အခန်း ၄၀ - ရှက်ရွံ့မှု
ကုကျန်းသည် အိမ်မှ ပြန်စာအား ရရှိသည့်အခါတွင် တစ်လလောက်တောင် ကြာသွားပြီဖြစ်ပါ၏။
တပ်ရင်းအတွင်းမှ စာများသည် အားလုံးစုစည်းပြီးမှသာ သက်ဆိုင်ရာအသီးသီးကို ပေးလေ့ရှိသည့်အတွက် အချိန်အတော်ကြာတတ်ပါသည်။
ကုကျန်းက စာယူရန်သွားသည့်အခါ လျိုယွမ်ဟွေ့လည်း သူနှင့်အတူ လိုက်ပါလာသည်။
ကုကျန်းသည် သူ့အား မလိုက်ခိုင်းပါပေ။ သို့သော်လည်း လျိုယွမ်ဟွေ့ကမူ အမူအရာမဲ့သော မျက်နှာဖြင့် သူ့နောက်မှ ဆက်တိုက်လိုက်လာလေသည်။
"ခေါင်းဆောင် ကျွန်တော်က ခေါင်းဆောင်ကို ဂရုစိုက်နေတာ မဟုတ်ပါဘူး။ အခု ကျွန်တော်က ဘာမှလုပ်စရာမရှိိလို့ ကျွန်တော့်အိမ်ကများ ကျွန်တော့်ကို တစ်ခုခုပို့ပေးလိုက်သေးသလားလို့ လိုက်ကြည့်ချင်လို့ပါ။"
လျိုယွမ်ဟွေ့၏ ဂန္ဓမာပန်းကဲ့သို့ တောက်ပနေသော အပြုံးကိုမြင်လျှင် ကုကျန်းလည်း ဘာမှ မပြောလိုတော့ပေ။
ကုကျန်းက ဤတစ်ကြိမ် စာစောင်လာယူသည့်အချိန်တွင် အမှန်တကယ်တွင်မူ ကုကျန်းအတွက် ၄ ကြိမ်မြောက် ဖြစ်ပေသည်။ အစောပိုင်းကာလများလာစဉ်က စာစောင်ရောက်မလာသေးဟု ဆိုလေသည်။
တပ်ရင်းအတွင်းရှိ စာပို့သည့်ပုံစံမှာ အပြင်လူအရပ်သားများနှင့် မတူညီပေ။ ပေးပို့သည့်စာဖြစ်စေ၊ ရရှိသည့်စာဖြစ်စေ စည်းကမ်းထိန်းသိမ်းစစ်ဆေးရေးမှ အတည်ပြုစစ်ဆေးပြီးမှသာ တပ်ရင်းအတွင်း ရရှိမည် သို့မဟုတ် တပ်ရင်းမှ ပြင်ပသို့ ပေးပို့မည်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ စစ်တပ်အတွင်း၌ အခြားသောနေရာများကဲ့သို့ အလွယ်တကူရှိလိမ့်မည်မဟုတ်ပါ။ နိုင်ငံတော်က ဟိုးယခင်ကထက် ပိုမိုတည်ငြိမ်လာပြီဖြစ်ပါသော်လည်း နိုင်ငံရေးအဖြစ်အပျက်များ ရှိလာလိမ့်မည်ကို စိုးရိမ်ပူပန်လျက်ရှိနေသေး၏။
လျိုယွမ်ဟွေ့သည် ခေါင်းဆောင်လမ်းလျှောက်နေသည်ကို ကြည့်နေရင်းဖြင့် သူတို့၏ ခေါင်းဆောင်သည် စာယူရန်သွားသည့်အချိန်တိုင်း အတိတ်က လမ်းလျှောက်သည့် ပုံမှန်တည်ကြည်သောပုံစံနှင့် မတူညီစွာ အလွန်ပင်သွက်လက်ဖျတ်လတ်နေကြောင်း သတိထားမိလေသည်။
လျိုယွမ်ဟွေ့သည် အလျင်အမြန် ခေါင်းဆောင်နောက် ပြေးလိုက်သွားလိုက်ပြီး သူ့ဘေး၌ တီးတိုးကလေးပြောသည်။ "ခေါင်းဆောင် ကျွန်တော်တို့ မရီးကို လွမ်းနေတာလား။"
ကုကျန်းသည် သူ့အား ဘေးတစောင်းကြည့်လိုက်ပြီးနောက် မည်သို့မှ မပြောပေ။
လျိုယွမ်ဟွေ့က ခေါင်းဆောင်ဖြစ်သူ၏ မျက်ဝန်းများအတွင်း သတိပေးခြိမ်းခြောက်သည့် အငွေ့အသက်များအား မတွေ့ရှိရသဖြင့် ပြောရင်းဆိုရင်းဖြင့် စိတ်လှုပ်ရှားပျော်ရွှင်လာလေသည်။ "ဟေး… ခေါင်းဆောင် တပ်ရင်းကိုရောက်ပြီး မရီးနဲ့ မတွေ့ရသေးတာမှ လနည်းနည်းလောက်ပဲ ရှိသေးတာကို ခေါင်းဆောင်က မရီးကိုလွမ်းနေပြီပေါ့။ ကျွန်တော်က မမေးကြည့်ရင် သိမှာမဟုတ်ဘူး။"
