အခန်း (၃၇) - မနာလိုဝန်တိုမှု
လင်းချီချီသည် ချင်လင်လင်၏အကြောင်းအား ဖုရှောင်ယွဲ့မှတစ်ဆင့် ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။ ထိုအချိန်တွင် ဖုရှောင်ယွဲ့သည် ထိုအကြောင်းအား အခြားသော ပညာတတ်အမျိုးသမီးငယ်တို့အား ပြောပြနေခြင်းဖြစ်ပေ၏။ သူ(မ)က အားကျနေကာ ပျော်ရွှင်နေလျက်ရှိပေသည်။
လင်းချီချီသည် ထိုနေရာသို့သွားလျက် မနှစ်မြို့သောအသံဖြင့် ပြောလိုက်သည်။ "ဘာတွေများ တအား ပျော်စရာကောင်းနေလို့လဲ။ ဒေသခံရွာသားကို လက်ထပ်လိုက်တဲ့ ပညာတတ်လူငယ်တွေက အတုံးဆုံးလူတွေပဲ။ တစ်ဘဝစာလုံး ကျေးလက်မှာပဲနေရမှာက ဘာတွေများ အားကျဖို့ကောင်းနေလို့လဲ။"
ဖုရှောင်ယွဲ့သည် သူငယ်ချင်းအတွက် စိတ်လှုပ်ရှားပျော်ရွှင်နေလျက်ရှိသည်။ လင်းချီချီ၏စကားကိုကြားသောအခါ သူ(မ)၏ မျက်နှာက ချက်ချင်းဆူပုတ်သွားပြီး လင်းချီချီအား ပြောလိုက်သည်။ "လင်းချီချီ နင်ဘာကိုဆိုလိုတာလဲ။"
"စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ အမှန်တရားကို ပြောပြရုံပဲလေ။ သူ ဘယ်သူ့ကိုလက်ထပ်လိုက်တာလဲဆိုတာကို မကြည့်ဘူးလား။ စစ်သားတစ်ယောက်ဖြစ်နေရင်တောင် ရွာသားတစ်ယောက်ဆိုတဲ့ သူ့ရဲ့ပုံရိပ်ကို ဖျောက်ဖျက်နိုင်တာမှ မဟုတ်တာ။ အခုကစပြီး ချင်လင်လင်က သူ့တစ်ဘဝလုံး ကျေးလက်တောရွာမှာပဲ နေထိုင်ရတော့မှာ။ သူ မြို့ကိုပြန်လို့မရနိုင်တော့ဘူး။ အဲဒါက အားကျဖို့ကောင်းနေလို့လား။ ပြီးတော့ ကျေးလက်တောရွာက မူလတန်းကျောင်းဆရာမရဲ့လစာက များနိုင်မှာမို့လို့လား။ မြို့ပြကနေရာလိုမျိုးကို သူသွားနိုင်မှာတောင် မဟုတ်ဘူး။"
အခြားသူများက လင်းချီချီ၏စကားအားကြားပြီးနောက် သဘောတူစွာခေါင်းညိတ်လိုက်ကြသည်။
လင်းချီချီ၏ပြောစကားများက အကျည်းတန်လှပါသော်လည်း မှားယွင်းနေသည်မျိုးတော့ မဟုတ်ပါပေ။
ပညာတတ်လူငယ်များ၏အမြင်တွင်မူ မြို့ပြမှ လူနေထိုင်မှုဘဝကသာ အမှန်တကယ် ကောင်းမွန်ပေသည်။ သူတို့အနေဖြင့် မြို့ပြသို့သာ ပြန်လိုကြပါ၏။ သူတို့အတွက် ကျေးလက်တွင်နေထိုင်ရသည့်ဘဝက လုံလောက်နေပေပြီ။ လူအနည်းငယ်လောက်ကသာ လယ်လုပ်ငန်းခွင်မှ နှုတ်ထွက်နိုင်ရန်အတွက် တစ်ဘဝစာလုံး ကျေးလက်တွင် နေထိုင်ရန် ဆန္ဒရှိပါသော်လည်း အများစုကတော့ ဤသို့မဟုတ်ကြပါပေ။ အများစုသည် အချိန်တန်လာသည့်အခါ ဤနေရာမှ ထွက်သွားကြဖို့ရန် စောင့်ဆိုင်းဖို့ပင် မအောင့်အီးနိုင်ကြတော့ပါချေ။
