Chapter 1

3.7K 176 0
                                    

အခန်း ၁ - စာအုပ်တွင်းသို့ ကူးပြောင်းခြင်း
  
ချင်လင်လင်သည် အပြင်ဘက် ကောင်းကင်ကို လှမ်းကြည့်လိုက်ရာ မှောင်နေသေးဆဲဖြစ်၏။ ကုတင်ပေါ်မှထရန် ကြိုးပမ်းလိုက်ရင်း နားထင်နှစ်ဖက်ကို ပွတ်သပ်ကာ စိတ်ထဲကနေ သက်ပြင်းချလျက် အိပ်ရာမှထ၍ အပြင်သို့ ထွက်လိုက်သည်။
  
ယိုင်နဲ့ယိုယွင်းနေသော အဝါရောင်ရွှံ့အုတ်အိမ်ရှေ့တွင် မြေထည်အိုးကြီးတစ်လုံးရှိသည်။ တောင်ကျ‌ရေက ဝါးလုံးခေါင်းမှတစ်ဆင့် စီးကျနေပြီး အိုးထဲတွင် ရေပြည့်သွားသောအခါ မြောင်းထဲသို့ စီးကျသွားလေသည်။
  
ချင်လင်လင်က ခေါင်းငုံ့ကာ ရေတစ်ခွက်ခပ်ယူလျက် သူ့ကိုယ်သူနိုးကြားလာစေရန် မျက်နှာကို ဦးစွာဆေးကြောသန့်စင်လိုက်သည်။
  
မှောင်မိုက်နေသော ကောင်းကင်အောက်တွင် ချင်လင်လင်သည် ရေပေါ်တွင်ပေါ်လျက် လှုပ်ရမ်းနေသော မျက်နှာပုံရိပ်ကို ကြည့်လိုက်ပြီး တို့ထိလိုက်၏။ သူ(မ)၏ လက်များသည် ကြမ်းတမ်းနေပြီး သူ၏ မျက်နှာသည်လည်း ညိုမည်းနေလျက်သား။
  
ဤသည်ကား သူ မပိုင်သော မျက်နှာဖြစ်ပြီး ဒီခန္ဓာကိုယ်ကလည်း သူနှင့်မသက်ဆိုင်ပါပေ။

ဤကိစ္စရပ်တွေက လွန်ခဲ့သော သုံးရက်လောက်က စတင်ခဲ့ခြင်းပင်။
  
လွန်ခဲ့သည့် သုံးရက်က သူသည် ကုမ္ပဏီငယ်တစ်ခု၏ လက်ထောက်ဒါရိုက်တာတစ်ဦးသာဖြစ်ပါ၏။ သူဟာ နှစ်ကုန်အလုပ်အချိန်ဇယားများနှင့်
ပိနေခဲ့ရပြီး အချိန်ပို အလုပ်ဆင်းနေခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူ့ခမျာ စောစော အလုပ်ဆင်း၍ အနားယူနိုင်ခဲ့လေပြီ။ သို့သော် အလုပ်ကိစ္စကြောင့် ဒါရိုက်တာထံမှ ကုမ္ပဏီကို ပြန်ခေါ်တာခံလိုက်ရပြီးနောက် ပင်ပန်းလွန်း၍ မူးလဲသွားခဲ့ရပါ၏။
  
သူ ပြန်နိုးလာသောအခါတွင် မှောင်မဲပြီးရှုပ်ပွနေသော ဤအဝါရောင် ရွှံ့အုတ်အိမ်လေးထဲတွင် ဖြစ်နေရပြီး အပြင်းအထန် နာမကျန်းဖြစ်နေသော ပညာတတ်လူငယ်အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ မူလကိုယ်နှင့်သူတို့နှစ်ဦးလုံးသည် နာမည်တူ၊ မျိုးရိုးတူများ ဖြစ်‌ကြလေသည်။
  
ယနေ့သည် ဤနေရာသို့ သူရောက်ရှိလာသည့် တတိယမြောက်နေ့ဖြစ်ပြီး ဤသုံးရက်အတွင်းတွင် အချက်အလက်များကို ရိပ်မိသိရှိလာသည်။ သူသည် ၁၉၇၅ ခုနှစ်တွင်ဖြစ်ပြီး တောင်ပိုင်းရွာလေးတစ်ရွာသို့လာကာ ပြန်လည်ပညာသင်ကြားပေးရန်အတွက် မြို့ပြမှ ကျေးလက်သို့ရောက်ရှိလာသော ပညာတတ်လူငယ်အမျိုးသမီးတစ်ဦးဖြစ်လာကြောင်း သိရှိခဲ့ရသည်။

