Chapter 32

946 95 0
                                    

အခန်း ၃၂ - လီဆယ်စွပ်စွဲပြောဆိုခြင်း
 
ထိုနေ့က ကိစ္စများ ပြီးသွားသည့်နောက် ကျန်းဟွေရှန်းသည် ချင်လင်လင်အား အနိုင်ကျင့်ရန်စရန်အတွက် နောက်တစ်ကြိမ် ပေါ်လာခြင်းမရှိတော့ပေ။ ဤသို့ဖြစ်ရခြင်းမှာ သူ(မ)အား နောက်ခံပံ့ပိုးပေးမည့် လီကျန်းယဲ့မရှိတော့သောကြောင့်လည်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် ချင်လင်လင်၏ စိတ်နေစိတ်ထားက ရုတ်ခြည်း ပြောင်းလဲသွားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ကျန်းဟွေရှန်းသာမက ဖုရှောင်ယွဲ့ပင်လျှင် ချင်လင်လင်၏ ပြောင်းလဲမှုအား သိသာစွာမြင်နိုင်လေသည်။ သူတို့အားလုံး၏အမြင်တွင် ချင်လင်လင်၏ စရိုက်သည် ပြောင်းလဲသွားပြီး မည်သူမှ သူ(မ)အား ထပ်မံ၍ အနိုင်ကျင့်လို့ရတော့မည်မဟုတ်ပေ။
 
ထိုသို့ဖြစ်ရခြင်းမှာ ချင်လင်လင်သည် ပညာတတ်အမျိုးသမီးများနေထိုင်ရာ အဆောက်အဦတွင် ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ နေ့စဉ် အိမ်ပြန်သောကြောင့်လည်း ဖြစ်ပေသည်။ ထို့အပြင် ဒါရိုက်တာလျိုသည် ပညာတတ်အမျိုးသမီးငယ်များအား အမျိုးမျိုးသော စည်းကမ်းတင်းကျပ်မှုများလည်း ချမှတ်ထားလိုက်သေး၏။ များစွာသော ပညာတတ်အမျိုးသမီးငယ်တို့သည် သူတို့၏အမြီးများအား ဝပ်၍သာနေရန် တတ်နိုင်တော့သည်။ ထိုသို့မဟုတ်ပါမူ သူတို့သည် ကိုယ့်ကိုယ်ကိုယ်အား အပြစ်ဒဏ်ပေးရေးအခန်းတွင် ပိတ်ထားခံထားရစေရန် လုပ်မိပေလိမ့်မည်။ ဤသည်က ဖော်ပြ၍မစွမ်းနိုင်လှသော ရက်စက်မှုတစ်ရပ်ပေ။
 
ချင်လင်လင်က နေ့စဉ်အိမ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ ပညာတတ်အမျိုးသမီးငယ်များကြား ချမှတ်ထားသည့် များပြားလှသော စည်းမျဉ်းများကြောင့်မဟုတ်ဘဲ အိမ်တွင် သူ(မ)အား အလွန်အမင်း ဂရုစိုက်စောင့်ရှောက်ချင်နေသည့် ကုယောင်တစ်ယောက်ရှိနေသောကြောင့်ပင် ဖြစ်ပါ၏။
 
ကုကျန်းသည် သူ(မ)အား ဂရုစိုက်ကြင်နာမှုများနှင့် အလေးပေးမှုများ အားလုံး မခြွင်းမချန် ပေးအပ်ခဲ့သည်။ သို့ဖြစ်ပါ၍ ယောင်းမဖြစ်သူ ကုယောင်တစ်ယောက် အနာဂတ်တွင် ကောင်းမွန်စွာ အဆုံးသတ်ခွင့်မရသည်မျိုးမဖြစ်စေရန် ချင်လင်လင်အနေဖြင့် ပိုမို၍ သတိထားစောင့်ကြည့်ပေးရလိမ့်မည်ဖြစ်သည်။
 
လီတနီသည် သူ(မ)အား သဘာဝကျစွာပင် အစဉ်အမြဲ မုန်းတီးနေလျက် ရှိပေသည်။ စက်ဘီးအား လောဘတက်လျက်ရှိနေပြီး ကုတရွှမ်းနှင့် ကုချွန်းဟွားကိုလွှတ်ကာ စက်ဘီးရရန် အကွက်ချကြံစည်ခဲ့ပါသော်လည်း ထိုအကြံအစည်က မအောင်မြင်ခဲ့၍ သူ(မ)အား စိတ်ဆိုးရုံသာ တတ်နိုင်စေခဲ့သည်။ ကုတရွှမ်း အိမ်ပြန်လာသည့်အချိန်တိုင်းတွင် လီတနီသည် ထိုအပေါစားချွေးမ၏ မကောင်းကြောင်းများအား အမြဲပြောနေလေ့ရှိ၏။
 
သို့သော်လည်း ကုတရွှမ်းသည် ချင်လင်လင်ရှေ့တွင် တစ်ကြိမ် မျက်နှာပျက်ခဲ့ပြီးဖြစ်သည်။ ချင်လင်လင်၏ ပကတိအပြစ်ကင်းလှသော မျက်နှာရှေ့တွင် နောက်တစ်ကြိမ် အမှားထပ်လုပ်ရန် သူ့အတွက် အမှန်တကယ် မလွယ်ကူလှတော့ချေ။ သူ့အနေဖြင့် မျက်နှာတည်တင်းကာ စကားတစ်ခွန်းမှ မဆိုဘဲနေရုံသာ တတ်နိုင်လေ၏။ သို့သော်လည်း လီတနီသည် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလှကာ နေ့စဉ်နေ့တိုင်း အိမ်တစ်ခုလုံး ဗြောင်းဆန်နေအောင် ပြဿနာရှာတတ်လေသည်။
ကုတရွှမ်းသည် စက်ဘီးကိစ္စနှင့်ပတ်သက်၍ မည်သို့မှ ဆက်လုပ်ရန် အစီအစဉ်မရှိသည်ကို မြင်တွေ့ရသောအခါ လီတနီသည် အပြင်လျှောက်လည်ကာ တွေ့ရာနေရာရပ်လျက် အတင်းအဖျင်းပြောကြသူအချင်းချင်းဖြင့် ချင်လင်လင်၏ မကောင်းကြောင်းအမျိုးမျိုးအား ပြောဆိုလေတော့သည်။
 