သို့သော်လည်း သူတို့တွေ၏ ဘဝကမှ အတော်ကလေး ကောင်းမွန်ပါသေး၏။ များစွာသော ပညာတတ်လူငယ်တို့သည် မြောက်ပိုင်းဒေသ၏ ချောင်ကျသောတောရိုင်းမြေများသို့သွားကြရသည်။ သူတို့တွေ၏ ဘဝက ပို၍ပင် ခက်ခဲပင်ပန်းပေသည်။
ဒေသခံလူနှင့် လက်ထပ်လိုက်သည့်အခါ လုပ်ငန်းခွင်မှ နှုတ်ထွက်နိုင်ပါသော်လည်း မြို့ပြသို့ပြန်နိုင်မည့် အခွင့်အရေးအား အပြီးတိုင် ပိတ်ပင်လိုက်သကဲ့သို့ဖြစ်သွားသည့်အပြင် နောင်တွင် ရင်သွေးများလည်း ရရှိလာဦးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောင်တွင် ကလေးများအား ချန်ထားရစ်ကာ မြို့သို့ပြန်သွားရန်လည်း မဖြစ်နိုင်တော့ပါပေ။ ထို့ကြောင့် ကျေးလက်တွင် နှစ်အနည်းငယ်မျှ ပိုကြာကြာနေကာ မပြန်နိုင်သေးခင်အချိန်အထိ အစိုးရပေါ်လစီ ရုပ်သိမ်းသည်ကို စောင့်ဆိုင်းသည်ကသာ ပို၍ကောင်းပေသည်။
ထို့ကြောင့် လူများစွာသည် ချင်လင်လင်က လယ်လုပ်ငန်းခွင်မှ နှုတ်ထွက်လျက် ကျောင်းဆရာမအဖြစ် လုပ်ကိုင်တော့မည်ကို အားကျမိကြပါသော်လည်း ချင်လင်လင်သည် ဒေသခံရွာသားတစ်ဦးအား လက်ထပ်ခဲ့ရပြီး ကျေးလက်ဒေသတွင်ပင် တစ်သက်လုံး နေထိုင်ရတော့မည်အကြောင်းအားလည်း တွေးတောမိကြသည်။ ထို့ကြောင့် ချင်လင်လင်၏ လုပ်ကိုင်နိုင်စွမ်းအပေါ် အားကျမိကြပါသော်လည်း တစ်ချိန်တည်းမှာပင် ရွာသားတစ်ဦးအပေါ် သူ(မ)၏ ချဉ်းကပ်ခဲ့မှုအား အထင်အမြင်သေးမိကြလေသည်။
သူတို့အတွက်မူ တောက်ပသော အနာဂတ်ရှိသည့် မြို့ပြမှ ပညာတတ်မိန်းမချောလေးတစ်ယောက်သည် ဒေသခံရွာသားအား လက်ထပ်လိုက်သည်ဆိုသည်မှာ နိမ့်ကျသော အိမ်ထောင်ရေးတစ်ခုသာဖြစ်ပေသည်။
ချင်လင်လင်သည် ယခုနေတွင် အဆင်ပြေနိုင်ပါသေးသော်လည်း တစ်နေ့နေ့တွင် အစိုးရပေါ်လစီက ဖျက်သိမ်းပြီးသွားသည့်နောက် သူတို့အားလုံး မြို့သို့ပြန်ကြသည့်အခါ သူ(မ)က တစ်သက်တာလုံးအတွက် ကျေးလက်တွင် နေရစ်ခဲ့နိုင်ပါမည်တဲ့လား။ ထို့အပြင် ယခုအအချိန်ထိ အစိုးရပေါ်လစီက တရားဝင်ရုပ်သိမ်းခြင်းမရှိသေးသော်လည်း နှစ်စဉ်နှစ်တိုင်း ပညာတတ်လူငယ်များက မြို့သို့ပြန်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားလို့ရနေဆဲပင်ဖြစ်ပေသည်။
"အဲဒါ နင်နဲ့ဘာဆိုင်လို့လဲ။" ဖုရှောင်ယွဲ့က ချက်ချင်းတုံ့ပြန်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါနဲ့တော့ မဆိုင်ပါဘူး။" လင်းချီချီသည် ပြုံးလိုက်ပြီး သူ(မ)အကြည့်များက သူတို့ရှိရာအရပ်ဆီသို့လာနေသော ချင်လင်လင်ထံရောက်သွားသည်။ ထို့နောက် လင်းချီချီ၏အသံက တမင်တကာကျယ်လာ၏။ "မြို့ကိုပြန်နိုင်တဲ့အခွင့်အရေးရှိရက်နဲ့ ဒေသခံရွာသားကို လက်ထပ်တယ်။ သူ့ဦးနှောက်က ရေတွေနဲ့ပြည့်နေတာများလား။"