"ဒါပေမဲ့လည်း ပြောရမယ်ဆိုရင်ဖြင့် မရီးက တကယ်လှတယ်။ အသံကလေးနဲ့ ဟန်ပန်ကိုကြည့်လိုက်ရုံနဲ့တင် မြို့ပြကလာတဲ့အကြောင်း သိနိုင်တယ်။ ဒီလောက်လှတဲ့ မရီးကို ခေါင်းဆောင် ဘယ်လိုတွေ့လာတာလဲ။ ဘယ်လိုတွေ့ဆုံပြီး လက်ထပ်ဖြစ်ခဲ့ကြတာလဲ။"
လျိုယွမ်ဟွေ့သည် ရင်ခုန်သံများ ဆူညံနေလေပြီး ခေါင်းဆောင်၏ ခံစားချက်များအား အတိအကျ သိရရန် မစောင့်နိုင်တော့ပေ။
သူ့အနေဖြင့် အောင့်အီးနိုင်စွမ်း လုံးဝမရှိပါပေ။ တပ်ရင်းအတွင်း၌ အစောပိုင်းကတည်းက လက်ထပ်ပြီးသားလူများမှလွဲ၍ အခြားသူများမှာ တပ်ရင်းအတွင်း ဝင်ရောက်ပြီးကတည်းက ချစ်သူရည်းစားပင် မရှိကြပေ။ မိသားစုက အောင်သွယ်တွေ့ဆုံပေးသူများ ရှိနေလျှင်တောင် အချိန်တိုင်းနီးပါး တပ်ရင်းအတွင်း၌သာနေရသည့် စစ်သားများအတွက်မူ အိမ်ပြန်နိုင်ဖို့ အချိန်ရှားလှသည်။ သို့ဖြစ်ပါ၍ အောင်သွယ်တွေ့ဆုံကာ အောင်မြင်သွားသည့် လူဦးရေမှာ အလွန်ပင်နည်းလှသည့်အပြင် ထိုအထဲက အနည်းစုကသာ လက်ထပ်နိုင်ခဲ့ကြလေသည်။
တပ်ရင်းအတွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်ရရန် ကိစ္စများစွာ ရှိသေးသည့်အကြောင်း ကြားသိရသည့်အခါ မိသားစု၏ ချွေးမလောင်းလျာကလေးများက အဝေးသို့ ထွက်ပြေးသွားကြလေတော့သည်။
တပ်ရင်းအတွင်း၌ စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရင်းဖြင့် ပုံမှန်အတိုင်း ချစ်ကြိုက်သွားကြသည်ဆိုသည်မှာ မရှိသလောက် ရှားပါးလှလေသည်။
လျိုယွမ်ဟွေ့သည် သူ့ခေါင်းဆောင်က ပြီးခဲ့သောနှစ်များအတွင်း ချစ်သူရည်းစားရှိဖို့မပြောပါနှင့် ခြင်အမပင် မသန်းဖူးကြောင်း သိပါ၏။
ရလဒ်အားဖြင့် ခေါင်းဆောင်က အိမ်ပြန်သွားပြီးသည့်နောက် တပ်ရင်းသို့ပြန်ရောက်လာသည့်အခါ သူလက်ထပ်ပြီးသွားပြီဖြစ်ကြောင်း ပြောပြခဲ့လေသည်။
ထိုမြန်ဆန်သည့်အရှိန်နှုန်းထားက လျိုယွမ်ဟွေ့အား အမှန်တကယ်ပင် အားကျမနာလို ဖြစ်မိစေသည်။
ကုကျန်း၏ အဖြေကိုမကြားရသည့်အတွက် လျိုယွမ်ဟွေ့က အားမလိုအားမရဖြစ်လာသည်။ "ခေါင်းဆောင်နဲ့ မရီးတို့ ဘယ်လိုတွေ့ခဲ့ကြတာလဲဆိုတာ ပြောပြပါဦး။ ခေါင်းဆောင် ကျွန်တော့်ကို သင်ကြားပေးပါဦးဗျာ။ ကျွန်တော် တစ်ကိုယ်တည်းဘဝနဲ့နေလာရတာ ၂၅ နှစ်ရှိနေပြီ။ ကျွန်တော်လည်း ဇနီးတစ်ယောက် ရချင်ပြီဗျ။"
လျိုယွမ်ဟွေ့သည် ကုကျန်းအား အချိန်အတန်မျှကြာအောင် ပူညံပူညံလုပ်နေပါသော်လည်း ကုကျန်းက စကားတစ်လုံးမှ မပြောပေ။ စာစောင်များ စီမံထိန်းသိမ်းသည့်အဆောက်အဦ၏ တံခါးဝသို့ရောက်သည့်အခါ ကုကျန်းက ရုတ်တရက် ရပ်လိုက်ပြီး သူ့အား ကြည့်လာလေသည်။
"ဇနီးတစ်ယောက် ရဖို့ တောင်းဆိုနေတယ်ပေါ့။ နွားချေးပုံပေါ်က တဝီဝီပျံနေတဲ့ ယင်ကောင်တွေလို ဆူညံတတ်တဲ့ မင်းလိုလူက ဇနီးမရလောက်မဲ့ ကံပါလောက်တယ်။ မင်း ဇနီးရချင်တယ်ဆိုရင် မင်းပါးစပ်အကျင့်ကို ပြောင်းလိုက်သင့်တယ်။"
