Chapter 47.2

479 71 0
                                    

အခန်း ၄၇.၂ - အသက်ရှူရန် အကူအညီပေးခြင်း

သမီးယောင်းမနှစ်ဦးသည် တောင်ပေါ်သို့ နှစ်ရက်ဆက်တိုက်သွားခဲ့ကြသည်ကို လီတနီက မြင်တွေ့လေရာ သူ(မ)အနေဖြင့် ပြောစရာအကြောင်းအရာ ဖြစ်လာပြန်၏။

နှစ်ဦးသား ပြန်လာချိန်တွင် လီတနီသည် ခြံဝင်းအတွင်းထိုင်နေလျက် နေကြာစေ့စားနေကာ သူတို့နှစ်ဦးပြန်ယူလာကြသည့်အရာများအား ကြည့်လေသည်။

အတင်းအဖျင်းပြောကာ စပ်စုတတ်ပါသော စိတ်ရင်းတစ်ခုဖြင့် အလျင်စလို အရှေ့တိုးသွားကာ လည်ပင်းအားဆန့်လျက် ကြည့်လိုက်သည်။ "ဘာတွေလဲ။ ခုဇူးရိုင်းပင်တွေ မဟုတ်လား။ နင်တို့နှစ်ယောက်တူးလာကြတာလား။"

ကုယောင်သည် အနည်းငယ်ရပ်တန့်သွားပြီးလျှင် တစ်စုံတစ်ခု တွေးတောမိသည့်အလား ချင်လင်လင်၏ အင်္ကျီစအား ဆွဲလိုက်သည်။ "ယောင်းမ မြန်မြန်သွားကြစို့။"

ချင်လင်လင်က အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘဲ လီတနီက သူတို့နှစ်ယောက်ရှေ့သို့ ရောက်နှင့်နေပြီးသားဖြစ်နေလေသည်။ "ဒီခုဇူးရိုင်းအမြစ်တုံးက အကြီးကြီးပဲ။ တစ်ပိုင်းကို ငါ့ကိုပေးလိုက်။ အိမ်မှာ ဝက်သားတွေရှိနေတာနဲ့အတော်ပဲ စွပ်ပြုတ်ကလေး ချက်ရမယ်။"

လီတနီသည် ပြောရင်းဆိုရင်းဖြင့် အမြစ်ပိုင်းအား ယူရန်ပြင်လိုက်သည်။

သူ(မ)အတွက်တော့ မည်သည့်အရာပင်ဖြစ်ပါစေ အခြားသူဟာ အချောင်ယူရမည်ဆိုလျှင်ဖြင့် ကောင်းမွန်သည့်အရာချည်းသာ ဖြစ်ပေသည်။

သို့သော် လီတနီက အမြစ်ပိုင်းအား မထိနိုင်ရသေးခင်မှာပင် ချင်လင်လင်က သူ(မ)အား တားဆီးလိုက်သည်။

"အန်တီတနီ ကျွန်မ ရှင့်ကို ပြောခဲ့ပြီးပြီမဟုတ်လား။ တခြားသူရဲ့ပစ္စည်းကို ဘာလို့များ လက်လွတ်စပယ် ကိုင်တွယ်ရတာလဲ။"

"ဘာလို့လဲ။ ဒီလို ခုဇူးရိုင်းပင်ရဲ့အမြစ်ကိုတောင် နင်က မပေးချင်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါက နင့်ယောက္ခမနော်။ နင်သာ ဒီလိုလုပ်နေတယ်ဆို နင်က အကြီးကိုမရိုသေဘူးဆိုပြီး တစ်ရွာလုံးက လူတွေက ဝိုင်းလှောင်ပြောင်ကြမှာကို မကြောက်ဘူးလား။"

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now