"ဦးနှောက်ထဲမှာ ရေတွေဘယ်လောက်ပဲရှိရှိ နိုးကြားတက်ကြွနေတယ်ဆိုတာထက်တောင် ပိုပါသေးတယ်။" ချင်လင်လင်သည် ရှေ့တိုးလာပြီး ရုတ်တရက်ပြောလိုက်သည်။ (*T.N // သူ့ဦးနှောက်က ရေတွေပြည့်နေရင်တောင် သူက မတုံးအ ပါဘူးလို့ ပြောလိုက်တာပါ။)
"ငါက ဘယ်လောက်ပဲ တုံးအပါစေဦး အနည်းဆုံးတော့ ဒီအလုပ်ကြမ်းတွေကို အခုချက်ချင်း မလုပ်ဘဲနေလိုက်လို့ရပြီလေ။ ဒါ့အပြင် ကျောင်းမှာ ဆရာမတစ်ယောက်တောင် ဖြစ်နိုင်သေးတယ်။ ပြီးတော့ ငါမြို့ကိုမပြန်နိုင်တာ မဟုတ်ဘူး။ ငါကိုယ်တိုင်က မြို့ကို ပြန်မသွားချင်တော့တာ။ ဒီလိုဆိုရင်တောင် ငါက နင်တို့လို မြို့ကိုပြန်နိုင်ဖို့ အခွင့်အရေးမရှိလို့မဟုတ်ဘူးနော်။ ဒါက နင်တို့နဲ့ မတူညီတဲ့ သဘောတရားပဲ။"
"သူများမကောင်းကြောင်း ပြောတတ်တဲ့ ဒီလိုအရည်အချင်းနဲ့ နင်ကများ မြို့ကိုပြန်နိုင်ဖို့ ဘယ်လိုအခွင့်အရေးရှိမှာတဲ့လဲ။ နင်က မိန်းမအိုကြီးဖြစ်လာတဲ့အထိ မြို့ကိုမပြန်နိုင်တော့တာတောင် ဖြစ်နိုင်ဦးမှာ။ အဲဒီအခါဆိုရင် မြို့က လူငယ်လေးတွေက နင့်ကို အထင်သေးလာကြမှာလေ။ ဒီကရွာခံတွေကလည်း နင်က ဝါးစားလို့မရလောက်အောင် ရင့်ထော်အိုမင်းနေလို့ ရှောင်ဖယ်ထားကြဦးမှာရယ်။"
"နင်… နင်…"
"ငါ ဘာဖြစ်လဲ။ ငါပြောတာ မှားလို့လား။ နင့်မှာ လုပ်နိုင်စွမ်းရှိနေလို့လား။ အခုပဲကြည့်လေ ဒီနေရာမှာရပ်ပြီး ငါ့ကိုဘာမှတောင် မပြောနိုင်ဘဲနဲ့။"
လင်းချီချီ၏ မျက်လုံးနှင့် နှာခေါင်းသည် စိတ်ဆိုးလွန်း၍ ရွဲ့စောင်းလုနီးပါးပင်။ သူ(မ)သည် အချိန်ကြာအောင် အသက်ရှူအောင့်ထားမိသော်လည်း မည်ကဲ့သို့ သာလွန်စွာ ဆဲဆိုကြိမ်းမောင်းရမည်မှန်း မသိနိုင်တော့ချေ။ နောက်ဆုံးတွင် ဒေါသတကြီးဖြင့် ဆောင့်အောင့်ကာ ထွက်ခွာသွားတော့သည်။
သူ(မ)၏ ထွက်ခွာသွားသော နောက်ကျောဘက်အားကြည့်ရင်းဖြင့် ချင်လင်လင်မှာ ပို၍ပို၍ပင် စွာတေးလန်သည့် ဟန်ပေါ်လာတော့သည်။
ချင်လင်လင်သည် ထိုကဲ့သို့သော လူစားမျိုးအား ယဉ်ကျေးစွာ ဆက်ဆံကိုင်တွယ်၍မရနိုင်ကြောင်း သိပေ၏။ သူတို့သည် အခြားသူ၏ မကောင်းကြောင်းများအား တခုတ်တရပြောရသည်ကို နှစ်သက်လေ့ရှိကြသည်။ သို့ဖြစ်ပါ၍ သူတို့နှင့် ဆက်ဆံပြောဆိုသည့်အခါ ပြန်လှန်စကားမဆိုနိုင်တော့သည်အထိ နှိပ်ကွပ်ပစ်ရပေလိမ့်မည်။ အကယ်၍ ကိုယ်ကသာ ရိုးသားအပြစ်ကင်းမည်ဆိုလျှင် အခြားသူများက အပြစ်တင်စော်ကားပြောဆို၍ ရနိုင်မည်မဟုတ်ပါ။ တစ်ပါးသူအား အနိုင်ကျင့်တတ်ပါသော်လည်း ဖြစ်ပေါ်လာမည့် အကျိုးဆက်အား ကြောက်ရွံ့ခြင်းဟူသည့် အမျိုးအစားတစ်ရပ်လည်းရှိသေးသည်။ ယခု ကျန်းဟွေရှန်းကဲ့သို့ပင် ချင်လင်လင်အားမြင်တွေ့သောအခါ တစ်ခြားတစ်နေရာမှ ရှောင်ကွင်း၍သွားလေသည်။ သူ(မ)အနေဖြင့် မည်မျှပင် စိတ်ဆိုးဒေါသထွက်ကာ ရန်ပြုချင်ပါသော်လည်း မည်သည့်အပြုအမူကိုမှ မပြုရဲပါချေ။
