ကြွေခလှည့်ပါ…မဘုရားမူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၂၂ {နယ်စားမင်း ဆီးလက်စ် ၂}
နယ်စားမင်း ထွက်သွားပြီးတဲ့နောက်မှာ အာရန်တစ်ယောက် စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေနဲ့ ကျန်ရစ်နေခဲ့တယ်။ အီနော့ခ်က သူ့ဆန္ဒအတိုင်း ထောက်ခံပံ့ပိုးပေးမယ်လို့ ပြောခဲ့ပြီး ပေါ်တင်ဆန့်ကျင်တဲ့သူ သိပ်များများမရှိပေမဲ့ တချို့သော အဆင့်မြင့်မှူးမတ်တွေက ပြဿနာရှာဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား ရှိနေကြပုံပါပဲ။
အာရန်က သက်ပြင်းချလိုက်ပြီး နယ်စားမင်း ဆီးလက်စ် ထားသွားခဲ့တဲ့ စာရွက်စာတမ်းတွေကို ကြည့်လိုက်တယ်။
မာဂရေ့ဗ် ကလဲယာ့ဒ်၊ နယ်စားမင်း ဟက်စတန်၊ မားကီးစ် ဘီရွန်း…
စာရွက်ထဲမှာပါတဲ့ နာမည်တွေအားလုံးဟာ အင်အားရှိကြတဲ့ မှူးမတ်တွေချည်းပါပဲ။ အာရန်က နားထင်ကို ဖိလိုက်ပြီး နားချလို့ ရနိုင်ခြေရှိလောက်သူတွေနဲ့ နားချရတာ အခက်တွေ့ရမဲ့သူတွေကို ရွေးထုတ်လိုက်တယ်။
မာဂရေ့ဗ် ကလဲယာ့ဒ်ကတော့ နားချပြီး သူ့ဘက်ပါလာအောင် လုပ်လို့ရမဲ့သူပါ။ သူ့ကို အာရန် ကလေးဘဝကတည်းက သိလာခဲ့တာဖြစ်ပြီး နတ်ရွာစံ ဧကရာဇ်က သူ့ဖခင်ကို မကြာမကြာ ကူညီပေးခဲ့ဖူးတယ်လေ။ သူစိတ်ပြောင်းလာအောင် ကြိုးပမ်းကြည့်ရကျိုးနပ်လောက်မှာပါ။
နယ်စားမင်း ဟက်စတန်ကတော့ သူ့ရဲ့အရိုက်အရာခံအတွက် အိမ်ထောင်ဖက် ရှာနေသူပါ။ သင့်တော်ပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ အိမ်တော်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်ဆိုတဲ့ အချက်နဲ့ ညှိနှိုင်းစေ့စပ်လို့ ရနိုင်လောက်ပါတယ်။
ပြီးတော့…
စာရင်းထဲမှာ မားကီးစ် ဘီရွန်းရဲ့ နာမည်ကို တွေ့လိုက်ရချိန်မှာ အာရန့်မျက်နှာ ညိုလာတော့တယ်။ သူက ခက်ထန် အဆိပ်ပြင်းပြီး အတူအလုပ်တွဲလုပ်ရတာ လက်ပေါက်ကတ်တဲ့လူပါပဲ။ သူက အာရန့်အပေါ် ရန်လိုကြောင်းပြဖို့ တုံ့ဆိုင်းမနေတတ်ဘူးလေ။ နယ်စားမင်း ဆီးလက်စ်ကတော့ သူ့ကို ဖျောင်းဖျပေးမယ်လို့ သဘောတူခဲ့ပေမဲ့ နယ်စားမင်းကိုယ်တိုင်တောင်မှ ရလဒ်နဲ့ပတ်သက်ပြီး မရေမရာရှိနေတာပါ။ သူ့အစီအစဉ်က ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတာ သူလည်း သေချာမသိပါဘူး။