ထိုယောက်ျားသည် စကားပြောပြီးသည့်နောက် ပုံမှန်မြင်တွေ့ရလေ့မရှိသည့် အပြုံးတစ်ပွင့်က သူ့နှုတ်ခမ်းထက်၌ ပေါ်လာပြီးလျှင် စာစောင်များ ထိန်းသိမ်းထားသည့်အခန်းသို့ ဝင်သွားလေတော့သည်။
'ခေါင်းဆောင် ဆူပူလောက်အောင် ငါ ဘာအမှားများလုပ်မိလို့ပါလိမ့်။'
ကံအားလျော်စွာဖြင့် ကုကျန်း၏ လေးကြိမ်မြောက်ခရီးတွင်တော့ အိမ်မှစာစောင်က ရောက်ရှိလာပြီဖြစ်သည်။
လျိုယွမ်ဟွေ့သည် စကားမပေါဘဲ နေရန် မဖြစ်နိုင်ပါပေ။ သူသည် တည်ငြိမ်ရင့်ကျက်သော အမျိုးသားတစ်ဦးဖြစ်ပါသော်လည်း ခေါင်းဆောင်က စာကိုယူပြီးသည့်နောက် အချိန်ကြာသည်အထိ မဖတ်သေးဘဲ ရှိနေသည်ကို မြင်သောအခါ သူ့အစား သိလိုစိတ်များနေလေတော့သည်။
"ခေါင်းဆောင် စာစောင်ကို ဘာလို့ဖွင့်မဖတ်သေးတာလဲ။ မရီးက ခေါင်းဆောင်ကို ဘာတွေပြောထားလဲဆိုတာ ကြည့်ရအောင်လေ။"
"အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။" ကုကျန်းသည် မပျော်မရွှင်ဖြင့် သူ့အားပြောလိုက်သည်။ သို့သော် ကုကျန်းက ခံစားချက်ကောင်းနေသည်မှန်း သိသာလှသည်။
လျိုယွမ်ဟွေ့လည်း စကားမပြောနိုင်တော့ပြန်ပေ။ သူ၏ နှလုံးသားငယ်ကလေးမှာ အကြိမ် ၁၀၀၀၀ မျှ တိုက်ခိုက်ခံနေရလေသည်။ တစ်ဖက်လူ၏ ခြေတံရှည်ကြီးများ ထွက်ခွာသွားသည်ကိုမြင်သည်နှင့် အလျင်အမြန် နောက်ကလိုက်သွားပြန်၏။
"ခေါင်းဆောင် ကျွန်တော့်ကို အာရုံစိုက်ဖို့မလိုပါဘူး။ ကျွန်တော်တို့မရီးက ခေါင်းဆောင်ကို ဘာတွေရေးထားတယ်ဆိုတာကိုပဲ အဓိကအာရုံစိုက်ရမှာ။ စကားမစပ် ကုယောင်ရော စာတွေလေ့လာနေရဲ့လားလို့ ကြည့်ကြည့်ရအောင်လေ။"
ကုကျန်းက သူ့မိသားစုဝင်နှစ်ယောက်အား စာလေ့လာဖို့ တိုက်တွန်းနေသည့်အချိန်တွင် သူ့ခေါင်းဆောင်အနောက်၌ အမြဲတမ်းရှိနေတတ်သည့် လျိုယွမ်ဟွေ့ကလည်း အသေအချာ သိနေလေသည်။
ယနေ့ သူ့ခေါင်းဆောင်နောက် လိုက်လာခဲ့ရခြင်းမှာလည်း ခေါင်းဆောင်နှင့် သူ့ဇနီးတို့ကြားရှိ ဆက်ဆံရေးအား စပ်စုလိုသည့်အတွက်သာမက ခေါင်းဆောင်၏ ညီမဖြစ်သူအကြောင်းအားလည်း စပ်စုလိုသည့်အတွက်ဖြစ်ပေသည်။
ပြီးခဲ့သည့်အကြိမ် ခေါင်းဆောင် စာစောင် ရလာသည့်အချိန်က ခေါင်းဆောင်၏ဇနီးက ကုယောင်အား စာသင်ပေးနေကြောင်း သိခဲ့ရသည်။ သူ(မ)က ကုယောင်အား ဗဟုသုတများစွာ သင်ကြားပေးထားကြောင်း ပြောပြခဲ့လေသည်။
စာဖွင့်ဖတ်စေလိုသော လျိုယွမ်ဟွေ့၏ ဆန္ဒမှာ နောင်ဆုံးတွင်တော့ သူ မသိလိုက်ပါဘဲ ပြည့်သွားပြီဖြစ်သည်။
ကုကျန်းက စာစောင်အား ပြန်ယူလာပြီးသည့်နောက် ထိုစာစောင်အား အသေအချာဖွင့်မဖတ်ရသေးခင် မည်သူမှ မရှိသည့်နေရာအား ရှာဖွေလိုက်သည်။