လင်းချီချီသည် ဒေါသများအား ဝမ်းထဲသိမ်းဆည်းရင်းဖြင့် မဖွင့်နိုင် မအန်နိုင်ဖြစ်နေရသည်။ ကျန်းဟွေရှန်းလာသည်ကိုမြင်သောအခါ သူ(မ)ဆီသို့ မသွားဘဲမနေနိုင်တော့ပေ။
ပြီးခဲ့သော ၂ ရက်အတွင်း ပလတ်စတစ်သူငယ်ချင်းညီအစ်မနှစ်ဦးတို့သည် ဆိုးဝါးသော ဆက်ဆံရေးရှိနေကြသည်။ ချင်လင်လင်နှင့် ကျန်းဟွေရှန်းတို့ အချင်းများရန်ဖြစ်ကြသည့်နေ့က လင်းချီချီ၏ ပံ့ပိုးပေးမှုအများအပြား မရရှိသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ သို့မဟုတ် ထိုနေ့က ချင်လင်လင်၏ စကားများက ကျန်းဟွေရှန်းအား သက်ရောက်သွားသောကြောင့်လည်း ဖြစ်နိုင်ပါ၏။ ကျန်းဟွေရှန်းသည် လင်းချီချီနှင့် အတူလျှောက်သွားကာ အချိန်ဖြုန်းခြင်းအား ရပ်တန့်လိုက်သည်။
"ဟွေရှန်း ဘယ်ကပြန်လာတာလဲ။" လင်းချီချီသည် မေးမြန်းရင်းဖြင့် ကျန်းဟွေရှန်း၏လက်အား ကျွမ်းကျင်စွာ၊ ပျူငှာရင်းနှီးစွာဖြင့် ဖော်ရွေသောအသံဖြင့် မေးလိုက်သည်။
တစ်ဖက်လူသည် ကိုင်ထားသောလက်အား ကြည့်လိုက်ပြီးနောက် မည်သို့မှ မဆိုဘဲ တစ်ခဏကြာမှ ပြောလေသည်။ "အဝတ်လျှော်သွားတာ။"
ချင်လင်လင်ဆိုသည့် အမျိုးသမီးက ထက်မြက်သွက်လက်လာပြီးနောက်ပိုင်း၌ ကျန်းဟွေရှန်းသည် အဝတ်လျှော်ရာ၌ဖြစ်စေ အခြားသော အလုပ်များလုပ်ရာ၌ဖြစ်စေ ကိုယ်တိုင်လုပ်ဆောင်နေရလေသည်။
"ဟွေရှန်း ချင်လင်လင်က ဘယ်လောက်မုန်းဖို့ကောင်းလဲဆိုတာ နင် မသိလို့နော်။ သူက သူကိုယ်သူ ကျောင်းဆရာမ လုပ်နိုင်မယ်လို့ တကယ်ကြီးထင်နေပြီး မောက်မာနေသေးတယ်။ အခုလေးတင် သူ ငါနဲ့ရန်ဖြစ်လာတာလေ။ ငါ့ကိုတကယ် ဒေါသထွက်စေတယ်။ ငါတို့ပညာတတ်လူငယ်တွေက သူ့ထက်နိမ့်ကျသလိုမျိုး ပြောတာ။ သူက ဒေသခံရွာသားကိုလက်ထပ်လိုက်တော့ မြို့ကိုမပြန်နိုင်တော့ပေမဲ့ အနည်းဆုံး ကျောင်းဆရာမ လုပ်နိုင်သေးသတဲ့။ ငါတို့ကျတော့ တစ်သက်လုံး ရွာမှာပဲနေရင်း လယ်လုပ်ရမှာတဲ့လေ။"
လင်းချီချီသည် အကြောင်းအရာများစွာအား မီးလောင်ရာလေပင့်သည့်သဖွယ် ပြောဆိုလေသည်။
ကျန်းဟွေရှန်းက ချင်လင်လင်အား မုန်းတီးကြောင်း သူ(မ) သေချာသိပေသည်။ ထိုအကြောင်းအရာအား ပြောပြခြင်းဖြင့် ကျန်းဟွေရှန်း၏ဒေါသအား ဆွပေးနိုင်လိမ့်မည်ဖြစ်သည်။