လွန်ခဲ့သောသုံးရက်အတွင်း သူ့ခန္ဓာကိုယ်အခြေအနေက ပိုမိုကောင်းမွန်လာပြီး ဤနေရာနှင့် လိုက်လျောညီထွေဖြစ်လာသည်။ ချင်လင်လင်သည် လာမည့်ရက်များအတွက် ရင်ဆိုင်ဖြေရှင်းနိုင်စေရန် သူရောက်နေသည့်နေရာက မည်သို့သောနေရာဖြစ်ကြောင်း သေသေချာချာ စူးစမ်းလေ့လာခဲ့လေသည်။
  
တဖြည်းဖြည်းနှင့် သိလာခဲ့ရသည်က သူကူးသန်းလာခဲ့သည်မှာ လက်တွေ့လောကမှ နေရာမဟုတ်ဘဲ စာအုပ်တစ်အုပ်အတွင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မကြာသေးခင်ကမှ သူဖတ်ခဲ့ဖူးသည့် စာအုပ်ဖြစ်ကြောင်းပင်။

စာအုပ်အရ အမျိုးသမီးဇာတ်ဆောင်သည် ပထမအိမ်ထောင်မှာ လူဆိုးတစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး ကြေကွဲစရာကောင်းလောက်အောင် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရသည်။ ပြန်လည်မွေးဖွားလာပြီးနောက် ထိုအိမ်ထောင်ရေးကို ဖျက်သိမ်းကာ အကောင်းဆုံးတွေကြားထဲမှ အမျိုးသားဇာတ်ဆောင်နှင့် ချစ်ခင်စုံမက်ခဲ့လေသည်။
  
အမျိုးသားဇာတ်ဆောင်တွင် ငယ်စဉ်က အမျိုးသမီးသူငယ်ချင်းတစ်ယောက် ရှိခဲ့ကာ ထိုသူသည် အမျိုးသားဇာတ်ဆောင်၏ ပထမဆုံးလရောင်ဖြူလေးဟု သတ်မှတ်နိုင်သည်။ နောက်ပိုင်းတွင် ထိုလရောင်ဖြူလေးက ကျေးလက်သို့ထွက်သွားသောအခါ ပျော့ပျောင်းနူးညံ့လွန်းသည့် စရိုက်ကြောင့် ပြစ်တင်စွပ်စွဲမှုများနှင့် မတရားအနိုင်ကျင့်မှုများအား တဖြည်းဖြည်းကြုံတွေ့လာရ၏။ နောက်ဆုံးတွင်တော့ အမျိုးစုံလင်လှသည့်  တရားမမျှတမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် သူဟာ အဓိကဇာတ်ဆောင်များအကြား ဆက်ဆံရေးကို အဟန့်အတားဖြစ်လာစေပြီး စာအုပ်ထဲတွင် အကြီးဆုံး အမျိုးသမီး ဗီလိန် ချင်လင်လင် ဖြစ်လာလေသည်။ 

မှန်ပါ၏။ ထို ချင်လင်လင်ဟာ ယခု သူပင်။
  
သူသည် လွန်ခဲ့သောဆယ်စုနှစ်များထံ ကူးပြောင်းသွားရသည်ကို သည်းခံနိုင်ပါသေးသည်။ ဆိုရလျှင်မူ မျိုးဆက်ဟောင်းများ၏ ဘဝပုံစံသာဖြစ်ပါ၏။

