Chapter 13 (unicode)

2.9K 57 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၃ {သစ္စာတော်ခံ ကျေးကျွန်တော်မျိုး ၁}

“မဟာနယ်စားမင်း။”

မားကီးစ် ကီလွန်က ကြောင်အမ်းအမ်းနဲ့ အီနော့ခ်ကို ကြည့်လိုက်တယ်။
အီနော့ခ်က သူ့ကို လျစ်လျူရှုထားလိုက်တယ်။ သူ့ရဲ့ သွေးလိုနီတဲ့ မျက်လုံးတွေကို အာရန့်တစ်ယောက်စီမှာသာ စူးစိုက်ထားရင်းပေါ့။

“အရှင်မဘုရား ကျွန်တော်မျိုးပေးဖို့ရှိနေတဲ့ အခွန်ငွေတွေအတွက် ဒဏ်ငွေပေးဆောင်ဖို့ ဆန္ဒရှိပါတယ်။”

အီနော့ခ်က ထပ်ပြောခဲ့တယ်။
အာရန့်မျက်လုံးတွေ လက်ခနဲတောက်သွားပြီး သူက ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့တယ်။ အကြည့်ချင်းဆုံသွားချိန်မှာ အီနော့ခ်ရဲ့ နှုတ်ခမ်းတွေက နူးညံ့တဲ့အပြုံးတစ်ခုအသွင်ပေါ်လာခဲ့တယ်။ သူက ဧကရာဇ်နန်းတက်စဉ်ကတည်းက သစ္စာစောင့်သိလာခဲ့တာဖြစ်ပြီး ဧကရာဇ်ရဲ့အမိန့်တော်အတိုင်း အမြဲလိုက်လျောညီထွေဖြစ်အောင်နေပြီး အသိအမှတ်ပြု လက်ခံခဲ့သူပါ။

“ကျွန်တော်မျိုးက အရှင်မဘုရားရဲ့ ဆန္ဒအတိုင်း အမြဲတမ်း လိုက်နာသွားပါ့မယ်။”

လျှပ်တစ်ပြက်အတွင်းမှာ အခြေအနေက ပြောင်းပြန်လှန်သွားတော့တယ်။ အချိန်မရွေး ဧကရာဇ်ရဲ့ လည်ပင်းကိုခဲဖို့ စုဝေးချောင်းမြောင်းနေကြတဲ့ မှူးမတ်တွေခမျာ အီနော့ခ်ရဲ့ ကြေညာချက်အောက်မှာ ခေါင်းလေးတွေငုံ့ပြီး အမြီးလေးတွေ တနှံ့နှံ့ ဖြစ်ကုန်ကြတယ်။
အဖြစ်အပျက်ကို ဘေးကနေ အသာကြည့်နေခဲ့တဲ့ နယ်စားမင်း ဆီးလက်စ်က သူ့ရဲ့ စိတ်ထဲကအတွေးကို ဖုံးကွယ်လိုက်တယ်။

‘အခုထိ အဲ့ဒီ နွေးထွေးဖော်ရွေတဲ့ ခင်ပွန်းလောင်းလို နေနေတုန်းပဲလား မဟာနယ်စားမင်း။’

