Chapter 49

485 77 0
                                    

အခန်း ၄၉ - ဂုဏ်ယူဝံ့ကြွားမှု

ချင်လင်လင်သည် လျှောက်လာရင်းဖြင့် အော်ပြောလိုက်သည်။ "ကုကျန်း"

'သူက အိမ်ထဲမှာ ခေါက်ဆွဲစားနေရမှာ မဟုတ်ဘူးလား။'

တစ်ဖက်ရှိ ကုကျန်း၏ခန္ဓာကိုယ်က အနည်းငယ်တောင့်ခဲသွားပြီး သူ့ပါးစပ်မှ ပူစပ်စပ်ခံစားချက်ကို အမှတ်တမဲ့ သတိရလိုက်မိသည်။ ထိုတစ်ခဏတွင် သူ့အနေဖြင့် ဘာလုပ်လို့ ဘာကိုင်ရမည်မှန်း မသိနိုင်တော့ပါချေ။

ချင်လင်လင်၏ ခြေလှမ်းများက သူ့အနား နီးကပ်လာသောအခါ ကုကျန်းသည် ရွေးချယ်စရာမရှိတော့ဘဲ လှည့်ကြည့်လာရတော့သည်။

ချင်လင်လင်သည် အကြည့်တစ်ချက်ဖြင့်ပင် သူ၏နှုတ်ခမ်းရဲရဲများအား သတိထားမိသွားပြီး အံ့ဩတကြီးပြောလိုက်သည်။ "ရှင့်ပါးစပ်က ဘာဖြစ်တာလဲ။"

ကုကျန်းသည် ရှက်ရွံ့တကြီးဖြစ်သွားပြီး အလျင်အမြန် မျက်နှာလွှဲသွားသည်။ "ဘာမှမဖြစ်ပါဘူး။ အခုလေးတင် ငရုတ်သီးစားမိပြီး လည်ချောင်းသီးသွားလို့ပါ။"

"ဘယ်လို..."

"အဲလိုပဲ။"

ကုကျန်းက စကားပြောပြီးသည့်နောက် အိမ်အတွင်းသို့ လျင်မြန်စွာ ဝင်သွားလေတော့သည်။

သူသာ အသားညိုသောသူမဟုတ်လျှင် ယခုအခါ သူ့မျက်နှာက ရဲတွတ်နေလောက်ပြီဟုပင် တွေးနေမိလေ၏။

ကုကျန်းသည် မီးဖိုခန်းအတွင်း ဝင်သွားပြီးသည့်နောက် ခေါက်ဆွဲပြုတ်အတွင်းမှ နီရဲရဲအဖတ်များအား မြင်တွေ့ရသောအခါ တွေဝေနေမိတော့သည်။

စားလိုက်ရမည်ဆိုလျှင်လည်း အင်မတန် စပ်လွန်းလှသည်။ မစားမသောက်ဘဲ ထားလိုက်မည်ဆိုလျှင်လည်း ဖြုန်းတီးရာကျပေရော့မည်။ သို့သော် သိထားရမည့်အချက်ကမူ ဤအရာက အစပ်အရသာအစားအသောက် ဖြစ်နေပြန်သေးသည်။

ချင်လင်လင်သည် ကုကျန်း၏ ရှုပ်ထွေးနေသော အတွေးများအား မသိပါချေ။ ကုကျန်းက အိမ်အတွင်းသို့ လျင်မြန်စွာပြေးဝင်သွားသည်ကို တွေ့မြင်သောအခါ ယောင်းမဖြစ်သူ ကုယောင်အား လှည့်ကြည့်မိရာ ကုယောင်က သူ(မ)ပါးစပ်အား လက်ဖြင့် အုပ်ကာ ရယ်မောနေသည်ကို တွေ့ရလေသည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now