ချင်လင်လင်၏ စာလုံးများက သေသပ်ပြီး သေးငယ်လေသည်။ သို့သော် စုတ်ချက်များက သပ်ရပ်လျက်ရှိကာ စကားလုံးတစ်လုံးချင်းစီတိုင်းက အဖြတ်အတောက် ခြားနားထားပြီး ထက်မြက်လှသည့် အသွင်ရှိလေသည်။
ထိုစကားလုံးများသည် ကုကျန်း ဟိုးယခင်က သိခဲ့သည့် ချင်လင်လင်၏ လက်ရေးလက်သားနှင့် ကွဲပြားခြားနားလှသည်။ ဟိုးယခင်က သူ(မ)၏ စကားလုံးများ လက်ရေးလက်သားသည် အကြမ်းထည်ဆန်လှပြီး လွန်စွာ လှပသပ်ရပ်ခြင်းမရှိပေ။ ဖတ်နိုင်သည်ဆိုရုံမျှ အနေအထားဖြစ်ကာ လှပသည်ဟု ဆို၍ မရနိုင်ပေ။
သို့သော်လည်း ယခုစာလုံးများက လှပပေသည်။ မျဉ်းကြောင်းများမပါသော စာရွက်သားပေါ်တွင် စကားလုံးများသည် တစ်ဖြောင့်တည်းတန်းကာ ချောမွတ်နေသည်။ စကားလုံးတိုင်းသည် နောက်ပိုင်းကာလတွင် သူသိခွင့်ရခဲ့ပါသော ချင်လင်လင်၏ စိတ်နေစိတ်ထား အတိုင်းပင်ဖြစ်ကာ မြင်တွေ့ရသည့်လူများအား ခွန်အားများ ပေးနေလေသည့်သဖွယ်ဖြစ်သည်။
စကားလုံးများအား သေချာစွာဖတ်ရှုလိုက်သည်။ အကြောင်းအရာအားလုံးသည် အိမ်မှ အဖြစ်အပျက်များဖြစ်သည်။ လယ်လုပ်ငန်းခွင်၌ မည်သို့သောအရာများဖြစ်ခဲ့သည့်အကြောင်း၊ သူ(မ)က စာသင်ကြားမှုအား စတင်ပြီဖြစ်သည့်အကြောင်း၊ ကျောင်းသားများက သူတို့ထင်နေကြသကဲ့သို့ ရိုကျိုးနာခံမှုမရှိပါသည့်တိုင် သူတို့တွေဟာ ကိုယ်ပိုင်စွမ်းဆောင်ရည်များ ရှိကြပါကြောင်း စသည်တို့အား ပြောပြထားလေသည်။
ဘေးဘက်ပင်မအိမ်ရှိ လူငယ်နှစ်ယောက်ရှိသော လင်မယားစုံတွဲအကြောင်းနှင့် ပတ်သက်လျှင်တော့ သူတို့က ဆူပူနေကြဆဲဖြစ်ပါသော်လည်း သူ(မ)က တစ်စုံတစ်ရာ စိတ်ပူခြင်းမရှိကြောင်း ဆိုလေသည်။
စာစောင်အားဖတ်နေရင်း နောက်ဆုံးစာပိုဒ်ရောက်သည့်အခါ ထပ်ဖြည့်ရေးသားထားသော စကားလုံးအား မြင်တွေ့လိုက်ရသည်။ "ရှင်ပြန်လာမှာကို ကျွန်မတို့ စောင့်နေကြပါတယ်။ ယောင်ယောင်ကလည်း ရှင့်ကို သတိရတယ်လို့ ပြောနေပါတယ်။"
'တို့' ဆိုသည့် စကားလုံးက အောက်ခြေတွင် ထပ်မံထည့်ရေးထားခြင်းဖြစ်ကာ အကြည့်တစ်ချက်ဖြင့်ပင် ထိုစာလုံးက နောက်ပိုင်းမှ ထပ်မံထည့်သွင်းရေးထားခြင်းဖြစ်ကြောင်း သိသာလှသည်။
စာစောင်တွင် အများအပြား ရှင်းလင်းပြမထားပါသော်လည်း ချင်လင်လင်သည် ဤစာကြောင်းအားရေးသားချိန်တွင် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည့်ပုံရှိကြောင်း ကုကျန်းက ရိပ်မိလေပြီး ထူးထူးခြားခြားဖြင့် တွေးမိသည်မှာ ချင်လင်လင်က အနည်းငယ် ချစ်စဖွယ်ကောင်းလှသည်ဟူ၍ဖြစ်သည်။
သူ(မ)ထိုသို့ရေးသား၌ မှားယွင်းစွာ ပြုမူမိသည်ဟု ခံစားရသည့်အတွက် စကားလုံးတစ်လုံး ထပ်ထည့်သွင်းရေးသားလိုက်ကြောင်း ခန့်မှန်း၍ ရနိုင်ပေသည်။
ဤသည်က မိသားစုမှပို့လိုက်သော ရိုးရိုးရှင်းရှင်း စာတစ်စောင်ဖြစ်သည်မှာ သိသာလှပါသော်လည်း သူဖွင့်ဖတ်လိုက်သောအခါ နောက်တစ်ကြိမ်ထပ်ဖတ်ကြည့်ဖို့ မအောင့်အီးနိုင်ပါပေ။ အထူးသဖြင့် နောက်ဆုံးစာကြောင်းအား အကြိမ်ကြိမ်ထပ်ဖတ်နေမိပြီး နောက်ဆုံးတွင်တော့ စာစောင်အား ချထားလိုက်ပါတော့သည်။
