အခန်း ၅၇.၁ - မင်း ဘာလုပ်မလို့လဲဆိုတာ ဘုရားသိလိမ့်မယ်။
"အမေ ကျွန်တော်တို့ အမေ့ဆီ လာလည်တာ။" ကျောက်ကွားဟွားက ပြုံးလျက် ဝင်လာပြီး ပြောလေသည်။
အိမ်အတွင်းတွင် လူအများအပြား ထိုင်နေကြသည်ကို မြင်တွေ့ရသောအခါ ကျောက်ကွားဟွားက ထပ်မံ အံ့အားသင့်သွားလေသည်။ "အိုး... ကုယောင် မင်းတို့ရော ဒီကို ရောက်နေကြတာပဲ။ မင်းအစ်ကိုကြီးကရော။"
ကုယောင်က ပြန်ပြောလေသည်။ "ဦးလေးနဲ့ အပြင်ထွက်သွားတယ်။"
ကျောက်ကွားဟွားက ခေါင်းညိတ်လျက် အသိအမှတ်ပြုလိုက်သည်။ ထို့နောက် အိမ်အတွင်းရှိ ဖွားဖွားကျောက်ဆီသို့ ပြုံးပြလျက် အစောပိုင်းက လျစ်လျူရှုထားသော သူ့အနောက်ဘက်ရှိ လူငယ်လေးများကို လက်ယပ်ခေါ်လျက် ပြောလေသည်။ "လာကြလေ။ ကြောင်တောင်တောင်နဲ့ မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ဖွားဖွားကို လာနှုတ်ဆက်ကြ။"
ကျောက်ကွားဟွားက အမယ်အိုထံသို့လာကာ ပြုံးလျက်ပြောသည်။ "အမေ ကျွန်တော် ဒီမနက်က အစ်မရုန်နဲ့အတူ သူ့အမေအိမ်ကို သွားခဲ့တာမို့ အမေ့ဆီကို အခုမှ လာတွေ့နိုင်တာ။ စိတ်မဆိုးပါနဲ့ဦး။"
အမယ်အိုက ပြုံးနေလေသည်။ "ရပါတယ်။ မင်းရဲ့ဇနီးက သူ့မိဘအိမ်ပြန်တာပဲဟာ ရပါတယ်။ ဒါပေမဲ့ မင်း ငါ့ဆီကို တကူးတက လာတွေ့ရတာ ခက်ခဲနေတော့မှာပဲ။"
"မခက်ခဲပါဘူး။ ကျွန်တော်တို့ အိမ်ပြန်ရောက်တာနဲ့ ကလေးတွေကိုခေါ်ပြီး အမေ့ကိုတွေ့ဖို့ အမြန်လာခဲ့ကြတာ။ ဒါပေမဲ့ အလျင်လိုနေတော့ ဘာပစ္စည်းမှ ယူမလာခဲ့ရဘူး။ အစ်မရုန် ဖွားဖွားအတွက် ဘီစကွတ်တစ်ဘူးပေးလိုက်ပါဦး။"
အနည်းငယ်ဝလျက် အသားညိုသော မိန်းမတစ်ယောက်က သူ့နောက်မှ လျှောက်လာသည်။ "အမေ ဒီဘီစကွတ်တွေက ကွားဟွား စားတောင်မစားဘဲ အမေ့အတွက် သီးသန့်ချန်ထားတဲ့ဟာတွေပါ။"
ထိုသူမှာ ကျောက်ကွားဟွား၏ ဇနီး လီမိန်ရုန်ဖြစ်ပေသည်။
အမယ်အိုက ထိုစကားကို ကြားသောအခါ ပျော်ရွှင်သွားလေသည်။ "ကောင်းပြီ ကောင်းပြီ။ လူပဲအလည်လာရင်တောင် အဆင်ပြေပါတယ်။ ပစ္စည်းတွေ ယူလာပေးဖို့ မလိုပါဘူး။ ဒီဟာတွေကို ကလေးတွေကိုသာ ကျွေးလိုက်ပါကွယ်။"
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...