ဤနေ့တွင် ချင်လင်လင်သည် အလုပ်မှပြန်ရောက်ရောက်ချင်းဖြစ်ကာ စက်ဘီးသည်ပင် အိမ်အတွင်းရောက်ခါစ ဖြစ်လေသည်။ သူ(မ)သည် စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး အိမ်ခြံဝင်းအတွင်းသို့ စက်ဘီးအားတွန်း၍ ဝင်လာသည်။ မနက်ဖြန်တွင် ဈေးသွားဝယ်ရန် စီစဉ်ကြံဆလျက်ရှိပြီး ယခုအချိန်ကာလသည် လကုန်ပိုင်းရောက်နေပြီဖြစ်ပါ၏။ လယ်ယာလုပ်ငန်းခွင်မှ ဆန်စပါးများအား ဖြန့်ဖြူးပေးပြီးပြီဖြစ်ကာ သူ(မ) အနေဖြင့် မြို့သို့သွားကာ ဈေးဝယ်ရန် တွေးနေမိခြင်းဖြစ်ပါ၏။
 
ချင်လင်လင်သည်စက်ဘီးတွန်း၍ လျှောက်လာပြီး ခြေလှမ်းအနည်းငယ်မျှ ရှိသေးချိန်တွင် ခပ်ဝေးဝေးအရပ်၌ တက်ကြွစွာစကားပြောနေသည့် စွာလောင်လောင်အသံအား ကြားလိုက်ရသည်။
 
"အဲဒီချင်လင်လင်ဆိုတဲ့ဟာက မြေခွေးမ ဝင်စားတာဆိုတာ နင်တို့မသိလို့နော်။ လိမ္မာရိုကျိုးပုံပေါ်တဲ့ သူ့မျက်နှာလေးပဲကြည့်ပြီး မယုံကြည်လိုက်နဲ့။ အောချလောက်ပါပေရဲ့။"
 
"နင် ဘယ်လိုသိတာလဲ။"
 
"ငါ မသိနိုင်ဘူးလို့များ နင်ဘယ်လိုထင်လိုက်တာလဲ။ ငါ့မိသားစုက မကြာသေးခင်ကမှ မိသားစုခွဲလိုက်တယ်။ ကုကျန်းက သက်ဆိုင်ရာအထက်ပိုင်းကို တင်ပြပြီး ဆွေခန်းမျိုးခန်းပြတ်တဲ့အထိ မိသားစုခွဲပစ်လိုက်တယ်လေ။"
 
"ဒါက ပုံမှန်မိသားစုခွဲတဲ့ကိစ္စပါဟယ်။ မိသားစုတိုင်းလည်း ဒီလိုပါပဲ။ မိသားစုတစ်ခုက သားတစ်ယောက်က လက်ထပ်ပြီးသွားတဲ့အခါ မိသားစုခွဲတာပါ။ ဘယ်လိုလုပ်ပြီး ဒါနဲ့ပတ်သက်လို့ ပြဿနာရှိပါ့မလဲ။" တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။
"ဟေး ဒါက တကယ်ဒီလိုမျိုးနော်။ ငါဘာပြောခဲ့သလဲ။ ကုကျန်းက လှည့်ကိုမကြည့်တော့တာ။ သူ ဒီနှစ်တွေအတောအတွင်းမှာ အိမ်မှာမနေဖြစ်ခဲ့ဘူး။ သူ့အဖေကို စောင့်ရှောက်ပြုစုခဲ့ရတဲ့သူက ငါရယ်၊ ကွားချန်းရယ်နဲ့ ချွန်းဟွားရယ်ပါပဲ။ မင်းပဲပြောကြည့်စမ်းပါဦး။ သူ့ကို တောင်တန်းတွေရှိတဲ့အရပ်ကနေ ကောက်ယူမွေးစားခဲ့ရတာနော်။ ဒါကိုတောင် ဘယ်လိုကျေးဇူးသိတတ်ရမလဲဆိုတာကို မသိတာပဲမဟုတ်လား။ ပင်မ မိသားစုကနေ ဘာမှမတောင်းဆိုဘူးဆိုရင်တောင် မိသားစုခွဲတာကိုပဲ စဉ်းစားကြည့်စမ်းပါ။ သူက ငွေကြေးအများအပြား ကိုယ်တိုင်စုဆောင်းနိုင်တယ်လေ။ စစ်တပ်လစာက မြင့်တယ်ဆိုတာ သိတယ်မဟုတ်လား။ သူက သူ့အဖေကို လုံးဝ ရိုသေလေးစားမှုမဲ့နေတာ။ သူ့ငွေတွေအားလုံးကို သူ့ဇနီးကိုပဲ ပေးလိုက်တယ်လေ။ မိသားစုခွဲပြီးပြီးချင်းပဲ သူ့ဇနီးအတွက် စက်ဘီးအသစ်တစ်စီး ချက်ချင်း ဝယ်ပေးလိုက်တယ်။ စက်ဘီးက ယွမ် ၁၀၀ ကျော်တဲ့ ဇာမနီတံဆိပ်လေ အရမ်းဈေးကြီးတာ။ သူအိမ်ပြန်မလာခင် သူ့ဇနီးက သူ့အဖေကို ငွေတွေထပ်မပေးတော့ဖို့ ခေါင်းအုံးလေပြည်သွေးထားသလား မသိဘူး။ ကုကျန်းက ဒီတစ်ခေါက် အိမ်ပြန်လာတော့ ငွေတစ်စတောင် မပေးတော့ဘူး။ အိမ်ပြန်လာပြီးပြီးချင်း မိသားစုခွဲပစ်လိုက်တော့တာ။ မိသားစုခွဲတာက ကိစ္စကြီးတစ်ရပ်မဟုတ်ရင်တောင် ရုတ်တရက် ချက်ချင်း မိသားစုခွဲလိုက်စရာ အကြောင်းကိုမရှိဘူး။ ဒါက အကျိုးအကြောင်း သင့်ရဲ့လား။"
 