သို့သော်လည်း လင်းချီချီသည် ကြာမြင့်စွာပြောနေပါသော်လည်း ဘာကြောင့်မှန်းမသိနိုင်စွာ ကျန်းဟွေရှန်းက ဒေါသထွက်မလာသေးပေ။ ကျန်းဟွေရှန်းသည် သူ(မ)အား မတူညီစွာ ကြည့်လာပြီးလျှင် ပြောလေသည်။ "ချင်လင်လင်က အနိုင်ကျင့်ဖို့မလွယ်မှတော့ သူနဲ့ နောက်ထပ်ရန်မဖြစ်နဲ့တော့။ ပျင်းစရာကောင်းတယ်လေ။ လုပ်ရမဲ့အလုပ်ပဲ လုပ်ကြရအောင်။"
လင်းချီချီက အံ့အားသင့်သွားသည်။ "ဟွေရှန်း နင်ပြောတာက…"
"ကောင်းပြီ။ နင့်အလုပ်ကိုသာ ကောင်းကောင်းသွားလုပ်တော့။ ငါလည်း အလုပ်တွေအများကြီး လုပ်ရဦးမှာ။" ကျန်းဟွေရှန်းသည် စကားအများကြီး ပြောလိုခြင်းမရှိသည့်ဟန်ဖြင့် ထွက်သွားလေတော့သည်။
ကျန်းဟွေရှန်း၏ နောက်ကျောပြင်အားကြည့်လျက် လင်းချီချီသည် တစ်စုံတစ်ရာ မှားယွင်းနေသည့်နှယ် ခံစားနေရလေသည်။
"သူက ချင်လင်လင်ကို မုန်းတယ် မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ်ပြီး နေနိုင်ရတာလဲ။"
ကျန်းဟွေရှန်းသည် ချင်လင်လင်အား အမှန်တကယ်ပင် မုန်းတီးလှပါ၏။ ချင်လင်လင် ဤလယ်လုပ်ငန်းခွင်သို့ စရောက်လာသည့်အချိန်ကတည်းကစ သူ(မ)အား မနှစ်မြို့ခဲ့ပါပေ။
ချင်လင်လင်ရောက်လာသည့်အချိန်မှစ၍ ကျန်းဟွေရှန်း၏ ပညာတတ်အမျိုးသားငယ်များအကြား ရေပန်းစားကျော်ကြားမှုသည် နူးညံ့ပြီးအားနည်းလှသော ပန်းပွင့်ဖြူလေးလို မိန်းကလေးချင်လင်လင်ကြောင့် ဆုံးရှုံးကွယ်ပျောက်သွားခဲ့ရသည်။ ထိုအချိန်က ကျန်းဟွေရှန်းသည် ချင်လင်လင်ဆိုသည့်ဖြစ်တည်မှု၏ ခြိမ်းခြောက်မှုအန္တရာယ်အား ပထမဦးဆုံးအကြိမ် ခံစားမိခဲ့ခြင်းဖြစ်ပေသည်။ ထို့နောက် တဖြေးဖြေးဖြင့် သိလာရသည်က ချင်လင်လင်သည် ပေါက်စီဖြူဖြူလေးလို နူးညံ့ရုံတင်မဟုတ်ဘဲ ပညာတတ်အမျိုးသားများနှင့် ဆက်ဆံရေးလည်းကောင်းမွန်လှသည်။ များစွာသော ပညာတတ်အမျိုးသားငယ်တို့က သူ(မ)ထံမှ မျက်နှာသာရလိုကြသည့်အတွက် အစားအသောက်များပေးတတ်ကြသည့်အပြင် အလုပ်များလည်း ကူလုပ်ပေးတတ်ကြသည်။ သို့ဖြစ်ပါ၍ ကျန်းဟွေရှန်းတစ်ယောက်တည်းသာ ချင်လင်လင်အား မနှစ်မြို့ခြင်းမဟုတ်ဘဲ အခြားသော ပညာတတ်အမျိုးသမီးငယ်တို့သည်လည်း မနှစ်သက်ကြပေ။
အဆုံးသတ်တွင်တော့ သူတို့အားလုံးသည် ချင်လင်လင်အား အနည်းနှင့်အများ အနိုင်ကျင့်နှိပ်စက်ခဲ့ကြပြီး သူတို့ဆုံးရှုံးသွားခဲ့ရသော ပညာတတ်အမျိုးသားငယ်များထံမှ မျက်နှာသာပေးမှုအား အလျော်အစားအနေဖြင့် ပြန်လိုချင်ခဲ့ကြသည်။ ကျန်းဟွေရှန်းက သဘာဝကျစွာပင် အနိုင်ကျင့်တတ်ဆုံးဖြစ်ကာ အခြားသူများကလည်း အလိုက်သင့် အနိုင်ကျင့်တတ်လာကြသည်။ ထိုသည်ကပင် တရားမျှတညီညွတ်မှုအား ရှာဖွေတတ်ကြပါသည်ဆိုသော ပညာတတ်အမျိုးသမီးငယ်တို့၏ စိတ်ယုတ်မာများပင် ဖြစ်ကြပါတော့သည်။