လျိုယွမ်ဟွေ့သည် သူ့ခေါင်းဆောင်က မည်သည့်နေရာသို့ ထွက်သွားကြောင်း မသိလိုက်ပေ။ အချိန်အတန်ကြာမျှ လိုက်လံရှာဖွေပြီးသည့်နောက် ခေါင်းဆောင်က တပ်ရင်းအဆောက်အဦအတွင်းသို့ လာနေကြောင်း မြင်လိုက်ရသည်။
"ခေါင်းဆောင် ဘယ်နေရာကို သွားလေတာလဲ။"
"ဘယ်မှ မသွားပါဘူး။ ဘာကိစ္စရှိလို့လဲ။"
"အာ... မဟုတ်ဘူး။ အဆင်ပြေပါတယ်။" လျိုယွမ်ဟွေ့က ခေါင်းကုတ်လိုက်ပြီး တွေးပြီးရင်းတွေးကာ မေးမြန်းလိုက်သည်။ "ခေါင်းဆောင် မရီးပို့လိုက်တဲ့စာကို ဖတ်ပြီးသွားပြီလား။ စာထဲမှာ တခြားအကြောင်းအရာတွေရော ပြောထားသေးလား။ ဥပမာ…"
"ဥပမာ ငါ့ညီမ အကြောင်းမျိုးလား။"
"အာ... ဟုတ်တယ် ဟုတ်တယ်... ဟဲဟဲ… ခေါင်းဆောင်…"
ကုကျန်းက ပြန်ပြောလေသည်။ "သူ့ကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။" ထိုသို့ပြောပြီးသည့်နောက် ထိုယောက်ျားသည် ဝံ့ကြွားသော မျက်နှာထားဖြင့် အဆောက်အဦအတွင်းသို့ နောက်ကျောပေးကာ ထွက်သွားလေတော့သည်။
လျိုယွမ်ဟွေ့က သူ့နောက်သို့ လိုက်သွားရန်ပြင်လိုက်စဉ် တံခါးက ဝုန်းခနဲ ပိတ်သွားလေသည်။ "ဝင်ခွင့်မပြုဘူး။"
"ခေါင်းဆောင်…" အညှာအတာကင်းမဲ့လှသော ပိတ်ထားသည့်တံခါးအား ကြည့်ရင်းဖြင့် လျိုယွမ်ဟွေ့သည် နှလုံးသားအတွင်းမှပင် ညှဉ်းပန်းနှိပ်စက်ခံနေရလေသည်။
"ခေါင်းဆောင် ခေါင်းဆောင်ရဲ့ ညီမက အရမ်းကောင်းတဲ့သူပါ။ ကျွန်တော်နဲ့ မိတ်ဆက်အောင်သွယ်ပေးဖို့ အစီအစဉ်မရှိဘူးလား။"
"ခေါင်းဆောင်ပဲပြောခဲ့ဖူးတယ်မဟုတ်လား။ ကျွန်တော်နဲ့ လက်ထပ်မဲ့ ဘယ်သူမဆို ကံကောင်းလိမ့်မယ်ဆို။"
လျိုယွမ်ဟွေ့အား ပြန်လည်ဖြေကြားခြင်းပြုသည်မှာ သူ့နားနားအတွင်း ဖြတ်သန်းတိုက်ခတ်နေပါသည့် လေညင်းသာဖြစ်ပေသည်။
အမှန်တကယ်တွင်မူ ကုကျန်းသည် အပြင်ဘက်ရှိ အသံများအား လုံးဝမကြားတော့ပေ။ အခန်းအတွင်း ဝင်လာပြီးသည့်နောက် ကောင်းကင်က မှောင်သွားပြီဖြစ်သည်။ မီးအိမ်ကလေးအား ထွန်းညှိလိုက်ပြီး စာပါအကြောင်းအရာများအား သေချာစွာ ဖတ်ရှုနေလေသည်။ ထို့နောက် စာရွက်လေးအား ခေါက်ကာ အံဆွဲထဲ သိမ်းထည့်ထားလိုက်သည်။
စားပွဲပေါ်ရှိ စာရွက်ပါးပါးကလေးဘေးတွင် ဘောပင်တစ်ချောင်း ရှိလေသည်။ ဘောပင်ကလေး၏ပုံစံသည် ခေတ်နောက်ကျလျက်ရှိပြီး နှစ်များစွာကြာအောင် အသုံးပြုမှုကြောင့် ချောမွတ်နေလေသည်။
မီးအိမ်လေး၏ အလင်းရောင်အောက်တွင် ကုကျန်းသည် အချိန်အတန်ကြာအောင် အရှိန်ယူနေပြီး နောက်ဆုံးတွင် စားပွဲပေါ်မှ ဘောပင်အား ကောက်ကိုင်လိုက်ကာ စာစရေးလေသည်။
ကုကျန်းသည် ဤတစ်ခေါက်တွင် စာရေးသားရာ၌ စာရွက်နှစ်ရွက်ကို အသုံးပြုရကာ စုစုပေါင်း စာမျက်နှာလေးမျက်နှာစာရှိလေပြီး အကြောင်းအရာများစွာ ရေးသားလေသည်။