သို့သော် အဘယ်ကြောင့်များ စာအုပ်ထဲက ဗီလိန်ကိုမှ ကူးပြောင်းလာရပါသနည်း။
  
ယေဘုယျအားဖြင့်ပြောရလျှင် ခေတ်အလိုက်ဝတ္ထုများတွင် သေးနုပ်လှသော ဇာတ်ရုပ်များနှင့် သာမန်ဗီလိန်များ အများအပြားပင်။
သူတို့ကို လူဆိုးများဟု မခေါ်နိုင်ပါပေ။ လူ့သဘောသဘာဝကို အကောင်းဆုံးပုံဖော်ထားသည့် သူရဲကောင်းတွေသာ ဖြစ်ပါ၏။ အမျိုးသမီးဇာတ်ဆောင်က အရှုံးကိုပြောင်ပြန်လှန်ကာ အနိုင်ယူလျက် အောင်မြင်မှုလမ်းပေါ်လျှောက်လှမ်းဖို့ဆိုလျှင် ဗီလိန်အား *မျက်နှာဖြတ်ရိုက်လိုက်ရုံသာ။
*(ချက်ကျလက်ကျဖြင့် ပိုင်ပိုင်နိုင်နိုင် အလဲထိုးအနိုင်ယူသည်ကို ဆိုလိုပါသည်။)

သို့သော်ငြား စာရေးသူဟာ သာမန်သဘောကို ဆန့်ကျင်ပြီး ဒီအထူးသလည် မုန်းစရာကောင်းလှပါသည့် အမျိုးသမီးဗီလိန်ကို သရုပ်ဖော်ခဲ့ပြီး ဝတ္ထုစာသားတစ်ခုလုံးမှာ ထည့်သွင်းရေးသားခဲ့လေသည်။ စာရေးသူဟာ ကွဲပြားခြားနားသည့်
ပုံစံတစ်ခုခုကိုများ ရေးလိုခဲ့လေသလားမသိပါ။ ဇာတ်ကွက်နေရာအများအပြားပေးကာ ထိုဗီလိန်၏ *နှလုံးသားမည်းနက်မှု အဖြာဖြာကို ရေးဖွဲ့ထားလေသည်။
*(ယုတ်မာဆိုးသွမ်းမှုအား ဆိုလိုပါသည်)
  
ချင်လင်လင်က ဒီဝတ္ထုကို ဖတ်ခဲ့သည်အချိန်တွင် အမျိုးသမီးဗီလိန်က သူနဲ့အမည်တူနေသည့်အချက်ကို စိတ်ထဲမှတစ်ချက်လောက် အတွန့်တက်မိသည်ကလွဲ၍ ထိုအမျိုးသမီးဗီလိန်ဖြစ်သူအား ရှင်းပြ၍မရနိုင်စွာဖြင့် ကရုဏာတက်မိခဲ့ပါသေးသည်။ အဆုံးသတ်တွင်တော့ သူ၏ ဘဝဟာ သနားစရာ ကောင်းလှပေသည်။ မှန်ပါသည်။ အမျိုးသမီးဗီလိန်လုပ်ခဲ့သမျှကလည်း အကြောင်းအရင်းများရှိသည်ဖြစ်ရာ ဆိုးဝါးသည်ဟု မဆိုနိုင်တော့ပါ။

ထိုကဲ့သို့ ခံစားရသည်က ချင်လင်လင်တစ်ယောက်တည်းတင် မဟုတ်ပါ။ စာဖတ်သူတော်တော်များများကလည်း "အမျိုးသမီးဗီလိန်အတွက် အများကြီးရေးပေးခဲ့ပြီးပြီ သူ့အတွက် ဇာတ်သိမ်းကောင်းကောင်း လုပ်မပေးနိုင်ဘူးလား။ အမျိုးသမီးဇာတ်လိုက်နဲ့ အမျိုးသားဇာတ်လိုက်တို့က ပျော်ပျော်ရွှင်ရွှင်အတူနေသွားကြပြီပဲလေ" ဟုဆိုကာ စာရေးသူထံ စာပို့ခဲ့ကြလေသည်။ 

သို့သော် စာရေးသူက သူတို့စကားကို နားမထောင်ချင်ခဲ့ချေ။ ဇာတ်ကြောင်း အချက်အလက်က ကောင်းမွန်ပြီး ဇာတ်ကြောင်းရှည်လျားစေဖို့ရန် သဘာဝကျစွာပင် ဒီအဓိကဗီလိန်ကို မြန်မြန်အဆုံးသတ်လိုက်မှာမဟုတ်ပေ။ ထို့ကြောင့် အမျိုးသမီးဗီလိန်ဟာ အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့ဆီမှ  အကြိမ်ကြိမ် ရိုက်ချခံရပြီးနောက် မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ တဖြည်းဖြည်း ပြန်လည်ရပ်တည်လာပြန်၏။