ကျန်းဟွေရှန်းအနေဖြင့် ချင်လင်လင်အား အမုန်းဆုံးဖြစ်စေသောအရာမှာ ပညာတတ်အမျိုးသားငယ်များက သူ(မ)၏ ရုပ်ရည်အား နှစ်ခြိုက်ကြသောကြောင့်သာမက အဖွဲ့ခေါင်းဆောင်လီကျန်းယဲ့ပင်လျှင် အချိန်အတော်ကြာအောင် လွှမ်းမိုးခံခဲ့ရသောကြောင့်ဖြစ်ပေ၏။
ကျန်းဟွေရှန်းနှင့် လီကျန်းယဲ့တို့၏ ဆက်ဆံရေးသည် စစ်မှန်သည်ဟုဆိုပါသော်လည်း အမှန်တကယ်တွင်မူ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကိုယ်ပိုင်ဆန္ဒများဖြင့် တစ်ကိုယ်ကောင်းဆန်စွာ အသုံးချနေကြခြင်းသာဖြစ်ပေသည်။
ချင်လင်လင်သည် ဤကဲ့သို့ဖုန်းဆိုးမြေမှ ထွက်သွားနိုင်သည့် အခွင့်အရေးရှိလာသည့်အထိတိုင်အောင် သူ(မ)က မြို့ကိုပြန်မသွားခဲ့ဘဲ ရွာဒေသခံအား လက်ထပ်ခဲ့သေးသည်။ ထိုသို့အားဖြင့် ကျန်းဟွေရှန်းအား မနာလိုအားကျဖြစ်စေခဲ့ပြီး ပို၍မုန်းတီးမိလာစေခဲ့သည်။
ထို့နောက် လီကျန်းယဲ့၏ အဖြစ်အပျက်ဖြစ်လာခဲ့သည်။ ခေါင်းဆောင်လီသည်လည်း ဖယ်ရှားခံခဲ့ရပြီး ရဲဌာနမှ အဖမ်းခံခဲ့ရသည်။ ချင်လင်လင်သည် တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာခဲ့ပြီး ကျန်းဟွေရှန်းအား သတိထားမိလာစေခဲ့သည်မှာ ချင်လင်လင်သည် သူတစ်ပါးထံမှ အနိုင်ကျင့်ခံရန် လိုလားသည့်အခါ သူ(မ)အနေဖြင့် စိတ်ကြိုက်အနိုင်ကျင့်နိုင်မည်ဖြစ်ပါသော်လည်း ချင်လင်လင်ကသာ ခုခံလိုသည်ဆိုပါက သူ(မ)အနေဖြင့် မည်သို့မျှပင် ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပါပေ။
မကြာသေးမှီက သူ(မ)သည် လူအများအတွက် ရယ်စရာဟာသဖြစ်ခဲ့ရသည်က များနေပေပြီ။ ချင်လင်လင်၏ *တစ်ဖက်ပိတ်နံရံကိုသာ အကျိုးမဲ့ရိုက်နေမိခဲ့ယုံသာရှိခဲ့သည့် ကိုယ်တိုင်၏အဖြစ်အား ကျန်းဟွေရှန်းက သတိထားမိပါသည်။ ကျန်းဟွေရှန်းအနေဖြင့် ချင်လင်လင်အား ဆက်လက်၍ အနိုင်ကျင့်လို့မရနိုင်တော့ပါကြောင်း ရိပ်မိပေသည်။
(*T.N // တစ်ဖက်ပိတ်နံရံ - ကိုယ်ကပဲရန်စနေပြီး သူ့ဘက်က တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိဘဲ လျစ်လျူရှုခံထားရခြင်း)
သူ(မ)နောက်တွင် အားပေးထောက်ပံ့ပေးသူမရှိပါက သူ(မ)သည် သာမန်ပညာတတ်အမျိုးသမီးငယ်တစ်ဦးသာဖြစ်ချေသည်။ ထို့အပြင် သူ(မ)၏ မိသားစုနောက်ခံကြောင့် အခြားသူများနှင့်ယှဉ်လျှင် ပို၍ပင် သနားစဖွယ်ကောင်းနေပေသေးသည်။ ထိုသို့အားဖြင့် သူ(မ)သည် အမြီးကုပ်၍နေရန်သာ တတ်နိုင်တော့သည်။ ချင်လင်လင်အား အမျက်ထွက်စေပြီး သူ(မ)၏အခြေအနေအလုံးစုံအား အခြားသူများကို ပြောပြလိုက်မည်ဆိုလျှင်ဖြင့် အခြေအနေက ပို၍ပင် ဆိုးဝါးသွားလိမ့်မည်ဖြစ်ပါ၏။
