အခန်း ၁၂ - အကြင်လင်မယားစုံတွဲ (၁)
မန်နေဂျာကျန်းသည် သူနေထိုင်ရာ အဆောက်အဦးမှ ပြန်လာနေစဉ် အော်ခေါ်ခြင်းခံလိုက်ရလေ၏။"မန်နေဂျာကျန်း မန်နေဂျာကျန်း ... တစ်ခုခုဖြစ်နေပြီ။" လာပြောသူသည် ခရီးဝေးကြီး လျှောက်လာခဲ့ရဟန်တူသည်။ ချွေးများရွှဲလျက် မောဟိုက်လို့နေသည်။
"ဘာဖြစ်တာလဲ။" ထိုသူသည် သူ့အဖွဲ့အတွင်းမှ ပညာတတ်လူငယ်ဖြစ်ကြောင်း မှတ်မိသွားသောအခါ မန်နေဂျာကျန်းက မေးမြန်းလေ၏။
"ကျွန်တော်တို့ အဖွဲ့ရဲ့ လုပ်ငန်းခွင်အတွင်းမှာ မတော်တဆမှုဖြစ်လို့။"
မန်နေဂျာကျန်း၏ အမူအရာမှာ ကြောက်ရွံ့စဖွယ်တည်တင်းတင်း ဖြစ်သွားလေပြီး သူ့ခြေလှမ်းများက နှစ်လှမ်းစာအား ခြေတစ်လှမ်းနှုန်းဖြင့် သွားလေသည်။ "ဘာဖြစ်တာလဲ။ သွားရင်းနဲ့ပြောတော့။"
"ဟုတ်ကဲ့။"
ထိုအချိန်တွင် ခေါင်းဆောင်များရုံးအဆောက်အဦး၌ ကုကျန်းနှင့် ချင်လင်လင်တို့သည် အဆောက်အဦးအတွင်းရှိ ထိုင်ခုံများတွင် ထိုင်လျက် ကိုယ်စီလက်ဖက်ရေကြမ်းကို သောက်နေဆဲပင်ဖြစ်ချေသည်။
ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်လျက်ရှိသည့် ကုကျန်းအားကြည့်ရင်း ချင်လင်လင်သည်လည်း စိုးရိမ်နေမှုများ ပြေလျော့သွားလေသည်။
သူတို့နှစ်ဦးဆုံတွေ့သည်က ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရုတ်တရက်ပေါ်ပေါက်လာသော ခင်ပွန်းဖြစ်သူ၏ စရိုက်အား နားမလည်ပါသော်လည်း ကုကျန်းသည် တည်ငြိမ်အေးဆေးလျက် အကျိုးအကြောင်းသင့်အောင်လုပ်နိုင်သူဖြစ်ကြောင်း ယုံကြည်မိပါ၏။
ချင်လင်လင်က မည်သည်ကိုမျှ မမေးမြန်းပါ။ ကုကျန်းက သူ့အား စောင့်ဆိုင်းရန် တောင်းဆိုခဲ့သည်။ သို့ဖြစ်၍ သူကလည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းပေမည်။
ဆန့်ကျင်ဘက်ဖြစ်စွာဖြင့် ခေါင်းဆောင်လီနှင့် လီကျန်းယဲ့တို့သည် တုန်လှုပ်စိုးရိမ်နေကြလျက်ရှိပြီး သူတို့အား မောင်းထုတ်နိုင်ရန် တစ်စုံတစ်ယောက်အား အလျင်စလို ရှာဖွေနေကြ၏။ သို့သော် ထိုလူအနည်းငယ် ရောက်လာကြသောအခါ အဆောက်အဦးတွင်း၌ ထိုင်နေသော ကုကျန်းသည် ရုတ်တရက် ထလာသည်။ ရှည်လျားမြင့်မားလှသောသူ့အရပ်အမောင်းက ရောက်လာကြသော ၁ မီတာကျော်သာ အရပ်ရှည်သည့်လူအချို့အား လွှမ်းမိုးဖိအားပေးနိုင်စွမ်းရှိနေလေသည်။ အထူးသဖြင့် မျက်လုံးများပင်။ သူတို့သည် ကုကျန်း၏ ထိုမျက်လုံးများနှင့် အကြည့်ဆုံသွားချိန်တွင် ထိုမျက်ဝန်းများအတွင်း၌ ခက်ထန်မှုများက အပြည့်ရှိနေ၏။
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...