နယ်စားမင်း ဆီးလက်စ်က အဲ့ဒါကို စိတ်ဝင်စားစရာပဲလို့ တွေးလိုက်မိတယ်။ သူက ဧကရာဇ်ရဲ့ မျက်နှာထားကို ကြည့်လိုက်တယ်။ သူ့ကို ကယ်တင်ပေးခဲ့တဲ့ မဟာနယ်စားမင်းကို ဧကရာဇ်က ကျေးဇူးတင်စကား တစ်ခွန်းတစ်ပါဒမျှ မပြောဘဲ ခပ်တုံ့တုံ့သာ ခေါင်းတစ်ချက်ဆတ်ပြခဲ့တယ်။
အဲ့ဒီလိုအပြုအမူကပဲ ဧကရာဇ်ဟာ မှူးမတ်ဂိုဏ်း အကြီးအကဲဖြစ်တဲ့ မဟာနယ်စားမင်းကို အငြိုးအတေးစိတ်နဲ့ ဆက်ဆံပါတယ်ဆိုပြီး မှူးမတ်တွေကြား ပြောနေကြတဲ့ ဧကရာဇ်ရဲ့ ဂုဏ်သတင်းအပေါ် အဓိကသက်ရောက်နေခဲ့တာပေါ့။
အသက်ငါးဆယ်ကျော်ပိုကြီးတဲ့ မားကီးစ် အဘိုးကြီးဆီ ရောင်းစားမခံရခင် လက်မလေးတင်မှာ မဟာနယ်စားမင်းက သူ့ကို အာဏာရဲ့နေရာဖြစ်တဲ့ ရာဇပလ္လင်ပေါ်မှာ တိုင်းပြည်ဦးသျှောင်အဖြစ် နန်းတင်ပေးခဲ့တာပါ။ ဝံပုလွေတွေလို မှူးမတ်တွေရဲ့ မျက်လုံးထဲမှာတော့ ဧကရာဇ်က မဟာနယ်စားမင်းရဲ့ ကြင်နာထောက်ထားမှုကို ကျေးဇူးမတင်ဘဲ ဘာမဟုတ်တဲ့အရာလို အလေးမထားဘဲနေတယ်လို့ ထင်စရာပေါ့။ မဟာနယ်စားမင်းရဲ့ တစ်ယူသန် သစ္စာခံတွေဆိုရင် ဧကရာဇ်ကို ကြိုးပေးစီရင်ပြီး မဟာနယ်စားမင်းကပဲ ထီးနန်းသိမ်းပိုက်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့တောင် တစ်ခါတုန်းက ပေါ်တင်ထုတ်ပြောခဲ့ကြဖူးတာပါ။ မဟာနယ်စားမင်းက သူတို့ရဲ့စကားကို သက်သက်ညှာညှာနဲ့ လက်မခံခဲ့တာကြောင့် ကြီးလေးတဲ့ အပြစ်ပေးမှုကြီး ဖြစ်ခဲ့ရတော့တာပေါ့။
ဒါပေမဲ့ နယ်စားမင်း ဆီးလက်စ်ကတော့ ဧကရာဇ်ရဲ့ အတွေးစတွေကို နားလည်ပါတယ်။ သူက သွေးစွန်းတဲ့ လက်ထပ်ပွဲလို့ အများသိကြတဲ့ အဖြစ်အပျက်ကို ပြန်တွေးလိုက်မိတယ်။ အာရန်ရို့ဒ် လီနစ္စတာနဲ့ မားကီးစ် မက်စ်ဝဲလ်တို့ရဲ့ လက်ထပ်ပွဲကို တက်ရောက်ခဲ့တုန်းက အဓိကရုဏ်းအကြီးကြီး ဖြစ်ခဲ့တဲ့ အဲ့ဒီနေ့ကို နယ်စားမင်း ဆီးလက်စ် အမှတ်ရလိုက်မိတယ်။ တော်ဝင်မိသားစုတွေရဲ့ အသက်မဲ့စွာငြိမ်သက်နေတဲ့ အလောင်းတွေ စကျင်ကျောက် ကြမ်းခင်းပေါ်မှာ ပြန့်ကျဲနေပြီး သူတို့ရဲ့သွေးအိုင်တွေ အတူတူရောစပ်နေတဲ့ မြင်ကွင်းကို သူ မြင်ခဲ့ရတယ်လေ။
နယ်စားမင်း ဆီးလက်စ် ကြက်သီးထမိသွားခဲ့တယ်။
အဲ့ဒီနေ့က ဧကရာဇ်နဲ့ မဟာနယ်စားမင်းကြားမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို သူ အသေးစိတ်ကျကျ မသိရသလို ဧကရာဇ်တစ်ယောက် မဟာနယ်စားမင်းကို မြင်လိုက်တိုင်း ဘာကြောင့် ဆတ်ခနဲ တုန်သွားတတ်ရသလဲဆိုတာကို သူ နားမလည်နိုင်ခဲ့ပါဘူး။
အခြေအနေက ဘယ်လိုပဲရှိရှိ မဟာနယ်စားမင်းရဲ့ ပံ့ပိုးမှုနဲ့ ဧကရာဇ်က သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပြီမဟုတ်ပါလား။ မှူးမတ်တွေကတော့ သူတို့ရဲ့ နယ်မြေစည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တဲ့ ဧကရာဇ်ရဲ့အမြင်ကို စက်ဆုပ်ကြတယ်ဆိုပေမဲ့ပေါ့။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now