ကျန်းဟွေရှန်းသည် လျင်မြန်စွာ နိုးထလွတ်မြောက်ကာ အသိဝင်လာခဲ့သည်။ သို့သော် လင်းချီချီကတော့ သူ(မ)အား အဘယ်ကြောင့်ပြောင်းလဲသွားရမှန်း နားမလည်နိုင်သေးချေ။
ကျန်းဟွေရှန်း၏ နောက်ကျောပြင်အားကြည့်လျက် လင်းချီချီသည် အစောပိုင်းက စကားအား ဆက်ပြောလိုက်သေးသည်။ "ဘာဖြစ်လို့လဲ။ နင် သတ္တိမရှိတော့လို့လား။ နင်က လုပ်နိုင်စွမ်းရှိသေးတယ်လို့တော့ ငါထင်တာပဲ။"
လင်းချီချီသည် ကျန်းဟွေရှန်းက လီကျန်းယဲ့၏အထောက်အပံ့မရှိဘဲ ရာဘာစက်ရုံတွင် အလုပ်မရနိုင်တော့ကြောင်း တွေးမိလေသည်။
လင်းချီချီသည် တစ်စုံတစ်ရာအကြောင်းအား တွေးတောမိရင်းဖြင့် မနေနိုင်ဘဲ ဝမ်းမြောက်စွာခံစားမိလေသည်။ ပြန်လှည့်သွားလိုက်ပြီး သီချင်းသံစဉ်လေးအားငြီးကာ တာဝန်ခံခေါင်းဆောင်ရှိရာအရပ်ဆီသို့ သွားလေသည်။
…
ချင်လင်လင်က ကျောင်းဆရာမအဖြစ် ကျောင်းတွင် အလုပ်လုပ်တော့မည့်အကြောင်းသည် လယ်လုပ်ငန်းခွင်တွင် ထင်ထားသည်ထက်ပင် ပိုမိုပျံ့နှံ့နေလေသည်။ အချို့က သူ(မ)အား ဂုဏ်ပြုကြောင်းလာပြောကြသည်။ အချို့လူများကမူ ဤသည်က ကောင်းမွန်သည့်အရာမဟုတ်ကြောင်း ပြောဆိုကြလေသည်။ လူတိုင်းက မတူညီသည့် စကားလုံးများနှင့် အတွေးအမြင်များရှိကြသည်ပင်။
ဖုရှောင်ယွဲ့သည် ချင်လင်လင်အား ထိုအကြောင်းအားပြောပြရင်းဖြင့် သူ(မ)အတွက် ဝမ်းနည်းနေမိလေသည်။ "နင်က ကောင်းတဲ့အရာအနေနဲ့ပြောပြတာတောင် လူတွေက ဘာလို့အရမ်းကို မသိတတ်ရတာလဲ။ နင်သာ ငါ့ကိုမေးချင်တယ်ဆိုရင်တော့ ငါက နင် ကျောင်းဆရာမ လုပ်ရမှာကို အားကျမိပါတယ်။ ကျောင်းဆရာမအဖြစ် အလုပ်လုပ်ရမှာက လယ်ထဲမှာ လုပ်ရမှာထက် ပိုကောင်းတာပဲလေ။ ဒီနှစ် ငါတို့လယ်လုပ်ငန်းခွင်ရဲ့ ရိတ်သိမ်းရမှုက နည်းလို့ အကျိုးခံစားခွင့်ကလည်း နည်းလိမ့်မယ်။ နှစ်ကုန်တဲ့အခါ ခွဲဝေပေးဖို့ ငွေကြေးနဲ့ စားစရာတောင် များများကျန်မှာမဟုတ်ဘူး။ ကျောင်းဆရာလုပ်တဲ့အခါ စားနပ်ရိက္ခာတင်မကဘူး ငွေကြေးလည်းရဦးမှာ။ ဘယ်လောက်ကောင်းလိုက်သလဲ။"
"ဒါက တကယ်ကို ပြောစရာမလိုအောင် ကောင်းတဲ့အလုပ်ပဲ။" ချင်လင်လင်ကလည်း အလားတူ တုံ့ပြန်လေသည်။
မကောင်းပြောကြခြင်းမှာ တစ်ဖက်လူသည် *ချဉ်တူးလန်နေပြီး သူ(မ)အား အားကျမှုဖြင့် မနာလိုလွန်း၍သောကြောင့်ဖြစ်ကြောင်း အဆုံးသတ် သုံးသပ်နိုင်ပေသည်။
(*T.N // ချဉ်တူးလန် - မနာလိုခြင်း)
