Chapter 39

818 87 0
                                    

အခန်း ၃၉ - ဒုတိယစာစောင်
 
'ချင်လင်လင်' ဟူ၍ ခေါ်လိုက်သည့်အသံက သူ(မ)အား ချွေးအေးများထွက်လာသည်အထိ ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
 
ကံကောင်းစွာဖြင့် ယန်ချင်ရောက်လာသည်အခါ သူ(မ)က ပြုံးလျက် စကားပြောရုံသာ ရှိလေသည်။ "မိန်းကလေး ချင်လင်လင် မင်္ဂလာပါ။"
 
"အာ… မင်္ဂလာပါ။"
"ငါက ယန်ချုံကောင်တီမြို့ကပါ။ နင်ရော ယန်ချုံကပဲလို့ကြားတယ်။"
 
"အိုး… အဲလိုဟုတ်ပါတယ်။" ချင်လင်လင်သည် သေချာလေးတွေးတောနေမိလေသည်။ မူလကိုယ်ချင်လင်လင်သည် ယန်ချုံကောင်တီမြို့မှ လာခြင်းဖြစ်ပေသည်။
 
မူလကိုယ်ချင်လင်လင်၊ ကျူမာနှင့် ယန်ချင်တို့သည် တူညီသောအရပ်ဒေသမှ ဖြစ်သောကြောင့် ချင်လင်လင်က ခက်ခဲပင်ပန်းမှုများအား ခံစားကြုံတွေ့ရပြီးသည့်နောက် မြို့သို့ပြန်ရောက်သည့်အခါ ကျူမာသည် အခြားမိန်းကလေးတစ်ဦးထံမှ လုယူခြင်းခံလိုက်ရပြီကို သိရှိသွားပြီး သူ(မ)က အလျင်အမြန် တားဆီးနှောင့်ယှက်တော့ခြင်းဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် ယန်ချင်က ပြန်လည်မွေးဖွားခါစသာဖြစ်ပေသည်။ ယန်ချင်သည် ချင်လင်လင်က အဖျက်သမားဖြစ်လာလိမ့်မည်အကြောင်းနှင့် နောင်တွင် မည်သည့်အရာများဖြစ်လာမည်ကို မသိသေးချေ။
 
ထိုသို့နည်းအားဖြင့် တွေးတောမိရင်း ချင်လင်လင်သည် သူ(မ)ထံတွင် အခွင့်အရေးရှိသေးကြောင်း တွေးမိသည်။ အနည်းဆုံးအားဖြင့် သူ(မ)သည် စာအုပ်ဇာတ်ကြောင်းတစ်ခုလုံးအား အသေအချာသိနေပေသည်။ သို့သော်ယန်ချင်သည် သူ(မ)ပြန်လည်မွေးဖွားလာခဲ့သည့် အချိန်အပိုင်းအခြားကာလတစ်ခုကိုသာ ကြိုသိနိုင်ကာ သူ(မ)သိခဲ့ပြီးသော ဇာတ်ကြောင်းကိုသာ ပြောင်းလဲနိုင်စွမ်းပေသည်။
 
"မင်္ဂလာပါ။ ငါက အဖွဲ့ ၃ ကလေ။ ငါတို့လယ်လုပ်ငန်းခွင်ထဲမှာ ယန်ချုံးကလာတဲ့သူ တခြားတစ်ယောက်ရှိသေးတဲ့အကြောင်း မသိခဲ့ဘူး။ အခုကစပြီး ငါတို့ သူငယ်ချင်းတွေလုပ်လို့ရပြီ။" ယန်ချင်သည် ချင်လင်လင်၏ လက်အား နွေးထွေးဖော်ရွေစွာဖြင့် ဆုပ်ကိုင်ထားသည်။
 
တစ်ဖက်လူ၏လက်အားကြည့်ရင်းဖြင့် ချင်လင်လင်သည် ဤဇာတ်ကွက်သည် မှားယွင်းနေသကဲ့သို့ ခံစားနေရလေသည်။
 
မူရင်းဇာတ်ကြောင်းအရ ချင်လင်လင်နှင့် ဇာတ်လိုက်ယန်ချင်တို့သည် လယ်လုပ်ငန်းခွင်အတွင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြဟန်မတူခဲ့ပါချေ။ တစ်ဦး၏ဖြစ်တည်မှုအား နောက်တစ်ယောက်က သိပင်မသိခဲ့ပါပေ။ သူတို့တစ်ဦးနှင့်တစ်ဦးသည် မြို့သို့ပြန်ရောက်ပြီးမှသာ သိခဲ့ကြခြင်းဖြစ်သည်။
 
