အခန်း ၅၆.၂ - ကလေးယူခြင်း
ကုကျန်းသည်လည်း အမယ်အိုက ထိုစကားမျိုးပြောလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ထိုအကြောင်းအရာနှင့်ပတ်သက်လျက် တစ်ကြိမ်တစ်ခါမှ တွေးတောမိခဲ့ခြင်းမျိုး မရှိခဲ့ပါပေ။ မည်သို့ပင်ဆိုစေ သူနှင့် ချင်လင်လင်တို့မှာလည်း ယခုအချိန်တွင် အစစ်အမှန် အကြင်လင်မယားစုံတွဲများ မဟုတ်ခဲ့ကြပါပေ။
သူတို့နှစ်ယောက်လုံး တစ်ယောက်မှ စကားမဆိုကြသည်ကို မြင်ရသောအခါ အမယ်အိုက သံသယဝင်သွား၏။ "ဘာဖြစ်လို့လဲ။ ဖွားဖွားပြောတာ မှားလို့လား။ မင်းတို့ သဘောမကျဘူးလား။"
အမယ်အိုက ဦးစွာ ချင်လင်လင်အား ကြည့်လိုက်သော်လည်း သူ(မ)ကမူ စကားတစ်ခွန်းမှပင် ပြန်လည်မဖြေကြားနိုင်ပါပေ။
"ရှန်းရှန်း မင်းရော သဘောမကျဘူးလား။"
ကုကျန်းမှာလည်း မည်သည့်စကားမှ ထပ်မပြောရဲပါချေ။ သဘောကျပါသည်ဟုပြောလျှင်လည်း ချင်လင်လင်က ဘေးဘက်တွင် ရှိနေသေးသည်ဖြစ်ရာ သူသာ ထိုသို့ပြောလိုက်ပါက အကယ်၍ သူ(မ)ထံတွင် အခြားသော စိတ်ကူးရှိနေမည်ကို စိုးရိမ်မိပါ၏။ သဘောမကျပါဘူးဟု ပြောလိုက်ပြန်လျှင်လည်း အမယ်အိုက ရှေ့တွင်ရှိနေသေးသည်ဖြစ်ရာ သူ့အတွက် စိတ်ပူစေလိမ့်မည်ဖြစ်သည်။
ချင်လင်လင်သည်လည်း အကျပ်အတည်းကြား ရောက်ရှိနေပြီး အမယ်အိုက ထပ်မံငိုကြွေးတော့မည်လားဟု တွေးထင်နေမိသည်။ အမယ်အို၏ ခံစားချက်အား သက်ရောက်စေနိုင်သော စကားမျိုးပြောဖို့ရန်မှာ ခက်ခဲလွန်းပါ၏။
ကုကျန်းက အခက်တွေ့ကာနေရစဉ်တွင် ချင်လင်လင်က လျင်မြန်စွာ သဘောတူညီလိုက်သည်။ "ဖွားဖွား ကျွန်မတို့ ကြိုးစားပါ့မယ်။"
ချင်လင်လင် ပြောပြီးသည့်နောက်တွင် ကုကျန်းက သူ(မ)အား မယုံကြည်နိုင်စွာဖြင့် ကြည့်လာပြီး ထိုအကြည့်တစ်ချက်က ချင်လင်လင်အား ကြောက်ရွံ့စိုးရိမ်သွားစေလေသည်။
အမယ်အိုက သူ(မ)ပြောသည်ကို ကြားသောအခါ ဝမ်းမြောက်သွားလေသည်။ "ကောင်းတယ်။ ကောင်းတယ်။"
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...