Chapter 56 (unicode)

1.5K 30 10
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၅၆

အာရန်က ချွေးစေးပြန်လျက် အိပ်မက်ကနေ နိုးလာခဲ့တယ်။ ပြီးတော့ ဘေးဘက်ကို အလိုလို ကြည့်မိလိုက်တယ်။ အဲ့ဒီမှာ ဘယ်သူမှ ရှိမနေတဲ့အခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်တယ်။ အတိတ်က အိပ်မက်တွေဟာ သူ့ကို တစ်ချိန်လုံး နှိပ်စက်နေခဲ့တာပါ။ ပြီးတော့ အဲ့ဒီအချိန်ကို အတူတူမျှဝေကုန်ဆုံးခဲ့တဲ့ မဟာနယ်စားမင်းကို တွေ့မြင်ရတာက ပိုလို့တောင် နာကျင်ရပါတယ်။
အာရန်က အိပ်ရာဘေးမှာရှိတဲ့ စားပွဲဆီ ခဲရာခဲဆစ် လက်လှမ်းလိုက်တယ်။ လက်ထဲမှာ ခေါင်းလောင်းလေးကို ကိုင်မိလိုက်တယ်။ ခေါင်းလောင်းတီးလိုက်တယ်ဆိုရင်ပဲ ခဏနေတော့ အစေခံမိန်းကလေးတစ်ယောက် ဝင်လာခဲ့တယ်။

“ရေသောက်ချင်တယ်။”

“ရေယူလာခဲ့ပေးပါ့မယ်။”

အစေခံမိန်းကလေးက ပြန်ထွက်သွားခဲ့တယ်။ အာရန်က ပိုးတုံးလုံးတစ်ကောင်လို စောင်ကို တင်းတင်းပတ်ခြုံလိုက်ပြီး မျက်လုံးတွေကိုမှိတ်လိုက်တယ်။ ပြန်အိပ်ပျော်သွားချိန်မှာ တံခါးပွင့်လာခဲ့တယ်။ အစေခံမိန်းကလေး ရေယူပြီးပြန်လာပြီထင်ပါရဲ့။

“ငါ့ကို ထူပေးပါဦး။”

အိပ်ချင်မူးတူးဖြစ်နေတဲ့ အာရန်က မျက်လုံးတောင်မဖွင့်ဘဲ ခိုင်းလိုက်တယ်။ သူ့မျက်ခွံတွေက ပေါင်ချိန်ထောင်ချီသလို လေးလံနေတာပါ။ တော်သေးလို့ ဒီနေ့လယ်မှာ အသေးအဖွဲကိစ္စလေးတွေကလွဲပြီး လုပ်စရာမရှိတာကြောင့် နည်းနည်းလောက် အချိန်ဆွဲလည်း ရလောက်ပါတယ်လေဆိုပြီး တွေးမိခဲ့တယ်။
အစေခံမိန်းကလေး အနားလျှောက်လာပြီး ဖန်ခွက်ကို ချလိုက်တဲ့အသံ ကြားလိုက်ရတယ်။ အမျိုးသမီးတစ်ယောက်အတွက်ဆို သူ့ခြေသံတွေက တော်တော်ကို လေးလံနေပေမဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ အာရန်ကတော့ အဲ့ဒါကို သတိမထားမိခဲ့ပါဘူး။ ခဏနေတော့ ရင်းနှီးနေတဲ့လက်က သူ့လည်တိုင်နဲ့ ပခုံးတွေကို ပင့်ထူပေးခဲ့တယ်။
သူ့လက်တွေက အရမ်းကြီးပြီး သန်မာအားကောင်းမှန်း နောက်ကျမှ အာရန် သိလိုက်ရတယ်။ သိပ်လန့်သွားတာကြောင့် မျက်လုံးပါပွင့်သွားခဲ့တယ်။ မဟာနယ်စားမင်းရဲ့မျက်နှာက လက်မလေးတင် နီးနီးကပ်ကပ် ရှိနေတာပါ။ မျက်လုံးချင်းဆုံလိုက်တယ်ဆိုရင်ပဲ အာရန်ရဲ့ အိပ်ချင်စိတ်က ပျောက်သွားတော့တယ်။
အသားအရေက နည်းနည်းပိုညိုပြီး မေးရိုးပိုချွန်လာတာကလွဲလို့ သူ့ရဲ့ပုံစံက အရင်ကထက် ဘာမှသိပ်ပြောင်းလဲသွားတာမျိုး မရှိပေမဲ့ အခု သူ့ရဲ့ရုပ်သွင်မှာ စိတ်ထိခိုက်လွယ်ပြီး အနည်းငယ်အန္တရာယ်ရှိတဲ့ အစေခံကောင်လေးရဲ့ရုပ်သွင်ကို ပြန်တွေးဆပုံဖော်ကြည့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ နှစ်ယောက်ဝေးကွာခဲ့ရတဲ့ သုံးနှစ်တာအတွင်းမှာ သူ ဘာတွေကြုံတွေ့ဖြတ်သန်းခဲ့ရသလဲဆိုတာကို အာရန် မှန်းဆကြည့်လို့တောင် မရခဲ့ပါဘူး။
ရှိန်ချင်စရာခံစားချက်ကြောင့် သူ ဘာမှမလုပ်ဘဲနေတာတောင်မှ အာရန် အင်မတန် တုန်လှုပ်မိခဲ့တယ်။ မဟာနယ်စားမင်းက အာရန့်အမူအရာကို မမြင်တဲ့အလား ရေခွက်ကို သူ့နှုတ်ခမ်းဆီ တည်တည်ငြိမ်ငြိမ် တေ့ပေးခဲ့တယ်။ အမှန်တော့ အာရန့်မှာ ငြင်းခုံစကားများနေဖို့ရာလည်း အားမရှိတော့ပါဘူး။
ရေတိုက်ပြီးတဲ့နောက်မှာ မဟာနယ်စားမင်းက အာရန့်ကို တစ်ခါပြန်ပြီး လဲလျောင်းစေခဲ့တယ်။ သူ့ရဲ့ တည်တည်တင်းတင်းမျက်နှာကို ကြည့်မိတဲ့အခါ မနေ့ညက အဖြစ်အပျက်အားလုံးဟာ အိပ်မက်တစ်ခုအလား အလှမ်းဝေးဝေးမှာ ရှိခဲ့သလိုပါပဲ။ ဒါပေမဲ့ နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်က အင်မတန် လက်တွေ့ဆန်လွန်းခဲ့တယ်။
မဟာနယ်စားမင်းက အာရန် ဘာတွေတွေးနေသလဲဆိုတာကို သိချင်တဲ့အလား အာရန့်မျက်နှာကို ဘာမှမပြောဘဲ အကြာကြီး ငေးကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ရုတ်တရက် သူက လက်ဆန့်တန်းပြီး အာရန့်မေးစေ့လေးကို ထွေးဆုပ်လာခဲ့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now