သို့သော် ယခုတွင်တော့ သူငယ်ချင်းဖြစ်ရမည်ဆိုသည်ကား …
 
‘ရန်ဖြစ်အငြင်းပွားမှုအတွက်ကရော… စာရေးသူက ဇာတ်ကြောင်းပြောင်းရေးလိုက်တာများလား။’
"ဘာဖြစ်လို့လဲ။"
 
ယန်ချင်က မေးမြန်းလေသည်။ "နင် ငါနဲ့ သူငယ်ချင်းမဖြစ်ချင်လို့လား။"
 
"ဟမ်… မဟုတ်ပါဘူး မဟုတ်ပါဘူး။ အဆင်ပြေပါတယ်။ သူငယ်ချင်း လုပ်ကြတာပေါ့။"
 
"ဟုတ်ပြီလေ။ နင့်ကို အတည်အတံ့လေး ထပ်ပြီးပြန်မိတ်ဆက်ဦးမယ်။ ငါနာမည်က ယန်ချင်၊ ယန်ရှု(ပေါ့ပလာပင်)က ယန်နဲ့ ချင်ရှန်(တူရိယာတပ်ကြိုး)က ချင်။ ငါ့အိမ်က ယန်ချုံကောင်တီမြို့အနောက်ပိုင်းခရိုင်က။"
 
"မင်္ဂလာပါ။ ငါက ချင်လင်လင်ပါ။ ငါ့အိမ်ကလည်း ယန်ချုံကောင်တီမြို့ အနောက်ပိုင်းခရိုင်ကပဲ။"
 
"ဟုတ်ပြီနော်။ ငါတို့တွေ နောင်မှာ သူငယ်ချင်းဖြစ်သွားပြီ။ ငါက အဖွဲ့ ၃ မှာအလုပ်လုပ်တယ်။ နင့်မှာ ကိစ္စတစ်စုံတစ်ရာရှိတယ်ဆိုရင် အဖွဲ့ ၃ ကိုလာပြီး ငါနဲ့တွေ့လို့ရတယ်။ ဒီမှာက ငါ့အတွက် သူငယ်ချင်းအများအပြား မရှိဘူး။"
 
"ဟုတ်ပြီ ဟုတ်ပြီ။"
 
ဇာတိရပ်မြေတူညီသည့် လူနှစ်ယောက်သား ဆုံလိုက်မိကြပြီဆိုရင်ဖြင့် ပြောစရာအကြောင်းအရာများက အနည်းနှင့်အများ ရှိနေတတ်ကြစမြဲသာ ဖြစ်ပါ၏။
 
ယန်ချင်သည် သူ(မ)နှင့် ဇာတိတူသည့် မိတ်ဆွေတစ်ဦးနှင့် ဆုံနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ သူ(မ) ပြန်လည်မွေးဖွားလာပြီးသည့်နောက် ၂ ရက်ခန့်အတွင်း အတော်ကလေး စိတ်ရှုပ်ထွေးနေမိပါ၏။ ထို့နောက် ပြီးခဲ့သော ဘဝတွင် သူ(မ)နှင့် သူ(မ)၏ ကလေးများအား လျစ်လျူရှုစွန့်ပစ်ထားခဲ့သော ခင်ပွန်းဖြစ်သူအား တွေ့မြင်ခဲ့ရသည်။ ထိုသူသည် အချိန်ကြာမြင့်သည့် အစောပိုင်းကတည်းက ပြင်ပတွင် နောက်မိန်းမတစ်ဦးရှိနေပြီဖြစ်ကြောင်း သူ(မ) သိခဲ့ရသည်။ သို့သော် သူ(မ)သည် ထိုအကြောင်းအရာအား လုံးဝသိရှိခဲ့ခြင်းမရှိပါဘဲ ထိုသူအား လူကောင်းတစ်ဦးအဖြစ် ထင်မြင်နေခဲ့မိသည်။
 