မားကီးစ် ဘီရွန်းကို စိတ်ပြောင်းအောင် မလုပ်နိုင်ဘူးဆိုရင် အာရန့် အစီအစဉ်တွေက သဲထဲရေသွန် ဖြစ်သွားမှာပါ။ မှူးမတ်တွေ အာရန့်ဆန္ဒကို လက်ခံခဲ့ကြတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အာရန် ခဏငှားယူသုံးစွဲခဲ့တဲ့ မဟာနယ်စားမင်းရဲ့ အာဏာကြောင့်ပါပဲ။ သူတို့တွေ နောက်ဆုံးမှာ အီနော့ခ်ရဲ့ဆန္ဒကို လက်ခံကြလိမ့်မယ်ဆိုပေမဲ့ တုံ့ပြန်ဆန့်ကျင်လာမှာမဟုတ်ဘူးလို့တော့ မဆိုလိုပါဘူး။
အာရန်က သူ့လက်ဖဝါးသူ ကြည့်လိုက်ပြီး အကျင့်ဆိုးတစ်ခုအလား သူ့နှုတ်ခမ်းသူ ကိုက်လိုက်တယ်။ သူ့လက်က ကျဉ်စူးစူးဖြစ်နေတာကို ခံစားမိနေဆဲပါ။
သူ စိတ်ဆိုးသွားသလား။ သူ့ဆုံးဖြတ်ချက်သူ ပြန်ပြင်လောက်မလား။
အာရန် ဒါကို ကောင်းကောင်းသိပါတယ်…အီနော့ခ်သာမရှိရင် သူက အင်အားမရှိတဲ့ ဧကရာဇ်တစ်ပါးထက် မပိုဘူးဆိုတာကိုပေါ့။ သူက ခနော်ခနဲ့အခြေအနေမှာ ရှိနေတာပါ။ အာရန် အီနော့ခ်ကို အရိုးထဲထိအောင် မုန်းတီးစက်ဆုပ်ပေမဲ့ သူ့မှာ တခြားရွေးချယ်စရာမရှိဘဲ အီနော့ခ်ကိုပဲ မှီခိုအားထားနေရတယ်လေ။
လေးလံနေတဲ့စိတ်နဲ့ပဲ အာရန်က မာဂရေ့ဗ် ကလဲယာ့ဒ်နဲ့ နယ်စားမင်း ဟက်စတန်ဆီ စာတွေရေးလိုက်တယ်။ ဧကရာဇ်တစ်ပါးအနေနဲ့ မှူးမတ်တွေကို စိတ်ပြောင်းအောင်လုပ်ဖို့ ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေးအရ စာရေးတာဟာ တော်တော်လွန်တယ်ဆိုပေမဲ့…အာရန့်ခမျာ ကူကယ်ရာမဲ့နေပြီး တခြားဘာလုပ်ရမှန်းလည်း မသိခဲ့ပါဘူး။
စာနှစ်စောင် ရေးပြီးတဲ့နောက်မှာ အာရန်က အဲ့ဒီစာတွေကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ်စာရွက်တစ်ရွက် ဆွဲထုတ်လိုက်တယ်။ အရှေ့က စာနှစ်စောင်က မလွယ်ဘူးဆိုပေမဲ့ ဒီတစ်ခုကတော့ တော်တော်လေးကို ခက်ခဲလှတယ်လေ။
နောက်ဆုံးတော့ အာရန် မားကီးစ် ဘီရွန်းဆီကို စာမရေးနိုင်ခဲ့ပါဘူး။
မားကီးစ်နဲ့ တစ်သက်လုံး ပဋိပက္ခမဖြစ်အောင် ရှောင်ရှားလို့မရမှန်း အာရန် သိပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်က မားကီးစ်ကိုရှောင်ဖို့ ပြောနေခဲ့တယ်လေ။ နယ်စားမင်း ဆီးလက်စ် မားကီးစ်ကို ဖျောင်းဖျနိုင်ပါစေလို့သာ အာရန် မျှော်လင့်နေရတော့တယ်။
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...