Chapter 17 (unicode)

2.9K 49 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၇ {အထွတ်အထိပ် ၁}

[ဇာတ်ကြောင်းပြန်ခြင်း…]

“…လာခဲ့ပေးတဲ့အတွက် ကျေးဇူးပါပဲ။”

အာရန်က ရှက်ကိုးရှက်ကန်းလေး ပြောလိုက်တယ်။

“အိမ်တော်ကနေ အင်ပါယာနန်းတော်အထိ လာဖို့ဆိုရင် ရက်တွေအများကြီး ကြာလောက်မှာကို။”

အီနော့ခ်က ခေါင်းညိတ်လိုက်တယ်။

“ကိစ္စမရှိပါဘူး။ ဪ ဧကရီအရှင်မက ဒါလေးပေးပေးဖို့ မှာလိုက်ပါတယ် အရှင်မင်းသမီး။ အရှင်မင်းသမီး အဲ့ဒါကို စားမှဖြစ်ပါမယ်တဲ့။”

အီနော့ခ်က အမှုန့်ကြိတ်ပြီးသားဆေးတွေ ထည့်ထားတဲ့ စက္ကူအိတ်သေးသေးလေးကို အာရန့်ဆီ ကမ်းပေးခဲ့တယ်။
အာရန်က မျက်နှာထားစူစူလေးနဲ့ ဆေးအိတ်ကို အမြန်ဆွဲယူလိုက်တယ်။

“ဆေးတွေမသောက်ချင်ပါဘူး…”

အီနော့ခ်က အာရန် ညည်းတွားပြောဆိုနေတာကို မကြားချင်ယောင်ဆောင်နေလိုက်တယ်။
အာရန်က သူ့ကို ခဏလောက် ကြည့်လိုက်ပြီးတော့ သတိလေးထားပြီး မေးလိုက်တယ်။

“ဟို…ဆေးတိုက်ပေးလို့ မရဘူးလားဟင်။”

“ခင်ဗျာ။”

အီနော့ခ်ရဲ့မျက်နှာ နီရဲသွားခဲ့တယ်။ ထင်မှတ်မထားတဲ့ အာရန်ရဲ့ တောင်းဆိုမှုကြောင့် သူ နည်းနည်းရှက်မိသွားခဲ့တယ်။ သူဟာလည်း မဟာနယ်စားမင်း ရော့ခ်ရဲ့ နယ်မြေနဲ့ ရော့ခ်အိမ်တော်ရဲ့ အရိုက်အရာခံ မှူးမတ်အနွယ်တော်သွေးတစ်ယောက်လေ။ သူ ဒီလိုအရာမျိုးတွေ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။

“ဟုတ်ကဲ့ပါ အရှင်မင်းသမီး။”

ဒါပေမဲ့ ဧကရီရဲ့ သတိပေးစကားကို ပြန်အမှတ်ရလိုက်ပြီးတဲ့နောက်မှာ အီနော့ခ်က စိတ်လိုလက်ရ ခေါင်းညိတ်လိုက်တယ်။
သူက ဆေးအိတ်ကို နည်းနည်းလေး နမော်နမဲ့နိုင်တဲ့လက်နဲ့ ဖွင့်လိုက်ပြီး အာရန့်ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။ အာရန်က အတွန့်တက်တာမျိုး မရှိခဲ့ပါဘူး။ သူ့ကို ဆေးတိုက်ဖို့ အစွမ်းကုန် အားထုတ်ကြိုးပမ်းခဲ့တဲ့ အီနော့ခ်အတွက် မတရားရာကျသွားမှာပေါ့။ အာရန်က အမြန်နှုန်းနဲ့ ဆေးတွေအကုန်ကုန်အောင် သောက်လိုက်တယ်။
အီနော့ခ် သူ့ကို ချီးကျူးလာပြီး သူက အဲ့ဒီအဖြစ်မှာ ပီတိဖြာသာယာမယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ လက်ရှိ သူ့အတွေးကို မသိတဲ့ အီနော့ခ်ကတော့ ဘာတစ်ခွန်းမှမပြောဘဲ သကြားလုံးကျွေးနေတဲ့အလား သူ့ပါးစပ်ထဲကို ဆေးတွေထပ်ထည့်ပေးခဲ့တယ်။
အာရန်တစ်ယောက် မျက်လုံးပြူးသွားခဲ့ပြီး အီနော့ခ်က အာရန် ပါးလေးဖောင်းသွားတာကိုမြင်တော့ ရုတ်တရက် ရယ်လိုက်တယ်။
အာရန့်ရင်ထဲ နွေးထွေးသွားခဲ့ရတယ်။ သူ ဘာကြောင့်ရယ်ရသလဲဆိုတာကို မသိပေမဲ့ အဲ့ဒါကို အာရန် သဘောကျပါတယ်။ သူ့ရဲ့ အပြုံးကို သဘောကျတယ်လေ။
အီနော့ခ်က အမှတ်တမဲ့ အာရန့်ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now