အဆုံးတွင်တော့ စာပါအကြောင်းအရာများအား ဖြန့်ကြက်ကြည့်ရှုပြီးသည့်နောက် ထပ်မံရေးသားလိုက်သည်။ "နှစ်သစ်မှာ ငါ အိမ်ပြန်လာနိုင်လိမ့်မယ်။ နားရက်က ကြာမှာ မဟုတ်ပေမဲ့ တတ်နိုင်သမျှ ရက်နည်းနည်းကြာအောင်တော့ အိမ်မှာ နေဖြစ်လိမ့်မယ်။"
စာရေးသားပြီးသည့်နောက် ကုကျန်းသည် စာစောင်အား အချိန်ကြာအောင် ကြည့်ရှုစစ်ဆေးနေပြီး မည်သည့်အရာမျှ မှားယွင်းသည်မျိုးမရှိကြောင်း သေချာစစ်ဆေးနေလေသည်။ ထို့နောက် စာစောင်ကို ခေါက်လိုက်ပြီး ထည့်သွင်းရန် စာအိတ်ကိုထုတ်ကာ ဝယ်ထားသော တံဆိပ်ခေါင်းအား တပ်ဆင်လိုက်သည်။
ကုကျန်း ဤတစ်ခေါက် တပ်ရင်းသို့ ပြန်လာသည့်အခါက တံဆိပ်ခေါင်းများစွာ ဝယ်ဖြစ်ခဲ့သည်။
အကြောင်းပြချက်တစ်ခုမှာ စာရေးသားပေးပို့ရာ၌ အဆင်ပြေလွယ်ကူစေရန်ဖြစ်ကာ နောက်အကြောင်းပြချက်မှာမူ နောက်နှစ်များအတွင်း ဤကဲ့သို့သောတံဆိပ်ခေါင်းများ၏တန်ဖိုးမှာ တိုင်းတာ၍မရနိုင်လောက်အောင် မြင့်တက်လာမည်ဖြစ်ကြောင်း သိလေသည့်အတွက် စုဆောင်းမှုတစ်ရပ်အဖြစ် ဝယ်ထားရန် စီစဉ်ထားလေသည်။
…
ကုကျန်းက ချင်လင်လင်ထံသို့ စာရေးသားပေးပို့စဉ်တွင် သူ(မ)က ကျောင်းသင်ကြားရေးတွင် အသားကျလာပြီဖြစ်သည်။
ချင်လင်လင်သည် ဤကလေးများအား ပထမအကြိမ် သင်ကြားပေးစဉ်က အလွန်ပင်ပန်းမိလေသည်။
ကျေးလက်မှ ကလေးများက မြို့ပြမှ မိမိအသိစိတ်ဖြင့် ကျောင်းတက်ကြသော ကလေးများနှင့် ကွဲပြားခြားနားလှသည်။ အဘယ်ကြောင့်ဆိုသော် မြို့ပြမှကလေးများသည် သူတို့ကျောင်းပြီးသည့်အခါ အလုပ်ကောင်းကောင်းရနိုင်ကြောင်း နားလည်ကြသည်။ သို့သော် ကျေးလက်မှ ကလေးများကမူ သူတို့သည် ဗဟုသုတများစွာ သင်ကြားနိုင်ခဲ့သည်ဆိုလျှင်ပင် အိမ်ပြန်ပြီး လယ်ယာလုပ်ငန်းအား လုပ်ကိုင်ပေးကြရန် လိုအပ်နေသေးသည်ပင်။ အဆုံးသတ်တွင် ကောက်ပဲသီးနှံများ စိုက်ပျိုးရမည့်အတူတူ အဘယ်ကြောင့်များ စာသင်ကြားနေကြပါဦးမည်နည်း။
သူတို့တွေဟာ အနာဂတ်တွင် လယ်ယာလုပ်ကိုင်ကြရဦးမည်ဆိုလျှင်တောင် သူတို့သင်ကြားခဲ့သော ဗဟုသုတများက အသုံးဝင်လိမ့်မည်ဖြစ်ပါကြောင်း ချင်လင်လင်က ရှင်းပြခဲ့ရလေသည်။ ကောက်ပဲသီးနှံများအား ချိန်တွယ်ရာ၌လည်းကောင်း၊ မိသားစုဝင်တစ်ယောက်ချင်းအားဖြင့် ရရှိမည့် အလုပ်အမှတ်အရေအတွက်အား သိနိုင်သည်သာမက ပိုမိုသင်ကြားလေ့လာဦးမည်ဆိုပါက စိုက်ပျိုးရေးနှင့်သက်ဆိုင်သော အသိပညာများ သိလာမည်ဖြစ်သည့်အပြင် အစားအစာထုတ်လုပ်မှုလည်း ပိုမိုတိုးတက်လာမည့်အကြောင်းများ ပြောပြရလေသည်။
ကလေးများက နားလည်ကြဟန်တူသည်။ ချင်လင်လင်သည် သူတို့တွေအား သင်ကြားပေးရန် သင့်လျော်သော စည်းမျဉ်းများအား အသုံးပြုကာ ချိုချဉ်အချို့ကို ဝယ်ယူလျက် ဆုလာဘ်အဖြစ် ချီးမြှင့်တတ်လေသည်။
