Chapter 3

1.5K 156 0
                                    

အခန်း ၃ - သူရူးသွားပြီလား။

ဒါရိုက်တာလျိုထွက်သွားသည်နှင့်တစ်ပြိုင်နက် ချင်လင်လင်လည်း အချိန်မဆွဲနေတော့ဘဲ အခန်းကို သန့်ရှင်းရေးလုပ်ကာ ညစ်ပေနေသော စောင်များကို ဖယ်ရှားလျက် အခန်းတွင်းရှိ မနှစ်မြို့ဖွယ်အနံ့အသက်များ ပျောက်သွားအောင် လုပ်လိုက်သည်။

သူက မူလအားဖြင့် တစ်ကိုယ်တည်းနေထိုင်သူဖြစ်သောကြောင့်လည်းကောင်း၊ သူနေထိုင်ရာအိမ်က သေးငယ်သောကြောင့်လည်းကောင်း သူဟာ အသန့်ကြိုက်သူတစ်ယောက်သာဖြစ်ပါ၏။ စိတ်အပန်းဖြေစရာများ များများစားစားလုပ်စရာမရှိသည့်အခါများတွင် သစ်ပင်ပန်းမန်များစိုက်ပျိုးယုယခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ကိုသာ ပြုလုပ်လေ့ရှိ၏။

မူလကိုယ် ချင်လင်လင်သည် အမြဲတမ်းနီးပါး အနိုင်ကျင့်ခံရလေ့ရှိသောကြောင့် သူ့ထံတွင် လုပ်စရာအလုပ်များက အမြဲတမ်း များပြားလျက်ရှိပေသည်။ တစ်ခါတစ်ရံ သူ့ခမျာ အခြားသူများ၏ အဝတ်များကို အများအပြား ကူလျှော်ပေးရလေ့ရှိပြီး သူ့ကိုယ်ပိုင်အဝတ်များ လျှော်ရန်အတွက်မူ အချိန်သိပ်မပေးနိုင်ခဲ့ပေ။

ယခုအခါ ချင်လင်လင်က လျှော်စရာအဝတ်များအားလုံးကို မြစ်ဆိပ်သို့ တစ်ခါတည်းယူသွားပြီး ရာသီဥတုသာယာသည်ကို အခွင့်ကောင်းယူလျက် အားလုံး လျှော်ပစ်လိုက်လေသည်။

ကံကောင်းစွာဖြင့် မြစ်ရေက အေးမနေခဲ့ချေ။

ဤအချိန်တွင် မြစ်ထဲ၌ အခြားသူများ မည်သူမျှမရှိပဲ သူတစ်ဦးတည်းသာ အဝတ်လျှော်ရင်း အလုပ်များလျက်ရှိသည်။ မလှမ်းမကမ်း အဝေးတစ်နေရာတွင် ပညာတတ်လူငယ်များ လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသည်ကို လှမ်းမြင်နိုင်၏။

ချင်လင်လင်တစ်ယောက် အဝတ်လျှော်ပြီးစီးသွားသောအခါ နေ့လယ်ပိုင်းပင်ရောက်သွားပေပြီ။ ပညာတတ်လူငယ်များတစ်သိုက်က လယ်ကွင်းမှပြန်လာကြပြီး စကားပြော၊ ရယ်မောကြလျက်ဖြင့် နေ့လယ်စာစားရန် စားဖိုဆောင်သို့ သွားရန်ပြင်ကြသည်။

သူတို့သည် ချင်လင်လင်ကို မြင်သောအခါ အံ့ဩသွားကြပြီး အဖွဲ့အတွင်းမှ ကျစ်ဆံမြီးအရှည်ဖြင့်တစ်ယောက်က လှမ်းပြော၏။ "ချင်လင်လင် ပြန်ရောက်နေပြီ။" 

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now