လီတနီသည် ရင်ဘတ်စည်တီးကာ ခြေဆောင့်လျက် ထိုမွေးစားသားကြောင့် ရင်ကွဲပက်လက် ဝမ်းနည်းနေ၏။
 
မြေးကလေးများထိန်းကျောင်းနေကြသည့် အသက်အရွယ်ကြီးသော မိန်းမများအများအပြားသည် ထိုအိမ်အခန်းအတွင်း၌ ထိုင်နေကြပြီးလျှင် လီတနီ၏စကားများအား သဘောတူညီစွာဖြင့် ခေါင်းညိတ်နေကြသည်။
 
"ဒီလိုသာအမှန်ဆိုရင်ဖြင့် နည်းနည်းတော့ ကျေးဇူးမသိတတ်ရာကျတာပေါ့။ ဘာပဲဖြစ်ဖြစ် တရွှမ်းက သူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့သူလို့ မှတ်ယူလို့ရတာကိုး။ မိသားစုရဲ့အခြေအနေကလည်း သိပ်ကောင်းနေတာမျိုးမဟုတ်ဘူး။ ကုကျန်းက မိသားစုကို ကြွယ်ဝချမ်းသာအောင် အလုပ်မလုပ်ပေးတဲ့အပြင် တပ်ရင်းထဲဝင်သွားပြီး စစ်မှုထမ်းလိုက်သေးတယ်။ သူ ဒီနေ့ ဒီလိုနေရာမျိုးမှာနေနိုင်တာ မင်းတို့ကျေးဇူးတွေကြောင့်ပဲ။ အာ… ငွေတွေရလာတာနဲ့တင် ကျေးဇူးသိတတ်ဖို့ ဘယ်လိုလုပ်ပြီးများ ပျက်ကွက်တတ်ရတာပါလိမ့်နော်။"
 
"ဟုတ်ပ ဟုတ်ပ မိသားစုခွဲလိုက်တယ်ဆိုတာ အိမ်ထောင်စုခွဲလိုက်တာပဲ။ စစ်သားတစ်ယောက်က တစ်နှစ်ပတ်လုံး အိမ်ရဲ့အဝေးမှာပဲ နေရတာ။ သူက မိသားစုခွဲရတဲ့ရည်ရွယ်ချက်က အိမ်ထောင်စုခွဲချင်တာ။ သူ့ဇနီးကို ပင်မမိသားစုအိမ်မှာ မနေစေချင်ဘဲ ကောင်းကောင်းထားချင်တာကြောင့်ပဲ။"
 
တစ်ယောက်ချင်းစီ၏ စကားများဖြင့် လီတနီသည် အတော်ကလေး စိတ်ကျေနပ်သွား၏။
 
အခြားသူများ၏ ပြောစကားများအား နားထောင်ပြီးနောက် သူ(မ)က အလျင်စလို ထပ်မံပြောလိုက်သေးသည်။ "ငါနဲ့တရွှမ်းအတွက်လည်း လွယ်ကူတယ်လို့များ နင်တို့ထင်လား။ ကလေး ၄ ယောက်ကို ပြုစုပျိုးထောင်ခဲ့ရတာများ။ အစောပိုင်းကာလတွေတုန်းက တရွှမ်းနဲ့ငါက ကြိုးစားပမ်းစားအလုပ်လုပ်ပြီး အလုပ်အမှတ်တွေ စုဆောင်းခဲ့ရတယ်။ ကလေးတွေဆိုတာ နည်းနည်းလေးပဲ အလုပ်လုပ်နိုင်ကြတာလေ။ ဒါပေမဲ့ ပိုက်ဆံသုံးရတာကျ ငါနဲ့တရွှမ်း ဟုတ်မနေခဲ့ဘူး။"
 
"ဟုတ်တာပေါ့ ဟုတ်တာပေါ့…"
 
"ဒါပေမဲ့ အခုကျတော့ ကလေးတွေက ကြီးပြင်းလာကြပြီး ကိုယ်ပိုင်လုပ်ကိုင်နိုင်စွမ်းတွေလည်း ရှိလာကြပြီဆိုတော့ သူတို့က ငါတို့ကို အထင်အမြင်သေးလာကြပြီလေ။ တချို့ဆို သူတို့မှာ မွေးစားအမေ ရှိတယ်လို့ပါ ပြောလာကြတာ။ ဒါပေမဲ့ မင်းတို့အားလုံး မြင်တွေ့ခဲ့ကြမှာပဲ ငါ သူတို့အားလုံးကို ညီတူညီမျှ ဘယ်လိုရိုက်နှက် ဆူငေါက်ခဲ့သလဲဆိုတာ။ သူတို့တွေ နောက်ပိုင်းမှာ အိမ်ကနေ ထွက်သွားကြတာမျိုးမဖြစ်စေချင်လို့ ငါ့မှာ ကြိုးကြိုးစားစား လုပ်ပေးခဲ့ရသမျှ ဘာမှအကျိုးဖြစ်ထွန်းမလာဘဲ လင်ပါသားသမီးက မနှစ်သက်တာကိုပဲ ခံနေရတယ်။ အထူးသဖြင့် ကုယောင်ပေါ့။ ငါသာ သူ့ကို ပိုပြီး အလုပ်ခိုင်းလေ အနာဂတ်မှာ သူက ငါ့ကိုမနှစ်မြို့လေ ဖြစ်လာမှာ။ အခု တစ်ရွာလုံးကို ကြည့်လိုက်ပါဦး။ ကုယောင်က အလုပ်လုပ်တတ်လိုက်တာဆိုပြီး ချီးမွမ်းနေကြတာမဟုတ်လား။ အားလုံးက ငါသင်ကြားပေးခဲ့ရတာ မဟုတ်လား။ ကျေးဇူးမသိတတ်တဲ့ သားသမီးတွေကတော့ နည်းလမ်းတကျကို ရှိလာမှာမဟုတ်ဘူး။"
 
