Chapter 7

1K 97 0
                                    

အခန်း ၇ - သတင်းဆိုး

ကျန်းဟွေရှန်းသည် ချင်လင်လင်ကို အနိုင်ကျင့်လေ့ရှိပြီး အခြားသူများက ကျန်းဟွေရှန်းအား ပြန်လှန်ခုခံနိုင်ခြင်းမရှိသောကြောင့် ချင်လင်လင်ဘက်မှ ကူပေးဖို့ရန်‌ ဝေးဝေးသာနေကြသည့်အပြင် တစ်ခါတစ်ရံ အခွင့်ကောင်းယူလျက် အနည်းအကျဉ်းမျှ အနိုင်ကျင့်ခိုင်းတတ်ကြသေးသည်။

သို့သော်လည်း ကျန်းဟွေရှန်း၏ အင်မတန် တရားလွန်လွန်းသောလုပ်ရပ်များနှင့်ယှဉ်လျှင် အခြားသူများသည် အသေးအဖွဲများသာဖြစ်၍ ချင်လင်လင်က လုံးဝအမှုမထားပါချေ။

ဖယ်ရှောင်ခံရမည်ကို ချင်လင်လင် လုံးဝစိုးရိမ်ပူပန်မနေပါ။ သူ့အား အချိန်တိုင်းနီးပါး စကားတသွတ်သွတ်ပြောနေကြမည့်ဘဝမျိုးနှင့် နှိုင်းစာလျှင် ဤကဲ့သို့ တိတ်ဆိတ်လျက် သက်သောင့်သက်သာရှိသောဘဝမျိုးကိုသာ သူ ပိုမိုနှစ်သက်မိပါ၏။

ဤသို့ပထမဆုံးအကြိမ် တစ်ဖက်လူနှင့် ထိပ်တိုက်တွေ့၍ ဖြေရှင်းသည်က မရည်ရွယ်ဘဲ ဖြစ်သွားသည်ဖြစ်ကာ နောင်များ၌ ကျန်းဟွေရှန်းက သူ့အပေါ် အငြိုးတကြီး ဒေါသပုံချလိုတိုင်း ချင်လင်လင်က လှည့်ထွက်သွားလိုက်သည်ချည်းသာဖြစ်ပါ၏။ သို့ဖြစ်ပါ၍ ကျန်းဟွေရှန်းအပါအဝင် အခြားသူတို့မှာ ဒေါသထွက်ခွင့် မရလိုက်ပါပေ။

ကျန်းဟွေရှန်းက မျက်လုံးများရဲရဲနီလျက် ဒေါသထွက်လာတိုင်း သူ မြင်တွေ့ရသည်က ချင်လင်လင်သည် ခပ်ပြုံးပြုံးဖြင့် ပုံမှန်အလုပ်လုပ်လျက် ရှိသည်ကိုသာဖြစ်ပါ၏။

ကျန်းဟွေရှန်းသည် ချင်လင်လင်ကို လက်စားချေ အနိုင်ကျင့်လိုပါသေးသည်။ သို့သော်လည်း သေချာ နှိုင်းချင့်စဉ်းစားကြည့်မိသောအခါ သင့်လျော်သောနည်းကို မစဉ်းစားနိုင်သည်ဖြစ်ရာ သူ့အဖို့ ငြူစူနေဖို့သာရှိပါ၏။

ရက်သတ္တပတ်ပြီးနောက် ကျန်းဟွေရှန်းသည် ချင်လင်လင်အား နှိပ်ကွပ်နိုင်မည့်အရာကို ရှာဖွေတွေ့ရှိသွားလေတော့သည်။

လယ်ခင်းတွင်းမှသူများသည် လယ်ကွက်သစ်ကို စိုက်ပျိုးရင်းဖြင့် အလုပ်များနေကြသည်။ လယ်တစ်ကွင်းလုံးမှ လူများက ကုန်းလိုက် ထလိုက်ဖြင့် စိုက်ပျိုးလျက်ရှိကြကာ ပျင်းရိအချောင်ခိုနေသူ တစ်ဦးမှ မရှိကြပါပေ။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now