ဤကလေးများသည် နောက်ပိုင်းမျိုးဆက်များမှ ကလေးများထက် အရွယ်ရောက် ရင့်ကျက်မှု စောကြသော်လည်း မည်သို့ပင်ဆိုပါစေ သူတို့သည် ကလေးများသာ ဖြစ်ကြပါသေး၏။ ချင်လင်လင်က သူတို့အား သင်ကြားပေးရာ၌ ချော့တစ်ခါ ခြောက်တစ်လှည့် သင်ပေးရလေသည်။ ကလေးများကလည်း အစောပိုင်းကလောက် မဆိုးသွမ်းကြတော့ပေ။
နေ့စဉ်နေ့တိုင်း ကျောင်းမှ ပြန်ရောက်သည့်အခါ ချင်လင်လင်က သူ(မ)၏ ယောင်းမအတွက် သင်ယူလေ့လာရမည့်စာများ ပြင်ဆင်ပေးလေသည်။
သတ်မှတ်ထားသော အကြောင်းအရာအတိအကျ မရှိသည့်အတွက် သင်ကြားပေးရသည်က လွယ်ကူပေသည်။ စကားလုံးအနည်းငယ် သင်ယူနိုင်သည်နှင့်အမျှ အလွတ်မှတ်မိနေအောင် ကျက်မှတ်ခိုင်းရသည်။ *တစ်လုတ်တည်းဖြင့်တော့ လူဝကြီးမဖြစ်နိုင်ပါပေ။ (*T.N//တစ်ချက်ကြိုးစားရုံဖြင့် မအောင်မြင်နိုင်ပါ။)
သူ(မ)အား သင်ကြားပေးနေစဉ်တွင် ရွာထဲရှိ အခြားသော စာလေ့လာသူများအတွက် ချင်လင်လင်က အိမ်စာများအားလည်း အခါအားလျော်စွာ ပေးလေ့ရှိသည်။
သူ(မ) အလုပ်များ ပြီးသည့်နောက် ချင်လင်လင်က ကိုယ်တိုင်လေ့လာမှုအား စတင်ရလေသည်။
မည်သို့ပင်ဆိုစေ သူ(မ)အနေဖြင့် အထက်တန်းကျောင်းပြီးခဲ့သည်မှာ နှစ်များကြာညောင်းခဲ့ပြီဖြစ်သည်။ အချို့သော စာများကို မေ့လျော့နေခဲ့ပြီဖြစ်ပါ၏။ ထို့အပြင် ဤခေတ်တွင် သင်ကြားရသော စာများက ပို၍ရှေးကျလေသည်။ လေ့လာသင်ယူရသည့်အကြောင်းအရာများမှာ ခေါင်းဆောင်ဟောင်းများအား (ဘုရင်များ) ချီးမွမ်းခြင်းအား အဓိကထားလေ့ရှိပြီး နိုင်ငံရေးအုပ်ချုပ်မှုကောင်းမွန်သည့်အကြောင်းများဖြစ်လေ့ရှိသည်။ သို့ဖြစ်ပါ၍ သူ(မ)က ထိုဗဟုသုတများအား သိထားရန်လိုအပ်ပေသည်။
သူ(မ)အနေဖြင့် တတ်ကျွမ်းကြောင်း ဂုဏ်ယူဝံ့ကြွားနိုင်သော ဘာသာရပ်မှာ အင်္ဂလိပ်ဘာသာပင်ဖြစ်၏။ အနည်းဆုံးတော့ ဤခေတ်တွင် သူ(မ)၏ အင်္ဂလိပ်စာစွမ်းရည်သည် အခြားသော ချန်ပီယံများအား အလဲထိုးနိုင်စွမ်းရှိပေသည်။
…
ရာသီဥတုက ပို၍အေးလာပြီဖြစ်ပြီး မြောက်လေက တိုက်ခတ်လို့လာပြီဖြစ်သည်။ ချင်လင်လင်သည် အပေါ်ဝတ်အင်္ကျီကို တင်းတင်းကျပ်ကျပ် ပတ်ထွေးလျက် စက်ဘီးအားတွန်းကာ ကုယောင်အား သွားခေါ်ရန်ပြင်လိုက်သည်။ သူ(မ)က ရက်သတ္တပတ် ပိတ်ရက်များတွင် ကောင်တီမြို့လေးသို့ သွားလေ့ရှိသည်။
ကုယောင်သည် သူ(မ)က အပြင်ထွက်ရန် နေ့လယ်စာပါ ပြင်ထားသည်ကို မြင်သောအခါ မေးလိုက်သည်။ "ယောင်းမ ကျွန်မတို့ ဒီနေ့ ဘယ်နေရာ သွားကြမလဲ။"
"ကောင်တီမြို့ကိုသွားကြမယ်။ ပိုပြီးလေ့လာသင်ယူလို့ရအောင် တခြားစာအုပ်တွေ သွားရှာကြမယ်။" သူတို့သွားမည့် ကောင်တီမြို့သည် အတော်ကလေး အလှမ်းဝေးပေရာ သူတို့အနေဖြင့် နေ့လယ်စာ စားချိန်အမှီ ပြန်မရောက်နိုင်ပေ။
"အိုး..."