သို့သော် ယခုတွင်တော့ သူ(မ) အမြင်မှန်ရသွားပေပြီ။ ထိုယောက်ျား၏ သရုပ်မှန်အား သိရှိပြီးသွားသည့်နောက် ထိုသူထံမှ နောက်တစ်ကြိမ် လှည့်စားခံတော့မည်မဟုတ်ပါ။ သူ(မ)သည် ထိုယောက်ျားနှင့် ပတ်သက်ဆက်နွယ်ဖူးသည့် အမျိုးသမီးများအား ညှဉ်းပန်းနှိပ်စက်လျက် ခံစားနာကျင်စေရရန် လုပ်ခဲ့ဖူးသေးသည်ဖြစ်ရာ သူ(မ)အနေဖြင့် အခြားသူများ၏ ဆူပူကျိန်ဆဲကာ ဝေဖန်အပြစ်တင်မှုများအား အဘယ်မှာ ကြောက်ရွံ့စိုးရိမ်နေပါဦးမည်နည်း။
 
မူရင်းဇာတ်ကြောင်းမှ အမျိုးသမီးဇာတ်လိုက်နှင့် ရင်းနှီးခင်မင်စွာ မိတ်ဖွဲ့တွေ့ဆုံမှုကြောင့် ချင်လင်လင်၏ အကြောက်တရားများက ထက်ဝက်ခန့် လျော့ကျသွားသည်။
 
သူတို့နှစ်ဦးသည် ပြိုင်ဘက်ရန်သူများ မဟုတ်ကြတော့သည့်အတွက် နောင်တွင်ရော သူတို့တွေ သူငယ်ချင်းဖြစ်နိုင်သေးမည်လားဆိုသည်ကို ချင်လင်လင် တွေးတောနေမိသည်။ အမျိုးသမီးဇာတ်လိုက်နှင့် ကူးပြောင်းလာသည့် အရံဇာတ်ဆောင်ကလေးတို့ဟာ သူငယ်ချင်းကောင်းမဖြစ်နိုင်ပါဟူ၍ မည်သူကများ ပြောနိုင်ပါမည်နည်း။
 

 
လင်းချီချီနှင့် အဖွဲ့ ၃ ခေါင်းဆောင်တို့သည် ဖောက်ပြန်မှုအား ကျူးလွန်ခဲ့ကြသည်။ သိပ်မကြာလိုက်ခင်မှာပင် အထက်ပိုင်းတာဝန်ရှိသူများက ထိုကိစ္စအား စစ်ဆေးစုံစမ်းရန် အမိန့်ပေးခဲ့ပြီး ရလာဒ်အရ ထိုကိစ္စက အမှန်တကယ်ဖြစ်လေသည်။
 
လင်းချီချီသည် သူတစ်ပါး၏ မိသားစုအား ဖျက်ဆီးခဲ့သည်။ နောက်ဆုံးတွင် လင်းချီချီအား အပြစ်ပေးသည့်အနေဖြင့် မိမိအမှားအား ပြန်လည်သုံးသပ်ဆင်ခြင်ရန် နွားတင်းကုပ်တွင် အခက်ခဲဆုံးနှင့် အဆိုးဝါးဆုံးအလုပ်များအား လုပ်ကိုင်စေရန် ဆုံးဖြတ်လိုက်ကြသည်။ ဖောက်ပြန်မှုတွင် ပါဝင်ခဲ့သော အဖွဲ့ ၃ ၏ခေါင်းဆောင်ကျောက်ကမူ သူ၏ရာထူးအား အသုံးချကာ ဤသို့အခွင့်အရေးယူသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။ သူ့အား စောင့်ကြိုနေမည့်အရာက နိုင်ငံတော် ဥပဒေသာဖြစ်ပေတော့သည်။
 
လုပ်ငန်းအဖွဲ့အစည်းနှင့် လယ်လုပ်ငန်းခွင်၏ ဂုဏ်အားထိန်းသိမ်းနိုင်ရန်အတွက် အထက်ပိုင်းလူကြီးများက ထိုကိစ္စအား တိုးတိုးတိတ်တိတ် ဖြေရှင်းလုပ်ကိုင်ကြသည်။ သို့သော်လည်း ဤကမ္ဘာကြီးတွင် မကြားမသိနိုင်အောင် လုံခြုံသော နံရံဆိုသည်မှာ မရှိပါ။ တစ်စုံတစ်ယောက်အားဖြင့် အခြားတစ်စုံတစ်ယောက်ဆီသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း လူတိုင်းနားလည်ကြပေသည်။
ခေါင်းဆောင်ကျောက်၏ အဖြစ်အပျက်ပြီးသွားသည့်နောက် အမျိုးသမီးကျောက်သည် နောင်တရလျက် စိတ်ဆိုးဒေါသထွက်နေမိကာ နောက်ဆုံးတွင် ကလေးများ၏ တိုက်တွန်းချက်အရ သူ(မ)ခင်ပွန်းနှင့် မျက်နှာချင်းဆိုင်ကွာရှင်းပြတ်စဲလျက် ကလေးများနှင့်သာ အတူနေထိုင်လေတော့သည်။
 