"ဟုတ်တယ်။ ကုယောင်က အခု ငါတို့လယ်ယာလုပ်ငန်းခွင်ထဲမှာလေ။ သူက အသွက်ဆုံးနဲ့ အတော်ဆုံးတစ်ယောက်ဖြစ်ပြီး ကြည့်ကောင်းတဲ့သူပဲ။ ကုယောက်က တော်တယ်လို့ အားလုံးပြောကြတယ်။ ဒါဟာ သူ့ရဲ့အဖေနဲ့ ချစ်ခင်စုံမက်ပြီး အိမ်ထောင်ကျခဲ့တဲ့မင်းရဲ့ မိသားစုအပေါ် ပြုစုဆက်ဆံမှုရဲ့ ပြယုဂ်တစ်ခုပဲ။"
 
လီတနီသည် သဘောတူညီစွာပင် ခေါင်းညိတ်ပြလေသည်။ "ဒီလိုဆိုတော့ ငါက မွေးစားမိခင်တစ်ယောက်အနေနဲ့ သင့်တော်လောက်အောင် မကောင်းပါဘူးလို့ ပြောလို့ရနိုင်သေးတာလား။"
 
"ဘယ်ဟုတ်ပါ့မလဲ။ ကောင်းတယ်ဆိုတာထက်တောင် ပိုနေပါပြီ။"
 
"တကယ်တော့ ငါ ကုကျန်းကို အပြစ်မတင်ရက်ပါဘူး။ မြေခွေးမ ဝင်စားလာတဲ့ သူ့ဇနီးကိုပဲ အပြစ်တင်ရမှာပေါ့။ အရင်တစ်ရက် ကုကျန်းအိမ်မှာရှိနေသေးတဲ့နေ့တုန်းက အိမ်က အရမ်းကို တိတ်ဆိတ်နေခဲ့တာ။ နောက်ရက်ရောက်တော့ အဲဒီချွေးမက အိပ်ရာတောင် စောစောမထတော့ဘူး။ ငါတို့တွေ ရပ်ရွာလူကြီးတွေဆီမှာ မိသားစုခွဲရေးကိစ္စ သွားလုပ်ပြီးလို့ ပြန်လာချိန်ကျမှ သူက အိပ်ရာက ထလာတယ်။ ပြီးတော့ တစ်နေ့လုံး အဲလောက်အချိန်တွေအကြာကြီးမှာ အခန်းထဲမှာပဲနေပြီး ထွက်မလာခဲ့တော့ဘူးလေ။ ဘာတွေဖြစ်နေလဲဆိုတာ နင်တွေးမိတယ် မဟုတ်လား။"
 
ထိုအကြောင်းကိုပြောသောအခါ မိန်းမတစ်ယောက်သည် ပါးစပ်အား လက်ဖြင့်အုပ်ကာ အံ့ဩတကြီး ပြောလေသည်။ "အရမ်းရဲတင်းတာပဲ။ ဒီမိန်းမက ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ ထပ်မမြင်ရတော့မှာကို စိုးရိမ်နေတာလား။"
"ဟုတ်တယ်မလား။ မိသားစုဝင်တွေအားလုံးက အိမ်မှာရှိနေကြတယ်။ ညဘက်တောင်မဟုတ်သေးဘဲနဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ချစ်ရည်လူးနေကြသေးတယ်။ ဒါက သင့်တော်ရဲ့လား။" လီတနီက ထပ်မံ၍ တုံ့ပြန်ပြောဆိုလေသည်။
"ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ်ပါဟယ် သူတို့က ကြင်စဦး လက်ထပ်ပြီးစလေးတွေပါ။ သူတို့နှစ်ဦး အတူတကွချစ်ရည်လူးနေကြတယ်ဆိုတာ အံ့ဩစရာမှ မဟုတ်ဘဲ။ နင်တို့အိမ်ကသားကလေး ကုကျန်းက မငယ်တော့ဘူးလေ။ ဒီလူက အညှီနံ့ကို မခံစားမိဘဲ နေ့ပါမလား။ သူ့ခမျာ အိမ်အတွက် အချိန်ပေးဖို့ အချိန်ပိုမရှိတာ မအံ့ဩတော့ပါဘူး။ လူငယ်တွေကတော့လေ…"
 
မြေးဖြစ်သူအား ထိန်းကျောင်းနေရင်းဖြင့် တံခါးအတွင်းလှမ်းဝင်လာသော အမျိုးသမီးတစ်ယောက်က ဝင်ပြောလေသည်။
 
အခန်းအတွင်း၌ တက်ကြွစွာဆွေးနွေးပြောဆိုနေကြသူတစ်အုပ်သည် ရုတ်တရက် လန့်ဖျပ်သွားကြပြီး မြေးကလေးအား ထိန်းကျောင်းရင်း သေးခံဘောင်းဘီလဲပေးနေသော အန်တီချန်အား လှည့်ကြည့်လိုက်ကြသည်။
 
စကားပြောလိုက်သောသူသည် တတိယဦးလေးကု၏ဇနီး အန်တီချန်ဖြစ်ကာ ကုတရွှမ်းနှင့် ဆွေမျိုးတော်စပ်သူလည်းဖြစ်ပေသည်။
 
