Chapter 33

872 107 0
                                    

အခန်း (၃၃) - သတိပေးခြိမ်းခြောက်မှု
 
လီတနီသည် ချင်လင်လင်ထံမှ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ခြင်းကို လက်ခံလိုက်ရသည်။ 
 
အဆုံးတွင်တော့ လီတနီသည် သူတစ်ပါးမကောင်းသတင်းများ ပြောဆိုပြီးနောက် မည်သို့မှမဖြစ်သကဲ့သို့ မျက်နှာပြောင်ကာ ဆက်လက်နေနိုင်ပါသော်လည်း အန်တီချန်ထံမှ လှောင်ရယ်ခံရသည်ကို ဆက်လက်သည်းခံနေနိုင်ရန် မျက်နှာပြောင်ပြောင်ဖြင့် ဆက်မနေနိုင်ပါတော့ချေ။
 
လီတနီ ထွက်ခွာသွားသည်နှင့် ချင်လင်လင်သည် ပြုံးလျက်ဖြင့် အခန်းအတွင်းမှ အမျိုးသမီးများအား အော်ပြောလိုက်သည်။ "အန်တီတို့ ကျွန်မ အရင်ပြန်နှင့်လိုက်ပါဦးမယ်။ ရှင်တို့ ဖြေးဖြေးစကားပြောကြပါဦးရှင့်။"
 
"ကောင်းပြီ… ကောင်းပြီ…"
 
သူတို့အတွက် ထိုထက်ပို၍ ရှက်ဖွယ်ကောင်းသည့်အဖြစ်မျိုးမရှိနိုင်တော့ပါပေ။ သူတို့တစ်တွေ မကောင်းကြောင်းပြောနေကြသည့်သူက သူတို့ပြောနေသည်ကို ဖမ်းမိသွားသည် မဟုတ်ပါလော။
 
ချင်လင်လင်ထွက်သွားသည်နှင့် အန်တီချန်သည် ပုံမှန်အားဖြင့် လီတနီနှင့် အလွန်ရင်းနှီးသော အမျိုးသမီးတို့အား ကြည့်လိုက်သည်။ အထူးသဖြင့် တူလေး၏ဇနီးဖြစ်သူ ချန်ယွဲ့အား ကြည့်လိုက်ရင်း ပြောလေသည်။ "နင်တို့မြင်ပြီလား။ ပညာတတ်လူငယ်လေးတွေက ပိုပြီးတောင် ယဉ်ကျေးပါသေးတယ်။ လီတနီပြောသလို ဆိုးဆိုးဝါးဝါး ဘာတစ်ခုမှတောင် မတွေ့ရပါဘူး။ လီတနီက ကောင်းတဲ့သူမဟုတ်ဘူးဆိုတာ သိသာနေတာပဲ။ အစောပိုင်းတုန်းက ရှန်းကျီကို လီတနီအောင်သွယ်ပေးတဲ့သူတွေကို နင်တို့မတွေးမိဘူးလား။ သူအောင်သွယ်ပေးသမျှ တစ်ယောက်ချင်းစီတိုင်းက ဆိုးသွမ်းလိုက်ကြတာ ဆိုတာများ မိန်းမကောင်းရှာတွေ့နိုင်ဖို့ ခက်လိုက်တာ။ မြို့ပြက ရောက်လာတဲ့ ပညာတတ်မိန်းကလေးငယ်လေးက ဘယ်လောက်ကောင်းလိုက်သလဲ။ ကြည့်လိုက်စမ်း သူ့မကောင်းကြောင်း ပြောနေတဲ့သူတွေကိုတောင် သူက ဘယ်လိုမျိုးစကားပြန်ပြောပေးသလဲ။"
 
အန်တီချန်သည် အသက်အရွယ် မအိုမင်းသေးပါသော်လည်း ဝါစဉ်အရ မည်သူကမှ သူ(မ)အား ငြင်းခုန်အာခံခြင်းမပြုရဲကြပါချေ။ ပုံမှန်အားဖြင့် ဤသည်က လီတနီနှင့် ငြင်းခုန်ရန်ဖြစ်ကြသည့် ကိစ္စသာဖြစ်ကာ သူတို့အနေဖြင့် အခြားတစ်ဦးအား စော်ကားမော်ကား အပြစ်မပြုရဲကြပါချေ။
 
ချင်လင်လင် ထွက်သွားပြီးသည့်နောက် သူတို့စကားပြောနေကြသည့်ဖြစ်စဉ်လည်း အဆုံးသတ်သွားပေပြီ။ ဤကဲ့သို့သော အတင်းအဖျင်းပြောဆိုမှုဆိုသည်မှာလည်း ရွာအတွင်း၌ နေ့စဉ်လိုလိုပင် ရှိနေမြဲအရာတစ်ခုသာဖြစ်သည်။ တစ်စုံတစ်ယောက်က အရှေ့ဘက်အရပ်မှ မိဘများအကြောင်းပြောလိမ့်မည်ဖြစ်ကာ အခြားတစ်ယောက်က အနောက်ဘက်အရပ်မှ လူအကြောင်းပြောလိုက်မည်ဖြစ်ပြီး နောက်တစ်ယောက်က ချွေးမ မကောင်းကြောင်း ပြောကြလိမ့်မည်ပင်ဖြစ်သည်။ ဤသို့ ဆူညံစွာဖြင့် ပြောဆိုကြလျက် တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေကြမည်ပင်။
 
