Chapter 52 (unicode)

2.1K 28 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၅၂

အာရန်က မိုးရွာနေတာကြောင့် အမြင်မှားတာဖြစ်မှာပါလို့ တွေးလိုက်မိတယ်။ ဒါပေမဲ့ မျက်လုံးကိုမှိတ်ပြီး ပြန်ဖွင့်လိုက်ချိန်မှာတောင် အားလုံးက အတူတူပါပဲ။

“မကြည့်နဲ့။”

သူ့အနောက်မှာတော့ အီနော့ခ်က သူ့မျက်လုံးတွေကို အုပ်ကွယ်ဖို့ ကြိုးစားခဲ့တယ်။ အာရန်က သူ့လက်ကနေ ရုန်းထွက်​ပြီး ပြေးသွားခဲ့တယ်။

“မယ်မယ်၊ ခမည်းတော်။”

အဲ့ဒီနောက် နှစ်ခါပြန်မတွေးဘဲ မိဘနှစ်ပါးရဲ့ မြင်းရထားဆီ ပြေးပါတော့တယ်။ ဇက်ကြိုးလွတ်သွားလို့ သောင်းကျန်းကုန်ကြတဲ့ မြင်းတွေကိုတောင် မမြင်နိုင်ခဲ့ပါဘူး။
သူ့ကို ဖမ်းဖို့ကြိုးစားတဲ့ ကိုယ်ရံတော်တွေကြားထဲကနေ ကျဉ်းတိကျဉ်းကျပ် တွန်းတိုက်လမ်းဖောက်ထွက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ မြင်းရထားဆီ ကပ်လာနိုင်ခဲ့တယ်။ အထဲကနေ ညည်းသံသဲ့သဲ့ကို ကြားနေရတယ်။ အဲ့ဒါကတော့ ဧကရာဇ်ရဲ့အသံပါ။

“ခဏလေးပဲ စောင့်ပေးပါ ခမည်းတော်။”

သမီးမှန်း သိလိုက်တဲ့ ဧကရာဇ်က သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေတာတောင် လက်ခါပြခဲ့တယ်။

“မဖြစ်ဘူး၊ ပြန်သွားတော့၊ အာရန်…”

ဒါပေမဲ့ သတိလက်လွတ်ဖြစ်နေခဲ့တဲ့ အာရန့်နားထဲကို ခမည်းတော်ရဲ့ စိုးရိမ်တကြီး အော်သံက တိုးမပေါက်ခဲ့ပါဘူး။ အာရန်က မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး ရှိသမျှ အားကုန်သုံးပြီးတော့ မြင်းရထားတံခါးကို ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့ ပျက်စီးနေတဲ့တံခါးက တစ်ချက်မလှုပ်ခဲ့ပါဘူး။
ဧရာမ မြင်းကြီးက အာရန့်ဆီ ပြေးလာခဲ့တယ်။ နောက်ကျမှ သိလိုက်ရချိန်မှာ အာရန်တစ်ယောက် တောင့်တောင့်ကြီးနဲ့ မလှုပ်မယှက်ရှိနေပါတော့တယ်။
မျှော်လင့်ချက်မဲ့တဲ့ အခိုက်အတန့်မှာ တစ်စုံတစ်ယောက်က အာရန့်ကို ပွေ့ဖက်ပြီး ဘေးဘက်ကို လှိမ့်ချလိုက်တယ်။ စိတ်ရိုင်းဝင်နေတဲ့မြင်းက အဲ့ဒီလူရဲ့ကျောပြင်ကို ကန်ခဲ့တယ်။ အာရန်က ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်တယ်။ မှင်တက်နေတဲ့ သူ့ကို အီနော့ခ်က မေးခဲ့တယ်။

ကြွေခလှည့်ပါ...မဘုရား [ဘာသာပြန်]Where stories live. Discover now