ထိုအခြင်းအရာကြောင့် ကွန်းမန့်နေရာတွင် ဆူပူကြိမ်းမောင်းမှုများက နေ့တိုင်း သောသောညံနေ‌၏။ ထိုဗီလိန်၏ နောက်ဆုံး အဆုံးသတ်မှာ သဘာဝကျစွာပင် စာရေးဆရာ၏ ဇာတ်လိုက်အမျိုးသမီးက သူ့ကို လွယ်လွယ်နှင့် ထောင်ထဲ ပို့လိုက်ခြင်းသာ။
 
အမျိုးသမီးဗီလိန်ကို ဖြေရှင်းလိုက်သော်လည်း ဇာတ်လမ်းက အနည်းငယ်အဖျားရှူးသွားပြီး ချင်လင်လင်ကတော့ ဤစာအုပ်အား လုံးဝကို စွဲလမ်းနှစ်သက်နေသည့်မျိုး မရှိခဲ့ပါ။ အတိအကျပြောရလျှင် သူဖတ်ဖူးပြီးသားဖြစ်သောကြောင့်လည်းကောင်း၊ ထို့ပြင် နောက်ကွယ်က ဇာတ်ကြောင်းများအပေါ် စာရေးဆရာရဲ့ ခြယ်လှယ်စိုးမိုးမှုတွေကြောင့်သာ ချင်လင်လင်က ဒီစာအုပ်ကို မှတ်မိနေခဲ့ခြင်းသာ။
  
ယခုမူ သူသည် ဆင်းရဲဒုက္ခမျိုးစုံကို ခံစားကြုံတွေ့ရပြီးနောက် အဆုံးစွန်သောစွမ်းအားကြီး (ဗီလိန်) အဖြစ်သို့ ပြောင်းလဲသွားမည့် စာအုပ်ပါ အမျိုးသမီးဗီလိန် ချင်လင်လင်ဖြစ်လာပြီး အမျိုးသားနှင့် အမျိုးသမီး ဇာတ်လိုက်များ၏ ဇာတ်လိုက်ရောင်ဝါဖြင့် လျင်မြန်စွာ ရှင်းထုတ်လိုက်ခြင်း ခံရမည်ဖြစ်သည်။
  
ထို့ကြောင့် သူ ယခုစိုးရိမ်နေသည့်အရာမှာ သူ့အနေဖြင့် မည်သို့သောပတ်ဝန်းကျင်မျိုးတွင် ရောက်နေပါသနည်း မဟုတ်ဘဲ သူသည် စာအုပ်ဇာတ်ကြောင်းအတိုင်းလိုက်ကာ နောက်ဆုံးတွင် လူဆိုးတစ်ယောက်ဖြစ်လာကာ သနားစရာအဖြစ် အဆုံးသတ်သွားမည်လား ဆိုသည်ကိုပင်။
  
စာအုပ်အဆုံးတွင် အမျိုးသမီးဗီလိန်၏  ကံကြမ္မာကို တွေးတောရင်း ချင်လင်လင်၏ တစ်ကိုယ်လုံးသည် နွေး‌ထွေးနေသော နံနက်ခင်းတွင်ပင် ပို၍ အေးစက်လာခဲ့ရသည်။
  
သွားတိုက်ဆေးကို ညှစ်ထုတ်ပြီး သွားတိုက်ရန် ပြင်ဆင်မှုမပြုမီတွင် ခဏရပ်နေခဲ့မိသည်။
  
မည်သို့ပင်ဖြစ် ယခု တော့ သူ ဒီမှာရှိနေပြီဖြစ်သည့်အတွက် ပြန်မသွားနိုင်တော့ဘဲ ကံကြမ္မာကိုသာ ပြောင်းလဲအောင် ကြိုးစားနိုင်ပေသည်။ သူ့ကိုယ်သူအား သနားစရာကောင်းသည့် အဖြစ်မျိုး မရောက်စေလိုပါ။

