အခန်း ၃၈ - အမျိုးသမီးဇာတ်လိုက်
လင်းချီချီက အပျော်စောလွန်းသွားခဲ့သည်။ ထို့နောက် သိပ်မကြာလိုက်ခင်မှာပင် သူ(မ)သည် တစ်စုံတစ်ယောက်ထံမှ အကြမ်းပတမ်း ဆောင့်ဆွဲခံရကာ ရိုက်နှက်ခံလိုက်ရလေသည်။
ချင်လင်လင်နှင့် ဖုရှောင်ယွဲ့တို့သည် အဆောက်အဦအတွင်းဘက်တွင် စကားပြောနေကြဆဲဖြစ်သည်။ ထိုအသံကိုကြားသောအခါ အလျင်စလို အပြင်ဘက်ထွက်လာကြသည်။
လင်းချီချီသည် အမျိုးသမီးတစ်ဦးထံမှ လုံးထွေးရန်ဖြစ်ခြင်းခံနေရပြီး မြင်ကွင်းက ပရမ်းပတာဖြစ်နေသည်။
"အဲဒါ အစ်မကျောက်ပဲ။" ဖုရှောင်ယွဲ့က ပြောသည်။
ချင်လင်လင် လှမ်းကြည့်လိုက်ရာ ပိန်ပါးကာ အသားညိုသော အမျိုးသမီးတစ်ဦးက လင်းချီချီအား ဆွဲထားကာ ရိုက်နှက်နေလေသည်။
တစ်စုံတစ်ယောက်သည် ရှေ့တိုးလာပြီး သူတို့အား တားဆီးရန်ကြိုးပမ်းသောအခါ ထိုလူသည် အမျိုးသမီးကျောက်၏ တွန်းထုတ်ခြင်းခံလိုက်ရသည်။
အမျိုးသမီးကျောက်၏ ပိန်ပါးသော ခန္ဓာကိုယ်အားကြည့်လျက် အထင်အမြင်သေးလို့မရပါချေ။ သူ(မ)သည် အင်မတန် သန်မာလှသည်။ သူ(မ)သည် ငယ်ရွယ်စဉ်ကာလက ကျေးလက်သို့လုပ်အားပေးရန် လာရောက်ခဲ့ရသည့် မြို့ပြမှ အမျိုးသမီးတစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင် ကျေးလက်၌ အိမ်ထောင်ပြုခဲ့ပြီး ရင်သွေးများမွေးဖွားခဲ့သည်။ သူ(မ)သည် ဤလယ်လုပ်ငန်းခွင်၌ပင် အလုပ်လုပ်နေသည်။ သူ(မ)၏ ကလေးများက ယခုဆိုလျှင် အလယ်တန်းတက်နေကြပြီဖြစ်သည်။
"တစ်စုံတစ်ယောက်ကို ဖမ်းဆွဲပြီး ရိုက်နှက်နိုင်တဲ့ ငါ့လို လူကို နင်တို့စိတ်ပူနေစရာမလိုဘူး။" အမျိုးသမီးကျောက်က အော်ဟစ်လိုက်သည်။ သူတို့အား ကူညီဖျန်ဖြေပေးရန် ရှေ့တိုးလာလိုသော လူအများသည် ကြောက်လန့်တကြားဖြစ်ကာ ဆက်လက်မလှုပ်ရှားရဲကြတော့ပေ။
ထို့ကြောင့် လင်းချီချီသည် အမျိုးသမီးကျောက်ထံမှ မညှာမတာ ရိုက်နှက်ခံရလေသည်။
"ဘာဖြစ်ကြတာလဲ။" ချင်လင်လင်က တီးတိုးလေးပြောဆိုလိုက်သည်။
ဖုရှောင်ယွဲ့သည်လည်း ခေါင်းယမ်းပြသည်။ "ငါလည်း မသိဘူး။ အစ်မကျောက်က ငါတို့အဖွဲ့က မဟုတ်သလို သူနဲ့လည်း အဆက်အသွယ်မရှိဘူး။ သူဘာလို့ တစ်ခြားတစ်ယောက်ကို ရိုက်နှက်ရတာပါလိမ့်။"
သဘာဝကျစွာပင် ထိုရိုက်နှက်မှုသည် အကြောင်းမဲ့သက်သက်တော့ မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးကြားရှိ မသင့်မြတ်မှု တစ်စုံတစ်ရာကြောင့်သာ ဖြစ်နိုင်ပေ၏။ ချင်လင်လင်ကိုယ်တိုင်လည်း အဘယ်ကြောင့်ဖြစ်နိုင်ကြောင်း မခန့်မှန်းတတ်ပေ။ သူ(မ)သည်လည်း အမျိုးသမီးကျောက်နှင့် ရင်းနှီးသူမဟုတ်ပေ။
မူလကိုယ်ချင်လင်လင်တွင် သူ(မ)နှင့်ပတ်သက်၍ မှတ်ဉာဏ်အချို့ရှိပါသော်လည်း အများစုမှာ သေချာရှင်းလင်းမှုမရှိပေ။ မည်သို့ပင်ဖြစ်စေ မူလကိုယ်ချင်လင်လင်သည် ကြောက်တတ်ကာ ပျော့ညံ့သော စရိုက်ရှိသူတစ်ယောက်ဖြစ်လေသည်။ သူ(မ)အနီးအနားရှိ မည်ကိုမည်ဝါမှန်းကိုပင် မသိနိုင်ပေ။ ထို့အပြင် လယ်လုပ်ငန်းခွင်က အင်မတန် ကြီးမားကျယ်ပြန့်လေရာ သူ(မ) တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့်လူများလည်း ရှိနေသေး၏။