ထို့နောက်တွင် ဤကိစ္စသည် ပြီးစီးသွားလေပြီ။ ချင်လင်လင်က ထိုအကြောင်းအရာများအား ကြားသိရချိန်တွင် အိမ်ပြန်ရန်အတွက် ပစ္စည်းများထုပ်ပိုးရင်းဖြင့် အလုပ်ရှုပ်နေလေသည်။
 
လယ်လုပ်ငန်းခွင်ရှိ သူ(မ)၏ တာဝန်က ပြီးဆုံးသွားပြီဖြစ်သည်။ မူလတန်းကျောင်း၌ ဆရာမအဖြစ်သင်ကြားပေးရန် သဘောတူညီခဲ့သည်။ သို့ဖြစ်ပေရာ အလုပ်လုပ်ကိုင်ရသည်က ပိုမိုလွယ်ကူလာမည်ဖြစ်ကာ သူ(မ)ကိုယ်တိုင်လည်း လေ့လာသင်ယူချိန် ပိုမိုရရှိလာမည်ဖြစ်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်လာသည့်အခါ သူ(မ)လည်း ဝင်ရောက်ဖြေဆိုနိုင်ပြီးလျှင် ကောလိပ်တက်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
ယနေ့ခေတ်မှ ကောလိပ်ကျောင်းသားများနှင့် နောက်မျိုးဆက်ရှိ တက္ကသိုလ်ကျောင်းသားများက ကမ္ဘာတစ်ခုစာလောက် ကွာခြားပေသည်။ နောက်ပိုင်းမျိုးဆက်များရှိ ကျောင်းသားများက အလွယ်တကူ တက္ကသိုလ်တက်ရောက်နိုင်ကြသည်။ ယနေ့ခေတ်တွင်မူ ကောလိပ်တက်နိုင်ရန်ဆိုသည်မှာ သစ်သားတစ်ပြားစာ တံတားငယ်လေးပေါ် လူပေါင်းများစွာ ဖြတ်သန်းရသည်နှင့် တူညီပြီးလျှင် ကောလိပ်မှ ဘွဲ့ရလာသော ကျောင်းသားတိုင်းသည် နိုင်ငံတော်ထောက်တိုင်များ ဖြစ်ကြပေသည်။
ချင်လင်လင်သည် ပြင်ဆင်ရှင်းလင်း၍ ပြီးသွားသောအခါ အချို့သော ပညာတတ်အမျိုးသမီးငယ်တို့က သူ(မ)ထံ လာရောက်နှုတ်ဆက်ကြပြီး လိုက်ပါပို့ဆောင်လိုကြသည်။
 
စက်ဘီးကိစ္စပြီးသည့်နောက် များစွာသော ပညာတတ်အမျိုးသမီးငယ်တို့သည် ချင်လင်လင်နှင့် ဆက်ဆံရေးကောင်းရှိခဲ့ကြသည်။ မည်သို့ပင်ဆိုစေ မိတ်ဆွေတစ်ယောက်ရှိခြင်းသည် ရန်သူတစ်ယောက်ရှိခြင်းထက် ပိုမိုကောင်းမွန်သည်သာဖြစ်ပါ၏။
 
လူတိုင်းက ချင်လင်လင်အား လာရောက်နှုတ်ဆက်ပြီး လိုက်ပို့ကြရာဝယ် ကျန်းဟွေရှန်းလည်း အခန်းအတွင်း၌ ရှိနေလေသည်။
 
လင်းချီချီ ထွက်သွားပြီးသည့်နောက်ပိုင်းတွင် ပညာတတ်အမျိုးသမီးငယ်တို့ကြားရှိ အခြေအနေက ပို၍သက်သောင့်သက်သာရှိလာခဲ့သည်။ ကျန်းဟွေရှန်း၏ မောက်မာအနိုင်ကျင့်ခြင်းမရှိ၊ လင်းချီချီ၏ ရန်စခြင်းမရှိသောအခါ ပညာတတ်အမျိုးသမီးငယ်တို့က အချင်းချင်း လိုက်လျောညီထွေမှု ပိုရှိလာကြပြီး အစောပိုင်းကကဲ့သို့ အနိုင်ကျင့်မှုများလည်း မရှိကြတော့ပေ။
ချင်လင်လင်က ပစ္စည်းများ သိမ်းဆည်းရှင်းလင်းပြီးသောအခါ လူတိုင်းက သူ(မ)အား တစ်ညီတည်း ပြောဆိုကြသည်။
"ငါတို့ဆီ မကြာခဏ အလည်လာဖို့ သတိရနော်။"
 