အနည်းဆုံးတော့ အမျိုးသမီးဗီလိန်ဇာတ်ရုပ်ကို အမိုက်စား ရိုက်ပြရမယ့် အချိန်မရောက်သေး။ ယခုအချိန်ဟာ သူ့အနေဖြင့် အိမ်ထောင်ကျခါစ အမျိုးသမီး ပညာတတ် လူငယ်တစ်ယောက်သာ ဖြစ်သေးသည်။ သူက လမ်းမှားကို မရောက်သွားသရွေ့ အရာရာမှာ တတ်နိုင်သမျှ အပြောင်းအလဲ ရှိလာနိုင်ပါသေးသည်။
  
သူရှိရာဘက်သို့လာနေသော ခြေသံများ နီးကပ်လာသည်ကို ကြားရပြီးနောက် ချင်လင်လင်လှည့်ကြည့်လိုက်ရာ  ပိန်ပိန်ပါးပါးအသားညိုညို အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ "ယောင်းမ"
  
ချင်လင်လင်က ဆက်လက်ပြီး သွားတိုက်နေဆဲဖြစ်ကာ တုံ့ပြန်ချက်မပေးပေ။ သူ့အနေဖြင့် ဒီအခေါ်အဝေါ်အား နေသားမကျသေး။

ယခု သူ့အနားရောက်လာသူသည် လက်ရှိသူ့ယောင်းမ ကုယောင် ဖြစ်သည်။
 
ကုယောင်က စိုးရိမ်နေသည့်ပုံဖြင့် သူ့ယောင်းမဖြစ်သူအား အထပ်ထပ်အခါခါကြည့်ပြီး "ယောင်းမ ဖျားတာသက်သာသွားပြီလား။ နင် မသက်သာသေးရင် ငါ လယ်ကိုသွားပြီး နင့်အတွက် ခွင့်တိုင်ပေးမယ်။ ပြန်ကောင်းလာပြီးတဲ့နောက်မှ သွားလိုက်ပါလား။"
  
ချင်လင်လင်က ရေနှစ်လုတ်ကို ပလုတ်ကျင်းကာ ထွေးထုတ်လိုက်ပြီးနောက်  လက်တစ်ဖက်မှာ ရေမှုတ်ကို ကိုင်ထားပြီး ကျန်တစ်ဖက်မှာ သွားတိုက်တံကိုကိုင်ရင်း လက်ပြလိုက်သည်။ "မဟုတ်ဘူး ငါအဆင်ပြေပါတယ်။ ဒီနေ့ပြန်သွားနိုင်တယ်။"
  
ကုယောင်က ဆက်လက်ပြောချင်နေသေးသော်လည်း သူ့ယောင်းမ၏ အေးစက်စက်မျက်နှာကို ကြည့်လိုက်ရာ သူ့ယောင်းမက သူ့အားစကားမပြောချင်တော့ဟန်ပင်။ သို့ဖြစ်ရာ ဆက်လက်တိုက်တွန်းခြင်းမပြုတော့ပေ။ သို့သော် သူက  စိတ်သက်သာစွာဖြင့် ပြောလိုက်သေးသည်။
"ယောင်းမ စိတ်မပူပါနဲ့။ အစ်ကိုက ကံကောင်းပြီး ပြန်လာနိုင်မှာပါ။ သိပ်အများကြီးမတွေးနဲ့။ ရက်အနည်းငယ်ကြာရင် သူပြန်လာ‌လောက်မှာ" 

ကုယောင်၏မျက်လုံးများက စိတ်အားထက်သန်လို့နေပြီး သူ့ရှေ့ကလူက ရူးရူးမိုက်မိုက် တစ်စုံတစ်ရာကို ပြုလုပ်လိုက်မှာကို ကြောက်ရွံ့စိုးရိမ်နေလေ၏။   

ဤကိစ္စနှင့် ပတ်သက်၍ ချင်လင်လင်သည် သူ၏ စိတ်ထဲတွင် ကုယောင်၏ စကားကို သဘောမတူခဲ့ပေ။
  
ကုယောင်၏ အစ်ကိုဖြစ်သူမှာ သူ့ရဲ့ လက်ရှိခင်ပွန်းဖြစ်ပါ၏။
  
သူ့ခင်ပွန်းက ကုကျန်းဟုခေါ်တွင်သည့် စစ်တပ်ထဲက စစ်သားတစ်ယောက်ပင်။
  
လဆန်းပိုင်း၌ သူတို့နှစ်ဦး၏ လက်ထပ်စာချုပ်များ လက်ခံရရှိပြီးကာစ၊ အိမ်ပြန်ရောက်သည်နှင့် ကုကျန်းသည် သူ၏အထက်အရာရှိများထံမှ အမိန့်စာရရှိခဲ့သည်။ အားလပ်ရက် နှစ်ရက်သာ အနားယူနိုင်ခဲ့ပြီး ဟယ်နန်တွင် ဘေးအန္တရာယ်ကျရောက်နေ၍ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ပြည်သူ့စစ်တပ်အား လိုအပ်နေသည်ဆိုကာ တပ်တွင်းသို့ အလျင်စလို ပြန်သွားခဲ့ရသည်။
  