"ဒါပေမဲ့ ငါကြားထားတာ တစ်ခုထပ်ရှိသေးတယ်။" ဖုရှောင်ယွဲ့က ထပ်ပြောသည်။
"ဘာလဲ။"
"ငါကြားထားတာက လင်းချီချီလည်း ရာဘာစက်ရုံမှာ အလုပ်ရတယ်တဲ့။"
ထိုအကြောင်းပြောရမည်ဆိုလျှင်ဖြင့် ဖုရှောင်ယွဲ့က သိပ်ပြီးနှစ်လိုခြင်းမရှိလှပေ။ "ငါတို့အဖွဲ့မှာ ပညာတတ်အမျိုးသမီးငယ်တွေ အများကြီးရှိတာ။ သူ့ထက်ပိုပြီး အလုပ်လုပ်နိုင်စွမ်းရှိတဲ့သူတွေနဲ့ သူ့ထက်ပိုပြီး ပညာတတ်တဲ့သူတွေလည်း အများကြီးရှိတဲ့ဟာကို။ ဘာလို့ ရုတ်တရက်ကြီး သူကမှ အရွေးခံလိုက်ရတာလဲ။"
"နင်ပြောတာ သေချာလို့လား။" ချင်လင်လင်က မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ငါပြောတာ သေချာတယ်။ ကြော်ငြာဆိုင်းဘုတ်မှာ လင်းချီချီနာမည်ပါတယ်။ ငါကြားတာတော့ ရွေးခံရသင့်တဲ့လူက ယန်ချင်တဲ့။ ဘယ်လိုလုပ်ပြီး သူ ရသွားလဲတော့ ငါလည်းမသိဘူး။"
"အိုး… ဒီနေ့ သူ့ကိုတွေ့တော့ အရမ်းပျော်နေတဲ့ပုံပေါက်နေတာ မဆန်းတော့ပါဘူး။ သူက ငါ့ကိုတောင် နှာခေါင်းရှုံ့သွားသေးတယ်။ ဒီလိုကြောင့်ကိုး။"
ရာဘာစက်ရုံမှအလုပ်အကြောင်းသည် ပြောဆိုနေသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး အလုပ်နေရာအချို့လစ်လပ်နေသည့်အတွက် ပညာတတ်လူငယ်များအတွင်းမှ ရွေးချယ်ခေါ်ယူလိမ့်မည်ဖြစ်သည်။ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ခေါ်ယူလိမ့်မည်ဖြစ်ပေသည်။
မကြာသေးမီက ထိုအလုပ်နေရာအတွက် လူတိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြိုးပမ်းနေခဲ့ကြလေသည်။ တစ်စုံတစ်ဦးက တံစိုးလက်ဆောင်ပေးလိုပြီး အခြားတစ်ဦးက နှစ်လိုဖွယ်ရာတစ်စုံတစ်ရာ အပြန်အလှန်ပေးနေကြခြင်းဖြင့် သူတို့အား စက်ရုံအလုပ်သမားအဖြစ်ရွေးရန် မျှော်လင့်နေကြလေသည်။ ထို့ကြောင့်လည်း လီကျန်းယဲ့သည် ချင်လင်လင်က သူ့အားနာခံလိမ့်မည်ဟု တွက်ဆခဲ့ခြင်းဖြစ်ပေသည်။
ဖုရှောင်ယွဲ့ပြောသကဲ့သို့ပင် သူတို့အဖွဲ့အတွင်း၌ လင်းချီချီထက် ပိုထူးချွန်သော ပညာတတ်အမျိုးသမီးငယ်များ ရှိပေသည်။ သို့ရာတွင် သူ(မ)ကသာ ရွေးချယ်ခံရပေသည်။ ဆိုလိုသည်မှာ လှည့်ကွက်ကလေးများ ရှိနေသည့်ဟန်ပင်။
"သူက အမိအရလှမ်းဆွဲထားနိုင်ဖို့ တစ်ခုခုရှိနေတာလို့ ဆိုလိုတာပဲ။" ဖုရှောင်ယွဲ့က ကောက်ချက်ချသည်။
ဖုရှောင်ယွဲ့ စကားပြောလို့ပြီးပြီးချင်းမှာပင် ဆူညံကျယ်လောင်သော အော်သံက အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"လင်းချီချီ… ပြည့်တန်ဆာမ"
_*****_
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...