"ငါတို့ မင်းကို လွမ်းနေတော့မှာပဲ။"
 
ချင်လင်လင်သည် သူတို့တစ်ဦးချင်းစီအား အပြုံးဖြင့် တုံ့ပြန်လေသည်။ "စိတ်မပူပါနဲ့။ ငါ အလည်လာမှာပါ။"
 
သူ(မ)ထံတွင် ပစ္စည်းများ အများအပြားမရှိပေ။ အစောပိုင်းကတည်းက ပစ္စည်းများစွာကို ရွှေ့ပြောင်းထားပြီးပြီဖြစ်သည်။ ယခုအခါ သူ(မ) စားသောက်သည့်အခါ အစဉ်အမြဲ သုံးနေကျဖြစ်သည့် ပန်းကန်ခွက်ယောက်များအား စက်ဘီးတွင် ချိတ်ဆွဲလိုက်သည်။
 
ချင်လင်လင်သည် စက်ဘီးနင်းကာ ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် ကျန်းဟွေရှန်းသည် အဆောက်အဦအတွင်းမှ ရုတ်တရက်ထွက်လာသည်။ "ချင်လင်လင်"
 
လူတိုင်းသည် အံ့ဩသွားကြပြီး ချင်လင်လင်ကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။ "ဘာကိစ္စရှိလို့လဲ။"
 
"နင့်အတွက်" ကျန်းဟွေရှန်းသည် စက္ကူအိတ်အားထုတ်ယူကာ ချင်လင်လင်၏ လက်အတွင်းသို့ ထိုးထည့်ပေးလိုက်သည်။
 
ထိုအထဲတွင် မဖွင့်ဖောက်ရသေးသော ငါးကြီးဆီများအား မြင်တွေ့လိုက်ရသည်။
ချင်လင်လင်သည် ကျန်းဟွေရှန်းအား အလွန်အံ့အားသင့်စွာ ကြည့်လိုက်ရာ ကျန်းဟွေရှန်းက လျင်မြန်စွာ ပြောလိုက်သည်။ "နင့်ကိုပြန်ပေးတာ။ ပြီးခဲ့တဲ့ ၂ နှစ်က ငါ နင့်ရဲ့ အသားအရေလိမ်းတဲ့ ခရင်မ်တွေ အများကြီးလိမ်းခဲ့တာမို့လို့။ ငါက ဘူးလိုက် မဝယ်ဘူး။ ဒီလိုမျိုးပဲ ဝယ်တာမို့ ဒါကို အစားပြန်ပေးတာ။"
 
ဆိုလိုသည်က သူ(မ) မှားယွင်းခဲ့ပါကြောင်း အသိတရားရရှိသဖြင့် သူ(မ) ထံသို့ အစားထိုးပြန်ပေးခြင်း မည်သည်ပင်။
 
ချင်လင်လင်၏ အကြည့်တို့ကြောင့် ကျန်းဟွေရှန်းက မသက်မသာခံစားရလေသည်။ "ငါက အမှားတွေ လုပ်ခဲ့တဲ့သူဖြစ်ခဲ့တယ်။ ငါ့ကို ခွင့်လွှတ်ပေးဖို့ နင့်ကို မတောင်းဆိုဘူး။ ငါ့ကိုယ်ငါ ခံစားချက်ကောင်းအောင် လုပ်နေရုံပါပဲ။ ဒါကို ယူထားလိုက်။"
 
ချင်လင်လင်သည် အံ့ဩတကြီးဖြစ်ရပြီးလျှင် ကျန်းဟွေရှန်း၏ ပါးစပ်မှ အမှားကိုသိ၍ ဝန်ခံသည့်စကားမျိုးကြားရသည်ကို ထူးဆန်းနေလေသည်။ သူ(မ)က ပြုံးပြလိုက်သည်။ "နင် ဉာဏ်ကောင်းလာတဲ့ပုံပဲ။"
 