ကုကျန်းသည် ထိုအချိန်က ထိုသတင်းအား မူလကိုယ်ကိုသာ ပြောပြခဲ့ပြီး အခြားမည်သူမျှ မသိရှိခဲ့ပေ။

သူထွက်သွားပြီးနောက် တစ်လခွဲကျော်ကြာမြင့်ခဲ့လေပြီ။ လွန်ခဲ့သောရက်အနည်းငယ်က အခြားလူများသည် တစ်စုံတစ်ဦးထံမှ ဟယ်နန်တွင် ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်း သိခဲ့ကြရသည်။  ဟယ်နန်၏ အခြေအနေက ဆိုးရွားနေပြီး နယ်မြေခံ တပ်ဖွဲ့ အသီးသီးက တပ်ဖွဲ့ဝင်များအား ကယ်ဆယ်ရေး အတွက် ခေါ်ယူခဲ့ရ၏။ ရေကြီးမှုအန္တရာယ်ဟာ အလွန် ဆိုးရွားခဲ့ပြီး အနီးနားရွာက အမျိုးသားတစ်ဦးကလည်း ကုကျန်းကဲ့သို့ ဟယ်နန်ကို သွားရောက်ခဲ့ရသည်။ ရေကြီးမှု လျော့ပါးသွား၍ အိမ်ပြန်လာနိုင်သောအခါတွင် ထိုသူက
ကုကျန်း၏ အခြေအနေကို ပြောပြလေသည်။ ကုကျန်းက ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေချိန်
ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တစ်ဦးကို ကယ်တင်ဖို့ရန် ကြိုးစားနေစဉ် ရေလွှမ်းမိုးမှုကြောင့် သူကိုယ်တိုင်ပါ ရေထဲမျောပါသွားခဲ့ကြောင်း လူတိုင်းသိသွားကြလေ၏။
 
ကပ်ဘေးကြီးတစ်ခုအား ရင်ဆိုင်ရချိန်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် မျက်စိတစ်မှိတ်အတွင်းသာ။ ကုကျန်းကဲ့သို့ ရေထဲမျောပါသွားသောသူများက မရေမတွက်နိုင်အောင် ရှိလှသည်။ သာမန်လူများဖြစ်စေ အရာရှိများဖြစ်စေ ကွဲပြားခြင်းမရှိတော့ပါ။  စစ်သားများသည် ရှေ့တန်းတွင် ရှိနေကြပြီး သူတို့၏ အသက်များက ပို၍ပင် အကာအကွယ်မဲ့နေကြပါသေးသည်။
  
ထိုလူပြောပြချက်အရ ကုကျန်းက အသက်ရှင်နိုင်ရန် လမ်းမရှိတော့ချေ။ ဤကဲ့သို့ ပြင်းထန်သည့် ရေကြီးမှုကြောင့် ရေထဲမျောပါသွားပြီးနောက် အသက်ရှင်သန်နိုင်ချေက အလွန်နည်းပါလှပေ၏။
  
ထိုရွာနီးချုပ်စပ်က သတင်းတွေအရ ကုမိသားစုက ဒီကိစ္စကို မကြာခင်မှာပင် ကြားသိသွားရပြီး မူလကိုယ် ချင်လင်လင်ကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ပြန်ခေါ်ခဲ့ကာ သတင်းဆိုးကို ပြောပြခဲ့သည်။ ထိုသတင်းအကြောင်းအရာအတွက် ခိုင်လုံသည့် အာမခံချက် မရှိသော်လည်း ဖြစ်နိုင်ခြေရှိနေသည်ပင်။