ပုံမှန်အားဖြင့် ရွာအတွင်းတွင် စောင့်ရှောက်ရမည့် မြေးအရွယ်ကလေးများစွာ ရှိတတ်သော်လည်း မိန်းမကြီးများသည် လုပ်ငန်းခွင်မဆင်းနိုင်သည့်အတွက် လူငယ်များအား လုပ်ငန်းခွင်ဆင်းစေကာ အသက်ကြီးသောမိန်းမများက အိမ်တွင်နေရစ်ကြလျက် ကလေးထိန်းကျောင်းကြလေ့ရှိသည်။
 
လီတနီက ဦးစွာ စကားပြောလိုက်သည်။ "အန်တီပြောပုံက သူတို့လုပ်ပုံက အဆင်ပြေသင့်လျော်နေတဲ့အတိုင်းပဲ။"
 
"မှန်တာပေါ့။ ဒါက ညဉ့်နက်တဲ့အခါမှ လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်ဖြစ်နေရင်တောင် လူများစွာကတော့ နေ့လယ်ခင်းဘက်တွေမှာလည်း ချစ်ရည်လူးကြလေ့ရှိတာပဲ မဟုတ်လား။ ဟိုမိန်းကလေးက ဘာမှမလွန်ပါဘူးကွယ်။ မြို့ပြကလာတဲ့ ပညာတတ်မိန်းကလေးတွေက သိပ်ကိုရဲတင်းပွင့်လင်းတယ်လို့ ပြောကြတာကြားဖူးပါတယ်။ အဲဒီမိန်းကလေးကြည့်ရတာ အဲလိုပြောကြတဲ့ ပုံစံမျိုးလေးနေမှာပေါ့။"
 
"အန်တီ ဒါက သာမန်ကိစ္စဆိုရင်တောင် အချိန်ပြည့်နီးပါးတော့ ဖြစ်မနေသင့်ဘူး။" ထိုသို့ပြောလာသူမှာ တတိယအန်တီချန် တူလေး၏ ဇနီးဖြစ်သည်။ သူ(မ)သည် မျိုးရိုးအမည် ချန်ဖြင့်ပင် ချန်ယွဲ့ဟုခေါ်တွင်လေပြီး ဤအခန်းအတွင်းရှိ ဆွေးနွေးမှုအတွင်း အတက်ကြွဆုံးလည်းဖြစ်ပေသည်။
 
အန်တီချန်၏ခင်ပွန်းသည် သူ့မိသားစုအတွင်း အငယ်ဆုံးဖြစ်သောကြောင့် သူ၏ တူနှင့်သူ့ဇနီးတို့မှာ အသက်အရွယ် သိပ်မကွာခြားပေ။ သူ(မ)သည် တစ်ရပ်ရွာတည်းသားချင်း လက်ထပ်ထားသူလည်းဖြစ်သည့်အတွက် အားလပ်နေသည့်အချိန်များတွင် ရွာထဲရှိနေရာအနှံ့အပြားသို့ လည်ပတ်သွားနေလေ့ရှိသည်။
 
သူ(မ)သည် ချန်ယွဲ့၏စကားကိုကြားသောအခါ အန်တီချန်သည် မထီမဲ့မြင်စွာ ပြောလိုက်သည်။ "လူငယ်စုံတွဲတွေကြားက ကိစ္စက ငါတို့နဲ့ ဘာများပတ်သက်နေလို့လဲ။ တစ်နေ့လုံး တစ်ညလုံး သူတို့တွေ ကုတင်ပေါ်က ထမလာကြရင်တောင် သူတို့လူငယ်စုံတွဲတွေ ပျော်ရွှင်ကျေနပ်တယ်ဆိုရင် ဒါကသူတို့အလုပ်ပဲလေ။"
 
"အန်တီချန်… ရှင်ပြောနေတာက…"
 
"ငါပြောတာ ဘာမှားလို့လဲ။ မင်းမှာ ခင်ပွန်းနဲ့နှစ်ကိုယ်တည်းလူးလှိမ့်ခဲ့တဲ့အချိန် မရှိလို့လား။ ဒါက လူငယ်စုံတွဲတွေကြားက ဆက်ဆံရေးကောင်းမွန်မှုတစ်ရပ်ပဲလေ။ သူတို့တွေသာ ပြဿနာရှာပြီး မသင့်မမြတ်ဖြစ်နေကြရင် ရန်သူက ပိုလို့တောင်ပျော်ရွှင်နေဦးမယ်။ ဒါ့အပြင် စုံတွဲတွေက သူတို့အခန်းတံခါးကို ပိတ်လိုက်ပြီးနောက်မှာ သူတို့တွေ ဘာလုပ်ကြသလဲဆိုတာ ဘယ်သူ့အပေါ်ကို သက်ရောက်နေလို့လဲ။"
 
လီတနီသည် စကားဆက်မပြောနိုင်တော့ပေ။ သူ(မ)သည် ယနေ့တွင် သဘောထားချင်းမတူတတ်သည့် အန်တီချန်လည်း ဤနေရာတွင် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
 
လီတနီသည် ရွာအတွင်းမှ လူများဖြင့် အမြဲအတင်းပြောလေ့ရှိသည်။ ထိုသို့သော အချိန်တိုင်းတွင် အန်တီချန်သည် သူ(မ)၏ စကားများအား အမြဲငြင်းပယ်လေ့ရှိသည်။ လီတနီသည် အမြဲတမ်း သူ(မ)နှင့် ဆက်ဆံပြောဆိုခြင်း မပြုချင်ပေ။ ဤသည်က ရွာကလေးသေးသေးမျှသာဖြစ်ပြီး လီတနီအနေဖြင့် သူ(မ)အား သွားရှာပြီးမကြည့်သရွေ့ ဂရုစိုက်ကာ စိတ်ရှုပ်ခံနေစရာလည်း မလိုအပ်ပေ။
 
ယနေ့တွင် လီတနီသည် နောက်ဆုံး၌ စကားအနည်းငယ်မျှဖြင့် သူတစ်ပါးမကောင်းကြောင်းအား ပြောရသေးချိန်တွင် ထပ်မံငြင်းပယ်ခံရပြန်လေပြီ။
 