ပုံမှန်မဟုတ်စွာ ချီးကျူးသည့်စကားအား ကြားရသည့်အတွက် ကျန်းဟွေရှန်းက သူ(မ)အား မနှစ်မြို့စွာ ကြည့်လိုက်သည်။ "ငါက အမြဲတမ်း ဉာဏ်ကောင်းပြီးသား။ ငါအခု ဒါတွေ နင့်ကိုပေးလိုက်တာနဲ့ပဲ နင့်ကို မမုန်းတော့ဘူးလို့ ထင်မနေနဲ့။ အရင်လိုမျိုး ငါ နင့်ကို မုန်းနေတုန်းပဲ။"
 
ချင်လင်လင်သည် ရယ်မောလိုက်ပြီး ငါးကြီးဆီများအား စက်ဘီးအရှေ့ဘက်ရှိ ခြင်းတောင်းအတွင်းသို့ ထည့်လိုက်သည်။ "ငါလည်း နင့်ကို မုန်းတယ်။ ပြီးတော့ နင့်ကို ခွင့်လွှတ်ပေးဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ ဒါတွေက နင်ရဲ့ အမှားကိုသိတဲ့ သက်သေတွေပဲ။ နင့်ကို ပြန်ပေးမှာမဟုတ်တော့ဘူး။ နင် လူကောင်းတစ်ယောက်ဖြစ်လာပြီး လူတိုင်းနဲ့ အပေါင်းအသင်းလုပ်နိုင်ဖို့ ငါ မျှော်လင့်တယ်။ ဒေါသကြီးပြီး သူများကို ဆူပူရိုက်နှက်တာက ကောင်းတဲ့အရာမျိုးမဟုတ်ဘူး။"
ကျန်းဟွေရှန်း၏ နှာခေါင်းက စိတ်ဆိုးလွန်း၍ ရွဲ့စောင်းလာတော့မတတ်ပင်။ ချင်လင်လင်ကတော့ သူ(မ)အား ကြည့်၍ ပျော်ရွှင်နေလေသည်။
ကျန်းဟွေရှန်းသည် အကန့်အသတ်မဲ့အောင် ဆိုးဝါးနေသည့် လူယုတ်မာမျိုး မဟုတ်ပေ။ သူ(မ)သည် ကိုယ့်နည်းကိုယ်ဟန်သုံးကာ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နေသောသူသာဖြစ်သည်။ သို့သော်လည်း သူ(မ)က လူကောင်းတစ်ယောက်ဖြစ်သည်ဟု မဆိုနိုင်ပြန်ချေ။ မည်သို့ပင်ဖြစ်စေ မူလကိုယ်ချင်လင်လင်၏ ဆိုးသွမ်းသွားရသည့် အကြောင်းအရင်းများတွင်လည်း သူ(မ)က ပါဝင်သည်ဖြစ်ပါ၏။ သို့သော်လည်း အပြစ်အားလုံးအား သူ(မ) တစ်ယောက်တည်းအား ပုံချ၍တော့ မရနိုင်ပေ။
လူတစ်ယောက်၏ဘဝတွင် ထိုသူသည် မှားယွင်းသောအရာများနှင့် မှန်ကန်သောအရာများကို လုပ်ဖြစ်ခဲ့ကြလိမ့်မည်သာ။ ထိုသူကသာ အမှားကို အမှားမှန်းသိ၍ ပြန်လည်ပြုပြင်လိုမည့်စိတ်ထားရှိလျှင် ထိုသူက ကယ်တင်၍ ရနိုင်ဦးမည့်လူစားမျိုးဖြစ်ပေသည်။
 
မည်သို့ပင်ဆိုစေ ချင်လင်လင်သည် ကျန်းဟွေရှန်းက သူ(မ)ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားလူများအတွက်ဖြစ်စေ လူကောင်းတစ်ယောက် ဖြစ်လာဦးမည်ဟု မျှော်လင့်မိပါ၏။
 
ချင်လင်လင် မထွက်သွားသေးခင်တွင် နောက်ပြန်လှည့်ကာ ကျန်းဟွေရှန်းအား စကားတစ်ခွန်းပြောခဲ့လေသည်။ “နင် ယောက်ျားလေးတွေကို ရွေးချယ်တဲ့အခါ နင့်ရဲ့မျက်လုံးကို ပွတ်သပ်သုတ်သင်ဖို့လိုတယ်။ အိုး… ဟုတ်သားပဲ… သူငယ်ချင်းဖွဲ့တဲ့အခါမှာလည်း နင့်ရဲ့ အမြင်ကို ပြောင်းသင့်တယ်နော်။"
 
