ကြွေခလှည့်ပါ…မဘုရား
မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee****
အခန်း ၃၀ {ဇနီးမယား ၂}
အဲ့ဒီအသံက နောက်တစ်ခါ ထပ်ပြောပြီးတော့မှပဲ အာရန် သတိဝင်လာပြီး နောက်ကျသွားမှ ခေါင်းထောင်ကြည့်လိုက်မိတယ်။ သူကတော့ နယ်စားမင်း ဆီးလက်စ်ပါပဲ။ အာရန် နည်းနည်း စိတ်သက်သာရာရသွားခဲ့တယ်။ သူ့အနားမှာ အာရန် စိတ်ကသိကအောက် ဖြစ်ရပေမဲ့ ဟန်ဆောင်ပန်ဆောင်လေးတောင် စိတ်ရင်းကို ဖုံးကွယ်ခြင်းမရှိတဲ့ တခြားမှူးမတ်တွေထက်စာရင် သူက ပြောဆိုဆက်ဆံရ ပိုလွယ်ပါသေးတယ်။
“အားနာပါရဲ့။ တခြားကို စိတ်ရောက်မိသွားလို့။ ဘာများအလိုရှိလို့လဲ နယ်စားမင်း။”
“ဂုဏ်ပြုပါတယ် အရှင်မဘုရား။”
“ကျေးဇူးတင်ပါတယ်။”
အာရန်က အသာအယာ ခေါင်းညိတ်လိုက်တယ်။
နယ်စားမင်း ဆီးလက်စ်က ပြုံးလိုက်တယ်။
အီနော့ခ်ကို မျက်နှာချိုသွေးနေကြတဲ့ အမျိုးသမီးတွေရဲ့ မျက်လုံးတွေက ဒီတစ်ခါတော့ နယ်စားမင်း ဆီးလက်စ်ဆီ ကျရောက်လာကြတော့တယ်။ အီနော့ခ်ရဲ့ ကျော်ကြားမှုကြောင့် အရိပ်ဖုံးခံရတယ်ဆိုပေမဲ့ နယ်စားမင်း ဆီးလက်စ်ဟာလည်း ချောမောတဲ့ ယောက်ျားတစ်ယောက်ပါ။ အီနော့ခ်ရဲ့ ယောက်ျားပီသမှုနဲ့ယှဉ်လိုက်ရင် သူက ပိုနူးညံ့သိမ်မွေ့ပြီး စာသမားပေသမားဆန်တဲ့ ယောက်ျားတစ်ယောက်ပေါ့။“အချိန်ကုန်တာ မြန်တယ်နော် အရှင်မဘုရား။ တစ်နှစ်တောင်ရှိသွားခဲ့ပြီ။”
“အမှန်ပဲ။”
အာရန်က နယ်စားမင်းရဲ့စကားကို သဘောမတူနိုင်ခဲ့ပါဘူး။ သူ့အတွက်တော့ တစ်နှစ်ဆိုတာ သူ နေထိုင်လာခဲ့တဲ့ နှစ်တွေအားလုံးထက် ပိုပြီးရှည်ကြာသလို ခံစားရတယ်လေ။ တစ်နှစ်ပဲရှိသေးပေမဲ့ ဒီလိုနေ့ရက်မျိုးတွေ နောက်ထပ် ဘယ်လောက်ကြာအောင်များ ဆက်ပြီးကုန်ဆုံးရဦးမှာလဲဆိုတဲ့ အတွေးနဲ့ မွန်းကျပ်နေရင်း သူ့ခမျာ ပင်ပန်းနွမ်းနယ်လှပါပြီ။
“အရှင်မဘုရားက အခုတလော ဒီလိုစားသောက်ပွဲတွေကို သိပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်မရှိသလိုပဲ။”
YOU ARE READING
ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]
Romance[🚨Warning - R-19🚨] ဒါက physically, psychologically, emotionally ထောင့်ပေါင်းစုံက dark ဖြစ်တဲ့ ဝတ္ထုပါ။ ဒီဝတ္ထုမှာ male lead က ရက်စက်တဲ့ဇာတ်ကောင်ဖြစ်ပြီး female lead က abuse လုပ်ခံရတဲ့ victim ပါ။ တချို့တွေအတွက် sensitive ဖြစ်နိုင်လောက်တဲ့ ဇာတ်ဝင်ခန...