အမျိုးသမီးကျောက်သည် ကြမ်းတမ်းသောစရိုက်ရှိသည့် သူတစ်ယောက်ဖြစ်သည်။ သူ(မ)သည် လင်းချီချီအား ဆွဲဆောင့်ကာ ရိုက်နှက်ရင်းဖြင့် အော်ဟစ်နေလေသည်။ "ငါနင့်ကို ငါ့လူကို ခိုးယူခွင့်ပြုလိုက်မယ်။ ပြီးရင်တော့ ငါနင့်ကိုသတ်နိုင်မလားဆိုတာ ကြည့်နေလိုက်။ ဟမ်း… အရှက်မရှိတဲ့ကောင်မ… နင်က လုပ်နိုင်စွမ်းရှိတယ်ပေါ့လေ။ နင် အရှက်မရှိဘူးလား။"
"ငါမလုပ်ဘူး။ ငါ့ကို လာမစွပ်စွဲနဲ့။ ထွက်သွား…"
"နင် ဝန်မခံရဲဘူးမဟုတ်လား။ နင့်လို အမြှောင်မလေးက အရမ်းကို အရှက်မဲ့နေတာပဲ။ နင့်လိုလူမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။"
မည်သူတစ်ဦးတစ်ယောက်ကမှ သူတို့နှစ်ဦး၏ရန်ပွဲအား မဖျန်ဖြေရဲကြပါဘဲ ကြည့်နေကြလေသည်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့နှစ်ဦး၏ ပြောစကားများအား ကြားသွားကြသောအခါ သူတို့အားလုံး ပင့်သက်ရှိုက်မိကြလေသည်။
အမျိုးသမီးကျောက်၏ စကားများသည် ကြမ်းတမ်းပြီး မြန်ဆန်နေပါသော်လည်း လင်းချီချီ၏ တုံ့ပြန်အော်ဟစ်သံများအား ထည့်ပေါင်းလိုက်မည်ဆိုလျှင်ဖြင့် အနီးအနားရှိ လူအားလုံးသည် အကြောင်းအရာအလုံးစုံအား ရှင်းရှင်းလင်းလင်း ကြားသိသဘောပေါက်နိုင်ကြသည်။ ထို့နောက် အမျိုးသမီးကျောက်ထံမှ ဆွဲကာရိုက်နှက်ခံနေရသည့် လင်းချီချီအား မယုံနိုင်စွာ ကြည့်နေကြလေသည်။
အဝေး၌ရှိနေသော ချင်လင်လင်နှင့် ဖုရှောင်ယွဲ့တို့သည်ပင် ရှင်းရှင်းလင်းလင်း ကြားသိနိုင်လေသည်။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြပြီး တစ်ဦးချင်း၏ မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှုများ ရှိနေကြ၏။
"လင်းချီချီက ခေါင်းဆောင်ကျောက်နဲ့ တကယ်ကြီး ဖောက်ပြန်နေကြတာလား။"
"လန့်စရာကောင်းလိုက်တာ… ရွံ့စရာကြီးဟယ်။"
"ငါအမြဲတမ်းသူ့ကို တည်ကြည်တဲ့သူလို့ ထင်နေခဲ့တာ။ သူက ဒီလိုလူမျိုးဆိုတာ မထင်ထားခဲ့မိဘူး။"
"သူ ရာဘာစက်ရုံမှာ အလုပ်ရနိုင်တာ အံ့ဩစရာကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒီလိုကြောင့်ကိုး…"
"အခုလိုဖြစ်တာတောင် နည်းသေးတယ်။ အစ်မကျောက်ကို အနိုင်ကျင့်ဖို့ဆိုတာ မလွယ်ကူဘူး။ ဒီတစ်ခေါက်တော့ လင်းချီချီက သေပြီပဲ။ ဒါက ဖောက်ပြန်မှုလို့ သတ်မှတ်လို့ရတယ်။ သူနဲ့ အစ်မကျောက်နဲ့ကတော့…"
တီးတိုးပြောမှုများ အများအပြားရှိနေကြပြီး မည်သူတစ်ဦးကမှ ရန်ပွဲအား တားဆီးဖို့ရန် ရှေ့မတိုးကြတော့ပေ။
သို့သော်လည်း ဒါရိုက်တာလျိုသည် ပညာတတ်လူငယ်အချို့ကိုခေါ်လာကာ သူတို့နှစ်ဦးအား လူခွဲစေတော့သည်။
"ဘာဖြစ်ကြတာလဲ။ လီဟွားကျောက် နင်ဘာလို့ တခြားတစ်ယောက်ကို ရိုက်နှက်ရတာလဲ။"
ဒါရိုက်တာလျိုသည် အမျိုးသမီးကျောက်အား ဆွဲခေါ်လျက် အလျင်အမြန် မေးမြန်းသည်။
အစ်မကျောက်၏ အမည်ရင်းမှာ လီဟွားကျောက်ဖြစ်ပြီး လီလာ့ကျောင်း(李辣椒) ဟုလည်း ခေါ်တွင်ကြသည်။ သူ(မ)၏ စိတ်နေစိတ်ထားသည် အမည်နဲ့တူညီစွာပင် စိတ်ဆတ်ပြီး သူ(မ)အား အလွယ်တကူ အနိုင်ကျင့်လို့မရနိုင်ပေ။ သူ(မ)၏ ခင်ပွန်းအမည်မှာလည်း မျိုးရိုးကျောက်ဖြစ်သည့်အတွက် အမျိုးသမီးကျောက်ဟုသာ ခေါ်တွင်ကြလေသည်။
DU LIEST GERADE
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...