"ဒီလိုဆိုရင်လည်း နင့်သားနဲ့ချွေးမကို နေ့တိုင်းအိမ်မှာ ချစ်ရည်လူးခိုင်းထားလိုက်ပါလား။ ဒီလိုဆို လူငယ်စုံတွဲရဲ့ကြားက ဆက်ဆံရေးလည်း ကောင်းသွားတာပေါ့။ လူငယ်တွေအတွက် ဒီလုပ်ရပ်က သာမန်ပဲဆိုတော့ အလုပ်တွေနှောင့်နှေးလည်း သာမန်ပါပဲ။"
အန်တီချန်သည် လီတနီ၏အတွေးခေါင်မှုကြောင့် အံ့အားသင့်သွားရပြီး သူ(မ)နှလုံးသားပင် မွန်းကျပ်သွားရသည်။ လီတနီ၏ အကြည့်များက ပို၍ပင် သက်သောင့်သက်သာမရှိလှပေ။
 
"နင်ပြောတဲ့စကားက မှားလား မှန်လားဆိုတာကို ငါမပြောတော့ဘူး။ အခုလေးတင် နင်ပြောနေတဲ့စကားတွေကို အခြေခံပြီးပြောရမယ်ဆိုရင် ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာတောင်မလိုဘူး။ နင်က အမြဲတမ်း ကျောက်အဲ့နဲ့သူ့ကလေးနှစ်ယောက်ကို ဘယ်တော့မှ အကောင်းမပြောဘူးဆိုတာကို ငါက အလုပ်ရှုပ်ခံပြီး နင့်ကို တကူးတက ပြောပြနေရာတောင်မလိုဘူး။ နင်က မိထွေးပဲလေ သူတို့ကို မကောင်းပြောလို့ ကောင်းတာပေါ့။"
 
" နင်…"
 
"ကုယောင်ကို နေ့တိုင်းနေ့တိုင်း အလုပ်လုပ်ဖို့ နင်ကခေါ်,ခေါ်လာတယ်။ နင့်မိသားစုက အကောင်းအတိုင်းရှိနေတဲ့ ချွန်းဟွားကတော့ နေ့တိုင်းလျှောက်ပတ်ကစားနေတာပဲ။ ရှန်းကျီက တိုင်းပြည်အတွက် သစ္စာရှိရှိနဲ့ အလုပ်လုပ်နေခဲ့ပြီး နောက်ဆုံးတော့ ဇနီးတစ်ယောက်ကို လက်ထပ်သွားပြီ။ ပြောရရင်တော့ ဒါက နင့်အတွက်တော့ ကောင်းတဲ့ကိစ္စမဟုတ်ဘူးမလား။ ပြီးတော့ ထပ်ပြောရရင် မိသားစုခွဲလိုက်တယ်ဆိုတာ ဆွေခန်းမျိုးခန်းဖြတ်လိုက်တာမျိုးမှ မဟုတ်တာ။ မဟုတ်ရင် နင့်အိမ်မှာ ဒီလောက်များတဲ့ပစ္စည်းတွေ ဘယ်လိုရှိနေနိုင်မလဲ။ ရှန်းကျီက မိသားစုခွဲလိုက်တာကောင်းတယ်လို့တောင် ငါကပြောဦးမယ်။ ဒါပေမဲ့ သနားစရာကောင်းတာက ဒီကလေးက သိပ်ကိုရိုးသားဖြောင့်မတ်လွန်းတယ်။ နင်တို့ဆီကနေ ဘာကိုမှ တောင်းယူတာမျိုး မလုပ်ချင်ဘူး။ မိသားစုခွဲတဲ့အခါ မိသားစုပိုင်ငွေကြေးကိုလည်း ခွဲပေးရတယ်။ ဘယ်လိုလုပ်ပြီးများ သူက ငွေနည်းနည်းတောင် မလိုချင်ရတာလဲ။ ဒီလိုလုပ်တာက ဆွေခန်းမျိုးခန်းဖြတ်လိုက်တာနဲ့ ဘယ်လိုတူနေပါ့မလဲ။ နင်က သူ့ကိုငွေတောင်းဖို့တောင် မျက်နှာပြရဲသေးတယ်မဟုတ်လား။ တပ်သားတစ်ယောက်က ငွေအများကြီးရတယ်ဆိုတာ မှန်လို့လား။ သူက ဇနီးတစ်ယောက်ကို လက်ထပ်ပြီးနောက်မှာ သူ့ဇနီးကို ငွေပေးတယ်ဆိုတာ ဘာမှားနေလို့လဲ။"
 
လီတနီအား ရည်ရွယ်၍ပြောလိုက်သော အန်တီချန်၏ စကားများသည် အနည်းငယ် ကြမ်းတမ်းဟန်ပေါ်သော်လည်း အကျိုးအကြောင်း သင့်လျော်မှန်ကန်ပေသည်။
 
အခန်းအတွင်း၌ရှိနေကြသော လူအများသည် သူ(မ)ပြောသော စကားအားကြားပြီးနောက် သေချာစွာ တွေးတောကြည့်မိသောအခါ သူ(မ) ပြောသည့်အတိုင်း မှန်ကန်နေသည့်ပုံပင်။ထို့နောက် လီတနီကို ကြည့်ရသည်မှာ သူ(မ)သည် သူ(မ)၏မနာလိုမုန်းတီးမှုများ ဖွင့်ထုတ်ရန်အတွက် သူတို့တတွေအား တမင်တကာ အသုံးချနေသည့်ဟန်ပင်။
 
လီတနီသည် အန်တီချန်မှ ကုကျန်းနှင့်သူ့ဇနီးအကြောင်းကိုပါ ထည့်သွင်းပြောလာပြီး သူ(မ)အား တန်ပြန်တိုက်ခိုက်တုံ့ပြန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအခါ လီတနီ၏ စိတ်ထားသည် သဘာဝကျစွာပင် ကျေနပ်ပျော်ရွှင်မနေပါတော့ပေ။
 
