အခန်း ၁၅ - လီတနီ စိတ်ဆိုးခြင်း
ကုကျန်းသည် သူ့ဇနီးအား အိမ်ခေါ်မလာသေးခင်အချိန်က ကုကျန်းအနေဖြင့် မြို့ပြမှ မိန်းကလေးတစ်ယောက်အား ဇနီးတစ်ယောက်အဖြစ် တွေ့ဆုံခေါ်ယူလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ ယခုအခါတွင်မူ ထိုဇနီးမိန်းကလေးသည် ချင်လင်လင် ဖြစ်လာပေပြီ။
မူရင်းစာအုပ်တွင် မူလကိုယ်နှင့် ကုကျန်းတို့ လက်ထပ်ခဲ့ရသည့်အကြောင်းအရင်းများအား ဖော်ပြထည့်သွင်းထားပေသည်။
ကုကျန်းသည် အရပ်ရှည်လျက် အသားအရေကောင်းမွန်သည့် ရုပ်သွင်ရှိပြီး တက်ကြွသည့် စစ်သားတစ်ယောက်ဖြစ်သည်။ ကုကျန်းသည် တရုတ်နှစ်သစ်ကူးကာလအတွင်း စားသောက်ဖွယ်ရာများအား ပါးစပ်ပေါက်များစွာကို တင်ကြွေးထားနိုင်သည့် လစာလည်းရှိပေသည်။ ကျေးလက်ဒေသရှိ ဆင်းရဲသော မိသားစုအတွင်း ကုကျန်းမှာ ဆုလာဘ်တစ်ပါးပင်ဖြစ်ပေသည်။
သို့ဖြစ်သောကြောင့် မိထွေးဖြစ်သူသည် သူ့ခင်ပွန်းဖြစ်သူ ကုတရွှမ်းအား ပူဆာလျက် ကုကျန်းဆီမှ ငွေများရအောင် ပြောဆိုတတ်လေသည်။
သို့သော် ကုကျန်းသည် တုံးအသည့်အရူးတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် လီတနီက မည်မျှပင် အရိပ်အမြွက်ပေး၍ ပူဆာတောင်းဆိုသည်ဖြစ်စေ ကုကျန်းက သူရရှိထားသော ငွေကြေးများအား မည်သို့မည်ပုံ အသုံးပြုပြီးကြောင်းသာ ပြောခဲ့လေသည်။ ပြောရမည်ဆိုလျှင် သူ့မွေးစားအဖေအပေါ်တွင် ညှာတာထောက်ထားလျက် ငွေကြေးထောက်ပံ့နိုင်ပါသော်လည်း မိထွေးဖြစ်သူ၏ ကလေးများကတော့ သူနှင့် မသက်ဆိုင်ပါပေ။ သို့ဖြစ်ရာ သူနှင့်သက်ဆိုင်သည့် အပိုင်း၌သာ လိုက်လျောပေးလေသည်။
ထို့ကြောင့် လီတနီသည် ကုကျန်းထံမှ မည်မျှပင် ငွေကြေးလိုချင်ပါစေ ပိုမိုခက်ခဲလိမ့်သာဖြစ်ပါ၏။ သို့ဖြစ်ပါ၍သာ လီတနီသည် ကုကျန်းထံမှ ငွေကြေးရရှိရန် သူ့ဆွေမျိုးများအတွင်းမှ အမျိုးသမီးငယ်များနှင့် ကုကျန်းအား အောင်သွယ်ပေးခြင်းလည်း ဖြစ်ပေသည်။ ကုကျန်းကသာ သူ လွှမ်းမိုးချုပ်ကိုင်လို့ရမည့် မိန်းကလေးနှင့် လက်ထပ်မည်ဆိုပါက အကောင်းဆုံးပင်ဖြစ်ချေသည်။ မည်သို့ပင်ဖြစ်စေ ကုကျန်းသည် စစ်သားတစ်ယောက်ဖြစ်သည်။ သူသည် မိသားစုအတွင်း အချိန်တိုင်းအတူရှိနိုင်မည် မဟုတ်ပေ။ သူ(မ)ဘက်တွင် သူ့ချွေးမရှိနေမည်ဆိုလျှင် ကုကျန်းက မိသားစုသို့ အမြဲမပြတ် ငွေပို့နေမည်ဖြစ်လေရာ ချွေးမဖြစ်သူသည်လည်း ကိုင်တွယ်ချုပ်ကိုင်ရလွယ်သူဖြစ်၍ ထိုငွေများအား သူက အလွယ်တကူသုံးနိုင်လိမ့်မည်ဖြစ်သည်။
ESTÁS LEYENDO
နိုဗယ်ထဲရောက်သွားတယ်
Fantasíaဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...