အိမ်ထောင်ကျခါစ ခင်ပွန်းသည်က မရှိတော့သည်ကို အတိအကျ ခန့်မှန်းသိနေသောကြောင့် မူလကိုယ်သည် မြစ်ကမ်းစပ်တွင် အဝတ်လျှော်နေစဉ် ရေထဲသို့ ရုတ်တရက် ခုန်ချသွားလေသည်။
  
သူက သေဖို့ ရည်ရွယ်ချက်မရှိသော်လည်း ချင်လင်လင်၏လုပ်ရပ်က သူ့ခင်ပွန်းနှင့်အတူ သေရွာလိုက်တော့မည်ဟု ‌သူ့ယောင်းမ ကုယောင်အပါအဝင် လူအများအား ထင်မြင်စေခဲ့လေ၏။
  
စာအုပ်ထဲတွင် ကုကျန်းအကြောင်းသည် မှင်အနည်းငယ်လောက်သာပါ၍ အများအပြားရေးသားထားခြင်းမရှိပေရာ မူလကိုယ်၏ မှတ်ဉာဏ်များထဲတွင်သာ ပိုရှိပေသည်။
  
မူလကိုယ်၏ဘဝတွင် သူနှင့် မရင်းနှီးသောခင်ပွန်းထံမှသာ အကြီးမားဆုံးနွေးထွေးမှုကို ခံစားခဲ့ရပြီး ဆိုးဝါးသည့်အရာများ အများအပြားကို ပြုလုပ်ဖြစ်ခဲ့သည့် နှစ်များအတွင်းမှာတောင် သူ့နှလုံးသားအတွင်း (ဤအမှတ်တရများအတွက်) အနူးညံ့ဆုံး တစ်စိတ်တစ်ပိုင်းအား အစဉ်အမြဲ သိမ်းဆည်းထားခဲ့ပါ၏။
  
မူလပိုင်ရှင်ဟာ  အမှောင်ထုလမ်းကို လျှောက်သွားခဲ့ရသည့် အဓိက အကြောင်းအရင်းများထဲက တစ်ခုမှာ ခင်ပွန်းဖြစ်သူ သေဆုံးခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
  
အကယ်၍ ခင်ပွန်းဖြစ်သူ မသေဆုံးခဲ့ပါက မူလကိုယ်သည် ဤမျှလောက် အနိုင်ကျင့်ညှဉ်းပန်းခံရခြင်းမရှိဘဲ ဤကဲ့သို့လည်း ဆိုးယုတ်နေလိမ့်မည် မဟုတ်ပါပေ။   

သို့သော် ဤကိစ္စသည် ဖြစ်ပြီးသည့် ခိုင်လုံသောအမှန်တရားတစ်ခုဖြစ်ပြီး ချင်လင်လင်သည် ထိုအရာနှင့်ပတ်သက်၍ များစွာမစဉ်းစားတော့ပေ။ အရေးကြီးဆုံးအချက်က သူသည် မူလကိုယ်မဟုတ်ပါ။ ထို့အပြင် ထိုခင်ပွန်းဖြစ်သူသည်လည်း သူ၏ခင်ပွန်းအစစ်မဟုတ်ပေ။
  
သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး "ကောင်းပြီ။ ငါ့အတွက် စိတ်မပူပါနဲ့။ ငါ အရင်ဝင်လိုက်တော့မယ်။"
  
ချင်လင်လင် လှည့်ပြီး အိမ်ထဲဝင်လာသောအခါ တစ်ဖက်က လှောင်ပြောင်သံတစ်ခုထွက်လာသည်။ "အစ်မ နင် ရူးနေပြီလား။ မြို့ကလူက နင့်ကို ဘယ်လိုလုပ် အာရုံစိုက်မှာလဲ"
  