လီတနီသည် သိမ်မွေ့နူးညံ့ကာ သည်းခံတတ်သော လူအမျိုးအစားမဟုတ်ပေ။ ဤအခြေအနေကို မြင်သောအခါ စားပွဲအား ရိုက်ချလျက် အန်တီချန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလေသည်။ "နင်က ဘယ်လို မိန်းမအမျိုးအစားလဲ။ နင်က တတိယဦးလေးကို သေစေတဲ့အထိ ဖြစ်စေတဲ့မိန်းမ ဆိုတာကို ငါကြားဖူးတယ်နော်။ နင်က အကြံအစည်ကြီးတဲ့ မိန်းမပဲ။ အရှက်မရှိတဲ့ မိန်းမ။"
 
 
"ဘမ်း" နောက်တစ်စက္ကန့်အတွင်း အန်တီချန်သည် လီတနီအား ရေခွက်ဖြင့် ကောက်ပေါက်လိုက်ပြီး ခွက်ငယ်ကလေးက သူ(မ)နှင့် ထိခိုက်မိသွားကာ ကြမ်းပြင်ပေါ်ကျဆင်းသွားပြီး တဒေါင်ဒေါင်တဒင်ဒင်မြည်လျက်ရှိပေသည်။
 
"နင်ကများ ငါ့ကို လုပ်ရဲတယ်ပေါ့။" လီတနီ၏ မျက်လုံးများသည် ရဲရဲနီနေလျက် အန်တီချန်ရှိရာဆီသို့ ရှေ့တိုးတက်လာရန် ချက်ချင်းဟန်ပြင်လိုက်သည်။ အန်တီချန်သည် သူ(မ)အား စိုက်ကြည့်နေလျက် "ငါ့မှာ သား ၅ ယောက်တောင်ရှိတယ်နော်။ နင် စိန်ခေါ်ရဲသလား။"
 
သား ၅ ယောက် ဆိုသည့်အသံအား ကြားလိုက်သောအခါ လီတနီ၏ မောက်မာနေမှုက တစ်ဝက်တစ်ပျက် တန့်သွားသည်။ အန်တီချန်သည် တတိယဦးလေးကုအား လက်ထပ်ပြီးသည့်နောက် သား ၃ ယောက် ဖွားမြင်ခဲ့ကာ နောက်ဆုံးမွေးဖွားခဲ့စဉ်က သားအမွှာကလေးများ ဖြစ်ကြပေသည်။
 
လွန်ခဲ့သော နှစ်၂၀ ခန့်က ကလေးများ အများအပြားရှိခြင်းဆိုသည်က ကောင်းချီးတစ်ခုဖြစ်ပေသည်။ ကလေးများအား ပြုစုပျိုးထောင်ရသည်က ခက်ခဲပါသော်လည်း သူတို့ကဲ့သို့သော ကျေးလက်လူတန်းစားများအတွက် သားရတနာရှိခြင်းက နှလုံးသည်းပွတ်ပမာပင်ဖြစ်သည်။ ထို့အပြင် အန်တီချန်သည် သားချည်းသာ ၅ ယောက် မွေးဖွားထားခြင်းဖြစ်ပေသည်။ ဤရှောင်းကူရွာတွင် ဤကဲ့သို့သော သားရတနာကိုချည်း မွေးဖွားပေးနိုင်သည့် အမျိုးကောင်းသမီးသည် အလွန်ရှားပါးလှပေရာ မည်သည့်မိသားစုကမှ သူတို့မိသားစုအား အနိုင်မကျင့်ရဲပါချေ။ ထို့အပြင် ဤကာလများအတွင်း အန်တီချန်၏ တတိယသားသည် ရှောင်းကူရွာ ရပ်ရွာတာဝန်ခံ၏ ခေါင်းဆောင်ဥက္ကဌလည်း ဖြစ်လာပေသည်။
 
လီတနီသည် အန်တီချန်အား သာမန်ကာလျှံကာ ပြဿနာရှာခြင်းမပြုခဲ့သည်မှာလည်း ဤအကြောင်းပြချက်ကြောင့်ပင်ဖြစ်သည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သူ(မ)အနေဖြင့် နှိမ့်ချဆက်ဆံကာ အနိုင်ကျင့်လို့ရသည့် အခြားသူများလည်းရှိနေသေးပေရာ အန်တီချန်နှင့် စကားများငြင်းခုန်ခြင်း မပြုခဲ့တော့ခြင်းလည်းဖြစ်ပေသည်။ ယနေ့တွင် ချန်ယွဲ့အိမ်တွင် အန်တီချန်ပါ ရှိနေလိမ့်မည်ဟု သူ(မ) မသိခဲ့ပေ။ သူ(မ)သာ ကြိုသိနေခဲ့မည်ဆိုလျှင် အခြားတစ်ယောက်အိမ်ကိုသာ အလည်သွား၍ အတင်းပြောပေလိမ့်မည်။ သူ(မ) အနေဖြင့် အန်တီချန်နှင့် မည်သည့်အခါမှ ထိပ်တိုက်တွေ့လိမ့်မည်မဟုတ်ပေ။
 
လီတနီသည် စိတ်ဆိုးဒေါသထွက်လွန်း၍ လွှတ်မချနိုင်၊ ဖွင့်မထုတ်နိုင်အောင် ဖြစ်နေရပြီး အင်မတန် သက်သောင့်သက်သာ မရှိလှပေ။ သူ(မ)သည် တစ်စုံတစ်ယောက်ထံမှ ရှုံးနိမ့်ခဲ့ရသော်လည်း တစ်ခွန်းမှတောင် ပြန်လည်တုံ့ပြန်နိုင်ခဲ့ခြင်း မရှိပေ။
အခန်းအတွင်းရှိ အမျိုးသမီးတို့သည် အခြေအနေက လက်ရှိအဖြစ်အပျက်ထိ ဖြစ်ပျက်သွားလိမ့်မည်ဟု မထင်ထားကြရာ သူတို့အားလုံးသည် လီတနီ၏ အင်္ကျီစအား ဝိုင်းဆွဲထားကြသည်။ "တနီ စိတ်လျော့လိုက်။ စကားနဲ့ပဲ ပြောကြမယ်လေ။ ဘာလို့ ရန်ဖြစ်နေကြမလဲ။"
 
