Chapter 54.2

388 55 0
                                    

အခန်း ၅၄.၂ - ကုကျန်း အိပ်မပျော်နိုင်ပါ။

ချင်လင်လင်က စဉ်းစားနေမိလေသည်။ ကုကျန်း၏ အားပေးနှစ်သိမ့်မှုမရသောအခါ သူ(မ) မည်သည့်အမှားမျိုး လုပ်မိဦးမည်နည်း။ ထပ်ပြီး မီးညှိလို့မရတာမျိုးလော။ မည်သို့ပင်ဆိုစေ မီးညှိရမည့်နေရာကလည်း အတော်ကလေး ဝေးလှသည်ပင်။ ထိုသို့မဟုတ်ပြန်လျှင်လည်း ဗျောက်အိုးပေါက်ကွဲသည့်အခါ ထိတ်လန့်ရပေလိမ့်မည်။

အတွေးများအား မျိုသိပ်လိုက်ပြီးနောက် သူ(မ)ကိုယ်ကို အားပေးလိုက်သည်။ ကုကျန်းရော သူ(မ)ကိုယ်တိုင်ရောက အတူတူပင်ဖြစ်ကာ အဘယ်ကြောင့်များ သူ(မ)က မလုပ်နိုင်ရပါမည်နည်း။

မီးညှိထားသော တုတ်တံက ဦးတည်ရာဘက်ဆီသို့ တဖြေးဖြေး ချဉ်းကပ်လာသည်။ ချင်လင်လင်မှာ အလိုအလျောက် အောက်နှုတ်ခမ်းအား ကိုက်ထားလိုက်မိပြီး ဤသို့အားဖြင့် ပို၍ သတ္တိရှိလာဟန်ပင်။

ကုယောင်က ဘေးတစ်ဖက်မှ ကြည့်နေရင်းဖြင့် ရယ်ချင်လာကာ သူ(မ)၏ နှုတ်ခမ်းများအား လက်နှင့်အုပ်လိုက်ရာ သူ(မ)၏ အစ်ကိုက သူ(မ)အား လှည့်ကြည့်လာသဖြင့် မရယ်ရဲပါတော့ချေ။

သူ(မ)အနေဖြင့် အစ်ကိုကြီးရှိနေချိန်တွင် ယောင်းမအား အနိုင်ကျင့်နိုင်လိမ့်မည် မဟုတ်ပါ။

မီးပွားကလေးက တဖြေးဖြေးနီးကပ်လာပြီး ဦးတည်ရာလည်း မှန်ကန်သည်ကို မြင်တွေ့ရသောအခါ ချင်လင်လင်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ၂ မီတာလောက် အနောက်ဆုတ်လိုက်ပြီးနောက်တွင် "ဘွန်း" ဆိုသည့်အသံကျယ်နှင့်အတူ ဗျောက်အိုးက ပေါက်ကွဲသွားလေတော့သည်။

ထိုအချိန်တွင် ကုယောင်က ရုတ်တရက် ထအော်လေသည်။ "ဘွန်း..."

ရလာဒ်အားဖြင့် သူ(မ)ဖောက်သော ဗျောက်အိုးကြောင့် မကြောက်ရွံ့သော ချင်လင်လင်မှာ ကုယောင်ကြောင့် လန့်သွားရလေပြီး လျင်မြန်စွာ နောက်လန်လှဲကျသွားရာ ကုကျန်း၏ လက်မောင်းများအတွင်းသို့ တိုက်ရိုက်ကျသွားလေတော့သည်။ ကုကျန်းက သူ(မ)အား လက်များဖြင့် မြဲမြံစွာ ဖမ်းချုပ်ထားလိုက်သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now