တံခါးကိုမှီရပ်နေသည့် ညီမဖြစ်သူကို ကြည့်လိုက်ရင်း ကုယောင် အနည်းငယ် ဒေါသထွက်သွားမိသော်လည်း ကုချွန်းဟွားက သူဒေါသထွက်နေတာကို တွေ့ရသည့်အခါ ဝမ်းသာအားရ ပြုံးနေလေ၏။ "အစ်ကို့အကြောင်း ငါ့အမေပြောပုံအရဆို... နည်းလမ်းမရှိတော့ဘူးလို့ ငါထင်တာပဲ။ ဒီကိစ္စက ငါတို့ဘာမှလုပ်လို့မရဘူး။ ဟိုဘက်ရွာကလာတဲ့သတင်းက လိမ်ညာနေမှာမဟုတ်‌လောက်ဘူး။ နင့်ယောင်းမကို ဆက်ဆွဲထားချင်သေးတယ်ဆိုရင်တော့ ထပ်စဉ်းစားသင့်တယ်။ မြို့ကလူတွေက ကောင်းကောင်းနေထိုင်ကြတာ။ သူတို့ ဦးနှောက်မကောင်းတဲ့အချိန်မို့ ငါတို့အိမ်ကို လာခဲ့တာ။ နင် သူ့ကို မထိန်းထားနိုင်တော့တဲ့အခါ အနှေးနဲ့အမြန် လွှတ်ပေးရလိမ့်မယ်။"
  
သူပြောသည်ကို ကြားသည်နှင့် ကုယောင်၏မျက်နှာက ပျက်ယွင်းသွားရပြီး သက်ပြင်းချလိုက်သည်။ "အစ်ကိုကြီး ဘာမှဖြစ်မှာမဟုတ်ဘူး။ နင့်ရဲ့ ကျီးကန်းပါးစပ်ပုတ်ကို ပိတ်ထားလိုက်။ မဟုတ်ရင် ငါနင့်ကို ရိုက်မှ ငါ့အဆိုးမဆိုနဲ့။"
  
ကုချွန်းဟွားက သူ့အစ်မကြီးဖြစ်သူက သူ့အား ရုတ်တရက် ဆူပူကြိမ်းမောင်းလာလိမ့်မည်ဟု မတွေးထားမိဘဲ ဒေါသထွက်သွားရလေ​၏။ "နင်ငါ့ကို ရိုက်ရဲလား။ နင်ငါ့ကို ရိုက်ရင် ငါ့အမေကို တိုင်ပြောမယ်"
သူ့ညီမရဲ့မောက်မာမှုက ကုယောင်၏ မျက်နှာထားကို ပိုမိုဆိုးဝါးလာစေခဲ့လေသည်။
  
သူ့အစ်မရဲ့အမူအရာက ပိုမိုးဆိုးဝါးသွားသည်ကိုမြင်ရာ ကုချွန်းဟွားက ပြုံးလိုက်သည်။ "ငါပြောတာဘာမှားလို့လဲ။ တခြားသူတွေက ဘေးကင်းကင်းပြန်လာခဲ့ကြပေမယ့် အစ်ကိုကြီးနဲ့ပတ်သက်တဲ့ သတင်းက ဘာမှမရှိလာဘူး။ နင်က ဘာဖြစ်ချင်တာလဲ။ ငါ့အမေကတောင် ဒီသတင်းကို လက်ခံဖို့ပြောနေပြီ။
....တကယ်ဆို အစ်ကိုကြီးက အရင်းလည်းမဟုတ်ဘဲနဲ့။"
  
ကုချွန်းဟွားက နောက်ဆုံးစာကြောင်းကို အလွန်တိုးဖွစွာ ရေရွက်လိုက်သောကြောင့် ကုယောင်က ရှင်းရှင်းလင်းလင်း မကြားလိုက်ရပါပေ။

ထိုစဉ် အခြားလူတစ်ယောက်သည် အိမ်၏ပင်မခန်းမှထွက်လာပြီး ကုချွန်းဟွား၏ ခေါင်းနောက်ကို ရိုက်လိုက်သည်။ "နင်က အချိန်ကလေး အားတာနဲ့ စကားပေါတော့တာပဲ။ ကြမ်းတိုက်ပြီး သန့်ရှင်းရေးသွားလုပ်စမ်း။ အိုး....နင်ရော... ဝက်တွေကို သွားကြည့်လေ။ ပြီးရင် ဝက်စာအရွက်တွေ သွားခူး။"

ထိုသူမှာ ကုချွန်းဟွား၏မိခင် လီတနီဖြစ်သည်။
 
ကုချွန်းဟွားက တစ်ခုခုကို ရေရွတ်လျက် အလွန်စိတ်မချမ်းသာဟန်ဖြင့် အခန်းထဲကို ဝင်သွားပြီးနောက် လီတနီထံမှ ဆူပူကြိမ်းမောင်းခံရပြန်၏။

_ ***_
  

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now