ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၁ {ဧကရာဇ် ၁}
နေဝင်ရီတရောအခါကာလမှာ အမဲလိုက်ထွက်သူတွေဟာ သူတို့လိုက်ထားကြတဲ့ သားရဲကောင်တွေနဲ့အတူ ပြန်လာခဲ့ကြတယ်။ ပဲ့တင်ရိုက်ခတ်လာတဲ့ တပျော်တပါး ရယ်မောသံတွေ၊ စကားစမြည်ပြောသံတွေ၊ မြင်းခွာသံတွေနဲ့ သံထည်ချင်းရိုက်ခတ်သံတွေဟာ နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ဆူဆူညံညံ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလို့ထားခဲ့တယ်။
အရိပ်ရအောင်ဖန်တီးထားတဲ့ ခပ်ကျယ်ကျယ်နေရာမှာ ထိုင်နေသူ ဧကရာဇ်က မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။ ဘာမဟုတ်တဲ့ အပျော်သက်သက်အတွက် အမဲလိုက်ခြင်းကို မနှစ်မြို့ပေမဲ့လည်း ကြိတ်မှိတ် ထိုင်ကြည့်နေရသူပေါ့။ သားရဲကောင်တွေရဲ့အနံ့တွေ အနားကို ချဉ်းကပ်လာတာနဲ့အမျှ ဧကရာဇ်က အနည်းငယ် မူးဝေအော်ဂလီဆန်လာတဲ့ ခံစားချက်နဲ့ စိတ်ကိုတင်းထားလိုက်တယ်။
ဂုဏ်ပြုဖို့ထိုက်တန်တဲ့သူကို ခွဲခြားသတ်မှတ်ပြီး ပါဝင်ယှဉ်ပြိုင်သူတွေထဲကနေ အနိုင်ရသူဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရွေးချယ်ချီးမြှင့်ဖို့က ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တာမို့ သူ့ရှေ့တော်မှောက်ကို ရောက်လာကြတဲ့ မှူးမတ်တွေက သူတို့ဖမ်းမိလာကြတဲ့ သားရဲကောင်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ခင်းကျင်းပြသကြတော့တယ်။
ခဏကြာအောင် ဆွေးနွေးပြီးတဲ့နောက်မှာ အနိုင်ရသူဆုအတွက် ပြိုင်ပွဲဝင်ကို ရွေးချယ်လိုက်တယ်…မြို့စားကတော် ဖရန်စစ္စပေါ့။ သူက အနီရောင်သားမွေးရှိတဲ့ မြေခွေးကို ဖမ်းမိခဲ့တာပါ…ကျန်တဲ့သူတွေ ဖမ်းမိလာကြတာက ဧရာမ တောဝက်ကြီးတစ်ကောင်ရယ်၊ အရမ်းကို ရှားပါးလွန်းတဲ့ ငွေသမင်မျိုးစိတ်ရယ်၊ ပြီးတော့…
ဧကရာဇ်က နောက်ဆုံးပြိုင်ပွဲဝင်ဆီကနေ အကြည့်လွှဲလိုက်ပြီး မြေခွေးကို လက်ညှိုးညွှန်လိုက်တယ်။“ကြက်သွေးရောင်တောက်တောက်ကို ငါ တကယ် မျက်စိကျမိတယ်။ သားရေပေါ်မှာ ခြစ်ရာ နည်းနည်းပဲရှိတာက အမဲလိုက်သူရဲ့ အရည်အချင်းဟာ ပြောင်မြောက်တယ်ဆိုတဲ့ သက်သေပဲ။ အဲ့ဒါက ငြင်းမရတဲ့ အချက်တစ်ချက်ပေါ့။ မြို့စားကတော် ဖရန်စစ္စ မင်းက ဒီနှစ်ရဲ့ အနိုင်ရသူပဲ။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...