စက်ဘီးက ထွက်ခွာသွားသည့်အခါ ချင်လင်လင်၏ စကားများက လေနှင့်အတူ အဝေးသို့ လွင့်ပါသွားကြသည်။ သို့သော်လည်း ထိုစကားများက ကျန်းဟွေရှန်း၏ နားစည်အတွင်းသို့လည်း ဝင်ရောက်သွားကြပါသေး၏။
ကျန်းဟွေရှန်းအနေဖြင့် ချင်လင်လင်ပြောသည်က မှန်ကန်သည့်အကြောင်းကိုတော့ ဝန်ခံရလိမ့်မည်ဖြစ်ပေသည်။
 
သူ(မ)နှင့် လီကျန်းယဲ့တို့က တွဲခဲ့ကြသည်ဆိုသော်လည်း သူတို့၏ကိုယ်ပိုင်အကျိုးများအတွက် ရည်ရွယ်ခဲ့ကြခြင်းဖြစ်ကာ ထိုအကြောင်းအား သူ(မ)ကိုယ်တိုင်သာမက လီကျန်းယဲ့လည်း သိပေသည်။
 
လင်းချီချီကိစ္စနှင့်ပတ်သက်လျှင်တော့ ထိုအကြောင်းအား အမျိုးသမီးကျောက်က လင်းချီချီအား လာရောက်ပြဿနာရှာသည့်အချိန်မှသာ သူ(မ) သိခဲ့ရခြင်းဖြစ်သည်။ သူ(မ) လင်းချီချီအား သွားရောက်တွေ့ဆုံသည့်အခါတွင် လင်းချီချီသည် သူ(မ)က ထိုအပြစ်ကိုမကျူးလွန်ခဲ့ကြောင်းနှင့် သူ(မ)အား ကယ်တင်ပေးပါရန် ဆက်တိုက်တောင်းဆိုနေခဲ့သေးသည်။
 
သို့သော် ကိစ္စမှန်များ ပေါ်ပေါက်လာသည့်နောက်တွင် လင်းချီချီက အမြင်မှန်မရသေးသည့်အပြင် ကျန်းဟွေရှန်းက သူ(မ)၏ သူငယ်ချင်းကောင်းမဟုတ်ဟူ၍ပင် အပြစ်တင်နေသေးသည်။ ကျန်းဟွေရှန်းသည်ပင်လျှင် ဤသို့သော အတွေးမျိုးအား တစ်ဘဝစာလုံး တွေးပင်မတွေးခဲ့ဖူးပါချေ။
 
ထိုနေ့မှစ၍ ကျန်းဟွေရှန်းသည် လင်းချီချီက ဟိုးအစောပိုင်းကတည်းက သူ(မ)အား အမှန်တကယ် စိတ်ရင်းဖြင့် ခင်မင်ခြင်းမဟုတ်ဘဲ ချင်လင်လင်နှင့် ပြဿနာတက်ရန်ပင် သူ(မ)အား အသုံးချခဲ့သေးသည်ကို သိရှိခဲ့ရသည်။
 
နေဝင်ချိန်ကိုကြည့်နေရင်းဖြင့် အမှောင်ထုက တဖြည်းဖြည်း ချင်းနင်းဝင်ရောက်လာသည်ကို မြင်တွေ့ရသောအခါ ကျန်းဟွေရှန်းက လောကကြီးသည် ရုတ်တရက် လင်းလပ်တောက်ပနေသလိုပါလားဟူ၍ ခံစားလိုက်ရသည်။
 

မြို့မှ ကုကျန်း၏စာစောင်အား ရရှိပြီးသည့်နောက် ချင်လင်လင်သည် လယ်လုပ်ငန်းခွင်မှ နှုတ်ထွက်ခဲ့ပြီး အိမ်ပြန်လာကာ ကျောင်းကို အကြောင်းကြားတင်ပြရန် စောင့်ဆိုင်းနေလေသည်။
ကုကျန်း၏ စာတွင် အများအပြား မပြောထားပေ။ သို့သော် သူက သူ(မ)အား ကျောင်းတွင် စာသင်ကြားရန်အတွက် အားပေးထားလေသည်။ ထိုအလုပ်အကိုင်က လယ်အတွင်း လုပ်ကိုင်ရသည်ထက် ပိုမိုလွယ်ကူသည်ပင်။
 
