် အဲ့ဒါကို သဘောကျပါတယ်။ သူ နေ့တိုင်းဝတ်ဆင်ရတဲ့ ဝတ်စုံတွေထက် အများကြီး ပိုပြီးတော့ သက်သောင့်သက်သာရှိတယ်လေ။“ရပြီ။”
အာရန်က ခုတင်အောက်ကို တစ်ဖန် မွှေနှောက်ရှာလိုက်ပြန်ပြီး သစ်သားဓားနဲ့ စာအုပ်ကို ကိုင်ဆွဲလိုက်တယ်။ သူက သစ်သားဓားကို သတိနဲ့ ကိုင်ယူလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။ ဓားရဲ့အလေးချိန်ကြောင့် အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်သွားရင်းနဲ့ပေါ့။ အာရန် လဲကျလုနီးပါး ဖြစ်သွားခဲ့တယ်…ဒါပေမဲ့ သူ စိတ်မပျက်ခဲ့ပါဘူး။
သူက ဒီရက်ပိုင်းမှာ အင်ပါယာ စစ်သည်တော်တပ်ဖွဲ့ရဲ့ အမျိုးသမီးစစ်သည်တော်တွေကို အားကျနေတာလေ။ သူတို့တွေ အနက်ရောင် တူညီဝတ်စုံတွေဝတ်ပြီး ဓားထက်ထက်တွေကို ကျင်လည်စွာ ကိုင်တွယ်နေကြတာကို အာရန့်ခမျာ နေ့တိုင်းနေ့တိုင်း ခိုးခိုးကြည့်ခဲ့ရတာ အမောပါပဲ။
အားနည်းတဲ့ သူ့ခန္ဓာကိုယ်အကြောင်းမေ့ပြီး အာရန်တစ်ယောက် သူ့ကိုယ်သူ စစ်သည်တော်တစ်ယောက်အဖြစ် စိတ်ကူးတွေယဉ်ခဲ့မိတယ်။
တစ်ချိန်က သူ့အသက် ဆယ့်သုံးနှစ်ပြည့်တဲ့ မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် ဓားရေးသင်ပေးဖို့ ခမည်းတော်ကို တောင်းဆိုခဲ့ဖူးတယ်လေ။ သူ့ခမည်းတော်က သူ့ကို အလွန်တရာချစ်ပြီး အမြဲတမ်း သူတောင်းဆိုသမျှ လိုက်လျောပေးခဲ့ပေမဲ့ ဒီတစ်ခုကတော့…ဧကရာဇ်ခမျာ အာရန့်ကို ချော့မော့ဖျောင်းဖျခဲ့ရတာ မေ့လဲမတတ်ပါပဲ။ ဧကရာဇ်က အချည်းနှီး ငြင်းဖို့ကြိုးစားခဲ့ပေမဲ့ အာရန့်မျက်နှာထားလေးက သူ မျက်ကွယ်ပြုလိုက်လို့မရတဲ့ အရာဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ ဧကရာဇ်လည်း အာရန့်တောင်းပန်မှုကို လက်ခံလိုက်ရတော့တယ်။
သင့်တော်တဲ့အရွယ်ရောက်ရင် ဓားရေးသင်ရမယ်ဆိုပြီးတော့လေ။
ဒါပေမဲ့ အာရန့်မှာ အဲ့ဒီအရွယ် ရောက်တဲ့အချိန်အထိ စောင့်စားဖို့ စိတ်ကူးမရှိခဲ့ပါဘူး။
ဟုတ်ပြီလေ။
ဒီလိုဖြစ်လာပြီဆိုတော့ သူ့ဘာသာသူပဲ ဓားရေးကို လေ့လာရတော့မှာပေါ့။
အာရန်တစ်ယောက် ဓားကို ခါးမှာ ကြိုးနဲ့ချည်ထားပြီး ပြတင်းပေါက်ကနေတစ်ဆင့် အိပ်ခန်းထဲက အသာလစ်ထွက်ခဲ့တယ်။ သူ့အခန်းက သိပ်အမြင့်ကြီးမှာ ရှိမနေတာကိုပဲ ကျေးဇူးတင်မိရတော့တယ်။ မဟုတ်ရင် အိပ်ခန်းထဲကထွက်ဖို့ အခက်တွေ့ရလောက်မှာမဟုတ်လား။
မှောင်ရိပ်တွေထဲမှာ ပုန်းကွယ်ရင်း အာရန်တစ်ယောက် သူ နေ့ဘက်တွေမှာ ရှိနေချင်မိတဲ့ နေရာလေးဆီကို အမြန်သွားလိုက်တယ်။ အဲ့ဒီနေရာကို ရောက်တဲ့အခါ အာရန်က သူ့လက်မောင်းတွေအောက်မှာ ဝှက်ယူသယ်ဆောင်လာခဲ့တဲ့ ဖယောင်းတိုင်တွေကိုထုတ်ပြီး မီးညှိလိုက်တယ်။ အဲ့ဒီနောက် စာအုပ်ကိုဖွင့်လိုက်ပြီး စစ်သည်တော်ရဲ့ပုံကို ကြည့်လိုက်တယ်။ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း စစ်သည်တော်ရဲ့ ကိုယ်ဟန်ကို လိုက်တုကြည့်ပေမဲ့ ကြိုးပမ်းမှုအားလုံးက ကချော်ကချွတ်ပါပဲ။
ဒါပေမဲ့ အာရန် အရှုံးမပေးခဲ့ပါဘူး။
သစ်သားဓားကို လွှဲလိုက်တိုင်းမှာ အသက်ရှူမဝ ဖြစ်ရတဲ့အထိ သူ့အသက်ရှူနှုန်းက လေးလံသထက် လေးလံလာခဲ့တယ်။
ထပ်ပြီးရှေ့မဆက်နိုင်တော့တာကြောင့် အာရန်တစ်ယောက် သစ်သားဓားကို ဘေးဘက်ပစ်ချလိုက်ပြီး မြေပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေလိုက်တယ်။
ညကြီးမိုးချုပ်ဆိုပေမဲ့ အခုထိ လမသာသေးပါဘူး။ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေနဲ့အတူ သာတော့မယောင်ယောင်ရှိနေပေမဲ့ပေါ့။
ညလေညင်းလေးက ချွေးစို့နေတဲ့ အာရန့်နဖူးကို အေးသွားစေခဲ့ပြီး အာရန်က သူ့မျက်လုံးလေးတွေကို ကျေနပ်နှစ်သက်စွာ မှေးမှိတ်လိုက်တယ်။
အဲ့ဒီခဏမှာ ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရတယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...