Chapter 43

181 33 0
                                    

အခန်း ၄၃

လီတနီကတော့ သူတို့ထံ အမှန်တကယ် မလာခဲ့ပါပေ။ အဘယ်ကြောင့်ဆိုသော် သူ(မ)အနေဖြင့် ထိုမိန်းကလေးနှစ်ယောက်အား ယှဉ်ပြိုင်၍ ရန်မဖြစ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို အတိအကျ သိနေသောကြောင့် ဖြစ်လေသည်။ အကယ်၍ သူ(မ)သာ သွားရောက် ပြဿနာရှာဖြစ်ခဲ့လျှင် သူ(မ) ခင်ပွန်းက ဆူပူလိမ့်မည်ဖြစ်ကာ သူ(မ)မှာ အစားအသောက်တောင် ဖြောင့်ဖြောင့်မစားရသည်အထိ ပူညံပူညံ ဖြစ်လာနိုင်ပေသည်။

သူတို့မိသားစုကဲ့သို့သော အိမ်သားများသည့် မိသားစုများအနေဖြင့် အပေါ်ယံအားဖြင့်ကြည့်လျှင် ခက်ခဲဟန်ပေါ်သော်လည်း မိသားစုဝင်တိုင်းကသာ အလုပ်လုပ်ကြမည်ဆိုလျှင် ပုံမှန်စားနပ်ရိက္ခာအတွက် အခက်အခဲရှိလိမ့်မည် မဟုတ်ဘဲ အခြေအနေ ကောင်းမွန်နေလိမ့်မည်ပင်ဖြစ်သည်။ စိတ်တိုင်းကျ အသားစားနိုင်သည်အထိ ငွေရေးကြေးရေးကောင်းမွန်သည်မျိုး မဟုတ်ပါသော်လည်း ဝမ်းဝအောင်တော့ စားနိုင်ကြလိမ့်မည်ဖြစ်ပါ၏။

အိမ်တွင် ပါဝင်ပစ္စည်း မလုံလောက်မှုကြောင့် ချင်လင်လင်သည် တိုဟူးများအား ရိုးရှင်းသော *မာဖော်တိုဟူးဟင်းလျာအဖြစ်သာ ချက်ပြုတ်နိုင်ပေသည်။ အနည်းဆုံးတော့ မာဖော်တို့ဖူးအား ငရုတ်ဆော့အနှစ်ကလေးဖြင့် ရောနှောစားသုံးနိုင်ပေသည်။

(*T.N// မာဖော်တိုဟူး - 麻婆豆腐)

တိုဟူးက နူးညံ့လျက်ရှိပြီး ရေထဲတွင် စိမ်ထားခဲ့သောကြောင့်လည်း ပို၍နူးညံ့ကာချောမွတ်နေလေသည်။ ကုယောင်၏ အခင်းထဲမှ ကောက်လာသော မုန်လာဥဖြူများနှင့် ငရုတ်သီးများအား ပြင်ဆင်ပြီးသည့်နောက် ဆားနှင့် ငံပြာရည်အနှစ်အား ထည့်လိုက်သည်။ ထို့နောက် ရေလုံပြုတ်အိုးအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ပူလာသည့်အခါ အတုံးကလေးများ တုံးထားသည့် တိုဟူးဖြူဖြူကလေးများ ရောထည့်လိုက်သည်။ အကြိမ်အနည်းငယ်မျှ ဆူပွက်လာပြီးသည့်နောက် ဖြတ်တောက်ထားသည့် ကြက်သွန်နီများနှင့် နံနံရွက်များအား ထပ်မံထည့်လိုက်ပြီးနောက် ပြီးစီးသွားလေသည်။
ထိုနည်းလမ်းမှာ အစောပိုင်းက ချင်လင်လင်ပြုလုပ်နေကျ နည်းပင်ဖြစ်သည်။ ပြုတ်ထားသော တိုဟူးများက ဆူပွက်လာချိန်တွင် အသားနှင့် ငရုတ်ဆော့အနှစ်များအား ထည့်လိုက်ရုံသာဖြစ်သည်။ အိုးအတွင်းမှ ခပ်ယူပြီး မြည်းကြည့်မည်ဆိုလျှင် အမှန်တကယ် စပ်ရှိန်းနေလောက်ပေမည်။
"နှမြောစရာကောင်းလိုက်တာ အသားနဲ့ ငရုတ်ဆော့အနှစ်ကမရှိတော့ ထည့်လို့မရဘူး။ မဟုတ်ရင်တော့ ဒီထက်ပိုပြီး အနံ့ကလေး မွှေးနေမှာ။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now