"ငွေကြေးအတွက် စိတ်မပူပါနဲ့။ ငွေလိုရင် ငါ့ဆီကို အကြောင်းကြားစာ ရေးပို့လိုက်ပါ။ လစဉ်တိုင်းမှာ လစာငွေ အများကြီးရထားတယ်။ မင်းနဲ့ ယောင်ယောင်နဲ့ အချိန်ရရင် ပိုပြီး စာတွေလေ့လာထားဖို့ သတိရပါ။ စာအုပ်ဝယ်ဖို့ မလွယ်ကူရင် ကောင်တီမြို့စာကြည့်တိုက်ကိုသွားပြီး စာအုပ်ငှားဖို့လည်း မမေ့နဲ့။ ငါ့ကို စိတ်မပူနဲ့။ မကြာခင်မှာ လေ့ကျင့်ရေးရှိလို့ ငါ အလုပ်များနေလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းကို စာရေးပို့ဖို့ အခွင့်အရေး သိပ်ရှိတော့မှာ မဟုတ်ဘူး။ ငါ အချိန်ရတာနဲ့ မင်းဆီ စာရေးလိုက်ပါ့မယ်…"
 
ဤသည်က ကုကျန်းမှ မိသားစုထံရေးပို့လိုက်သော ဒုတိယစာစောင်ဖြစ်ပေသည်။ ချင်လင်လင်သည် စာကြောင်းတစ်ကြောင်းချင်းတိုင်းအား သေချာဖတ်ကြည့်သည်။ အားလုံးသည် သူ(မ)နှင့် မိသားစုအား ဂရုစိုက်သည့် အကြောင်းအရာများသာဖြစ်လေသည်။ စာမျက်နှာ ၂ မျက်နှာစာမျှရှိကာ သူကိုယ်တိုင်၏ အကြောင်းကိုမူ အနည်းအကျဉ်းသာ ထည့်သွင်းရေးသားထားသည်။
 
ကုကျန်း၏ စာအားဖတ်ပြီးသည့်နောက် မကြာသေးခင်တွင် အိမ်မှာဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းများအား ပြောပြရင်းဖြင့် ပြန်စာရေးလိုက်လေသည်။ ထို့နောက် ကုယောင်၏ စာလေ့လာမှု တိုးတက်လာမှုအကြောင်းလည်း ထည့်ပြောလေသည်။ သူ(မ)က ကျောင်းသို့သွား၍ အလုပ်လုပ်‌နေပြီဖြစ်ကြောင်းပါ ပြောပြလိုက်သည်။
 
"ငွေကြေးအတွက် ရှင်စိတ်ပူစရာမလိုပါဘူး။ ကျွန်မမှာ ငွေရှိပါတယ်။ တပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ သွေးထွက်သံယို ဒဏ်ရာ နည်းနိုင်သမျှ နည်းပါစေ။ ငွေများများရှိတယ်ဆို ကိုယ့်ကိုယ်ကိုယ် အစားအသောက်ကောင်းကောင်းဝယ်စားဖို့ မမေ့နဲ့။ အိမ်ကို ရှင် စိတ်ပူစရာမလိုပါဘူး။ ရှင်ပြန်လာတာကို ကျွန်မ စောင့်နေပါတယ်။"
 
နောက်ဆုံးစာကြောင်းအား ရေးပြီးသည့်နောက် ချင်လင်လင်သည် ထိုစာကြောင်းက အနည်းငယ် မှားယွင်းနေသကဲ့သို့ ခံစားရပြီးလျှင် မှင်သက်ဆွံ့အနေမိသည်။
 
သူ(မ)သည် နောက်စာတစ်စောင် ပြန်ပြင်ရေးချင်မိသည်။ သို့သော်လည်း စာရွက်၏တန်ဖိုးကြီးမှုအကြောင်းအား သတိရမိပြီးလျှင် အကြောင်းအရာအများကြီးအား ပြန်ရေးရမည့်အကြောင်းအား တွေးမိကာ ‘ကျွန်မ’ ဆိုသည့်နေရာတွင် ‘တို့’ ကိုထပ်ဖြည့်ရေးလိုက်သည်။
 
(*T.N// ကျွန်မ ရှင့်ကိုစောင့်နေတယ် (我等你) ဆိုတဲ့စာကြောင်းမှ 我 နဲ့ 等 နဲ့ကြားမှာ 们 လို့ထပ်ဖြည့်ရေးလိုက်တော့ ‘ကျွန်မတို့’ လို့ဖြစ်သွားပါတယ်။)
 
_*****_
 

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now