မြို့သို့ရောက်ကြသည့်အခါ ကုယောင်သည် ချင်လင်လင်အား စက်ဘီးရပ်ရန် ပြောလိုက်သည်။
"အစ်ကိုကြီးရဲ့စာစောင် ဒီနေ့ရောက်လောက်သလား။ ငါတို့ အရင်ဆုံး စာရောက်၊ မရောက် တစ်ချက်လောက် မေးကြည့်ရအောင်လေ။"
ချင်လင်လင်က စာစောင်အား အပြန်မှယူလျှင်လည်း နောက်ကျလိမ့်မည် မဟုတ်ဟု ထင်မိလေသည့်အတွက် တုံ့ပြန်ပြောလိုက်သည်။ "အပြန်မှ ယူကြမယ်လေ။"
ထို့နောက် တစ်စုံတစ်ရာအား တွေးတောမိရင်းဖြင့် ထပ်မံရပ်တန့်လိုက်သည်။ "ကောင်တီမြို့ကို မသွားခင် စာကိုအရင်ယူတာ ပိုကောင်းပါတယ်။"
အစောပိုင်းက စာ ၂ စောင်ကြောင့်လည်းကောင်း ဖြစ်နိုင်ပေလိမ့်မည်။ သူ(မ)က တပ်ရင်းအတွင်း၌ ဖြစ်ပျက်သည်တို့အား ဖတ်ရှုရန် အလွန်သိချင်နေခဲ့မိလေသည်။
ကုယောင်သည် သူ(မ)အား ခဏမျှ လှမ်းကြည့်လေသည်။ ထို့နောက် မစဘဲ မနေနိုင်တော့ပေ။ "ယောင်းမ နင် ငါ့အစ်ကိုကို လွမ်းနေတာ မဟုတ်လား။"
ချင်လင်လင်သည် ထိုစကားကိုကြားသောအခါ မှင်သက်ဆွံ့အသွားသည်။ ထို့နောက် အလျင်စလို ပြန်ပြောလိုက်သည်။ "နင် ဘာတွေပြောနေတာလဲ။ နင်က ကောင်းကောင်း စာမလေ့လာတဲ့ ကောင်မလေးပဲ။ ဒါကိုတောင် ဘာလို့ ငါနဲ့နင့်အစ်ကိုကို လာစနေရသေးတာလဲ။"
သူ(မ) စကားပြောနေစဉ်တွင် ချင်လင်လင်သည် သူ(မ)၏ မျက်နှာက အပူဖြာထွက်နေကြောင်း ခံစားနေရလေသည်။ သူ(မ)က မရေမရာ ခံစားလိုက်ရသည်။
'ငါ့မျက်နှာက ဘာလို့ပူနေရတာလဲ။'
သူ(မ)က ကိုယ့်မျက်နှာအား ရှင်းလင်းသေချာစွာ မမြင်နိုင်ပေ။ သို့သော် သူ(မ)ရှေ့ရှိ ကုယောင်ကမူ ရှင်းလင်းသေချာစွာ မြင်နိုင်ပေ၏။
အချိန်ကြာမြင့်စွာ ယောင်းမနှင့် ရင်းနှီးလာပြီးသည့်နောက် ကုယောင်သည် တစ်ဖက်လူ၏ စိတ်နေစိတ်ထားအား သိရှိလာပြီဖြစ်သည်။ သူ(မ) နှုတ်မှစကားသည် အပြစ်တင်ဝေဖန်နေဟန်ရှိပါသော်လည်း အသံနေအသံထားမှာမူ မာရေကျောရေ လုံးဝမရှိပါပေ။
ယောင်းမ၏ ရှက်သွေးဖြာနေသော မျက်နှာအား မြင်တွေ့ရသောအခါ ကုယောင်သည် မနေနိုင်စွာ စနောက်နေမိတော့သည်။ "ယောင်းမ ရှက်နေပြီပဲ။ ကြောက်စရာကောင်းလောက်အောင် မျက်နှာက ရဲတွတ်နေပြီကိုများ အစ်ကိုကြီးကို မလွမ်းပါဘူးလို့ ပြောချင်နေသေးတာ။ စိတ်ထဲမှာတော့ အစ်ကိုကြီးအကြောင်းကို တွေးနေပြီမဟုတ်လား။"
"မဟုတ်ပါဘူးနော်။" ချင်လင်လင်က လျင်မြန်စွာ ငြင်းဆန်လိုက်သည်။ မျက်နှာအား လက်ဖြင့် အုပ်လိုက်သောအခါ ရှင်းမပြနိုင်စွာဖြင့် သူကိုယ်တိုင်ပင်လျှင် ရှက်ရွံ့မှုအား ခံစားနေရလေသည်။
သူ(မ)သည် စာကိုအရင်ယူချင်ခဲ့သည်မှာ ကောင်တီမြို့မှပြန်လာပြီးနောက် ကုကျန်း၏စာစောင်အား ရှာဖွေရန် စာတိုက်ရုံးသို့ မသွားချင်သောကြောင့်သာဖြစ်သည်ဟု တစ်ကိုယ်တည်း တွေးနေမိ၏။ သူ(မ) ကုကျန်းကို နှစ်သက်သည်၊ မနှစ်သက်သည်နှင့် လားလားမျှ ဆိုင်မနေပါချေဟုပင် ထပ်မံ တွေးနေမိသည်။
သူ(မ)နှင့် ကုကျန်းတို့သည် ကောင်းမွန်စွာ ရင်းနှီးကျွမ်းဝင်မှုပင် မရှိပါချေ။ စာစောင်အနည်းငယ်မျှသာ အချင်းချင်းဖလှယ်ဖူးကြခြင်းသာဖြစ်ပါ၏။ မည်သည့်အတွက်နှင့်များ သူတို့အချင်းချင်း ခံစားချက်များ ရှိနေရပါမည်နည်း။
သို့ဖြစ်ပါ၍ သူ(မ) အဘယ်ကြောင့် ရှက်နေရပါသနည်းဟု မေးလာလျှင်မူ ဤသည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟူ၍သာ ဖြစ်ပါ၏။ မည်သူမဆို ဤကဲ့သို့စနောက်ခံရပါက တစ်ဖက်လူအပေါ် ခံစားချက်မရှိလျှင်ပင် ရှက်ရွံ့တတ်ကြလိမ့်မည် မဟုတ်ပါလော။ ထို့ကြောင့် ဤသို့အားဖြင့် တစ်ဖက်လူအား နှစ်သက်သဘောကျနေသည်ဟု ယူဆလိုက်၍ မရနိုင်ပါချေ။
ချင်လင်လင်သည် ထိုအတွေးများအား ကုယောင်အား ပြောမပြတော့ဘဲ သူ(မ)အား တိုက်တွန်းလိုက်သည်။ "စာတိုက်ရုံးကိုသွားပြီး နင့်အစ်ကိုဆီက စာရောက်၊ မရောက် သွားမေးကြည့်လိုက်။ ငါက အပြင်ဘက်က စောင့်နေမယ်။"
_*****_

YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...