"ဟုတ်တယ် ဟုတ်တယ်။"
 
လီတနီသည် အန်တီချန်အားလည်း လက်ဖျားနှင့်တောင် မထိရဲရလေကာ အတော်ပင် စိတ်မသက်မသာခံစားနေရလေသည်။ သို့သော် သူ(မ)သည် ဘာမှမဖြစ်လေသည့်အတိုင်း သာမန်ကာလျှံကာဖြင့်လည်း ဤအဖြစ်ကို ကျော်ပေးမသွားနိုင်ပါပေ။
 
လီတနီသည် မည်သည့်အချိန်က ပြန်လာခဲ့သည်မှန်းမသိနိုင်သော ချင်လင်လင်အား စက်ဘီးကလေးတွန်း၍ သူတို့ခြံဝင်းအတွင်းလမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ ချင်လင်လင်သည် ဤအိမ်အတွင်းမှ စကားပြောနေသံများအား ကြားခဲ့ရလေသည်။
 
သူ(မ)ထင်ထားသည့်အတိုင်းပင် လီတနီသည် သူ(မ)၏ မကောင်းကြောင်းများအား လျှောက်ပြောရန် အလည်သွားနေခြင်းပင်ဖြစ်ပါ၏။ သို့သော် သူ(မ) မထင်ထားခဲ့သည်မှာ လီတနီသည် အမည်းကို အဖြူဖြစ်အောင်ပြောကာ သူ(မ) မည်သည့်အခါကမှ ပြုလုပ်ခဲ့ခြင်းမရှိပါသည့် ကိစ္စများကိုပင် လီဆယ်စွပ်စွဲပြောဆိုနေသေးသည်။ ထို့အပြင် သူ(မ)နှင့် ကုကျန်းတို့သည် နေ့ခင်းကြောင်တောင်တွင်ပင် ထိုအရာကို လုပ်နေကြသည်ဟု ပြောဆိုနေသေး၏။
 
သူ(မ)နှင့် ကုကျန်းတို့သည် တိုဟူးနှင့်ရောနှောထားသော ကြက်သွန်မြိတ်တို့ထက်ပင် ကြည်လင်သန့်စင်ကာ အပြစ်ကင်းစင်ပါသေးသည်။ မည်သည့်အချိန်အခါကများ သူတို့နှစ်ဦးသားသည် ညဘက်တွင် ချစ်ရည်လူး၊ နေ့ခင်းတွင် ချစ်ရည်လူး ပြုမူခဲ့ကြဖူးပါသနည်း။
 
သူတို့စကားပြောဆိုနေကြသည့်နေရာသည် ထိုခြံဝင်း၏အိမ်အနောက်ဘက်တွင်ဖြစ်ကာ ချင်လင်လင်သည် စက်ဘီးအား သူ(မ)တို့အိမ်ရှေ့ဘက်ဆီမှပတ်၍ တွန်းသွားကာ လူတိုင်း၏ပြောစကားများအား နားထောင်နေလေသည်။
 
ချင်လင်လင်သည် ထိုအိမ်အတွင်းဝင်သွားကာ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်မှ ကုကျန်းနှင့်သူ(မ)ဘက်မှကာကွယ်၍ တုံ့ပြန်ပြောဆိုပေးလိုက်သည်ကို ကြားလိုက်ရသည်။
 
သူတို့နှစ်ဦး ချစ်ရည်လူးကြပါသည်ဆိုသည်က မှန်ကန်သည့်အကြောင်းအရာ မဟုတ်ပါသော်လည်း ထိုတစ်စုံတစ်ယောက်က ဝင်ပြောပေးသည်က အမှန်တကယ်ပင် အသက်ရှူချောင်စေပါသေးသည်။
 
သို့သော် အဆုံးတွင် ဤမျှကြီးမားသော ရန်ပွဲဖြစ်သွားကာ လီတနီသည် ခေါင်းမဖော်နိုင်လောက်အောင် အနိုင်ယူခံရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
 
စကားပြောဆိုနေခဲ့ကြသည့်အခန်းအတွင်းသို့ ကြည့်လိုက်ရာ စကားများရန်ဖြစ်မှုပြီးသည့်နောက် တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုတည်းကသာ ကြီးစိုးနေလျက် ချင်လင်လင်၏ စက်ဘီးတွန်းသံက အနည်းငယ် အနှောင့်အယှက်ဖြစ်စွာ ပေါ်ပေါက်လာလေသည်။
 
လီတနီသည် တံခါးဝဘက်အား မျက်နှာမူလျက်ရှိသည့်အတွက် အကြည့်တစ်ချက်ဖြင့်ပင် ချင်လင်လင်ရှိနေသည်ကို မြင်တွေ့ရလေသည်။
 
အခြားသူများလည်း ချင်လင်လင်ကို မြင်တွေ့သွားကြရာ အားလုံးက သူတို့အားကြည့်ရန် ခေါင်းများလှည့်လာကြသည်။
ဤကဲ့သို့သော ရှက်ရွံ့ဖွယ်အခြေအနေမျိုးတွင် ချင်လင်လင်သည် မချိပြုံး ပြုံးပြလိုက်ပြီး အားလုံးအား ယဉ်ကျေးသိမ်မွေ့သည် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ (နိဟောင်) အန်တီတနီ ထမင်းစားဖို့ အိမ်မပြန်သေးဘူးလားရှင့်။ ကျွန်မက ဖြတ်သွားရင်းနဲ့ လမ်းကြုံလို့ နှုတ်ဆက်တာပါရှင့်။"
 
_*****_

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now