သို့သော် ချင်လင်လင်၏နှလုံးသားအတွင်းတွင် ဤကိစ္စရပ်သည်ကား အမှုမဲ့အမှတ်မဲ့ ပြီးဆုံးပျောက်ကွယ်မသွားခဲ့ပါချေ။
 
လီတနီသည် အကြောင်းအရာအဖြစ်အပျက်များအား ပြောင်းပြန်လှန်ကာ လီဆယ်ပြောဆိုရသည်ကို နှစ်သက်နေပေသည်။ ချင်လင်လင်သည် ဂုဏ်သိက္ခာနှင့်ပတ်သက်လျက် အလွန်အမင်းအလေးထားမှု မရှိဘူးဆိုလျှင်တောင် လီတနီပြောဆိုသည့် အကြောင်းအရာများက အင်မတန်မှ အကျည်းတန်ရုပ်ဆိုးလှပေသည်။ သူ(မ)အနေဖြင့် ဂရုမစိုက်လျှင်ပင် ကုကျန်းသည် ပြည်သူအတွက် တပ်ရင်းအတွင်း၌ တာဝန်ထမ်းဆောင်ကာ အလုပ်အကျွေးပြုနေလေသည်။ ထိုသို့သော လူအတွက် လီတနီ၏စကားများသည် အင်မတန်တရားလွန်လွန်းလှသည်။
 
သို့ဖြစ်ပါ၍ ကုတရွှမ်းအိမ်ပြန်လာသည့်အခါ ချင်လင်လင်သည် ကုတရွှမ်းနှင့်တွေ့ရန်အတွက် တိုက်ရိုက်သွားတွေ့လေသည်။
 
"အဖေ… ကျွန်မ အဖေ့ကို ပြောစရာကိစ္စရှိပါတယ်။"
 
ကုတရွှမ်းသည် ဆေးလိပ်သောက်လျက်ရှိကာ ချင်လင်လင်ကို မြင်တွေ့လေသောအခါ သူ(မ)နှင့်ပတ်သက်လျက် အမြင်မကြည်လေသည့်အတွက် အသံမာမာဖြင့် ပြောလေသည်။ "တစ်ခုခုဖြစ်လို့လား။"
 
"ဟုတ်ပါတယ်။"
 
"ဘာဖြစ်လို့လဲ။ ပြောကြည့်။" ကုတရွှမ်းသည် တောင်ကျရေအား တစ်ခွက်အပြည့်ခပ်လျက် ခြေထောက်အား ဆေးကြောရန်လောင်းလိုက်ပြီးနောက် မေးမြန်းပြောဆိုနေရင်းဖြင့် ခြေထောက်အား ပွတ်သပ်နေလေသည်။
 
ကုတရွှမ်း၏ အသံမာမာအား ကြားပြီးနောက် ဤသို့ မကြည်ဖြူဖြစ်နေရသည်မှာ စက်ဘီးကိစ္စကြောင့်ဖြစ်ကြောင်း ချင်လင်လင်က အလိုလို ရိပ်မိလေပြီး သူ(မ)အား မျက်နှာသာပေးရန် ရည်ရွယ်ချက်မရှိကြောင်း သိလိုက်လေသည်။
 
ထိုသို့သိရှိရိပ်မိပြီးသည့်နောက် ချင်လင်လင်သည် ထပ်မံယဉ်ကျေးမနေတော့ဘဲ တည့်တိုးသာပြောလိုက်သည်။ "အဖေ အန်တီတနီက စကားပြောဖို့အတွက် သူများအိမ်တွေကို အမြဲတမ်းသွားလည်လေ့ရှိတယ်။ အဖေ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိထားတယ်မဟုတ်လား။"
 
ကုတရွှမ်းသည် ခေါင်းပင်မမော့ဘဲ "အင်း" ဟူ၍သာ တုံ့ပြန်လေသည်။
 
"ဒါဆို နေ့တိုင်းနေ့တိုင်း သူ ဘာအကြောင်းတွေပြောနေလဲဆိုတာကိုရော အဖေသိလား။"
 
ကုတရွှမ်းသည် ချက်ချင်းတုံ့ပြန်ပြောဆိုခြင်းမရှိပေ။ အတန်ကြာသောအခါ ကုတရွှမ်းက ပြောလေသည်။ "သူက ဘယ်သူ့ကို ဘာအကြောင်းတွေပြောလဲဆိုတာကို ငါက ထိန်းချုပ်လို့မရဘူး။"
 
ချင်လင်လင်သည် သူ၏ မကြည်သာသည့် လေသံအား နားထောင်ရင်းဖြင့် သူ(မ)၏နှလုံးသားအတွင်းမှနေ၍ အင်မတန်ရယ်စရာကောင်းလှသည်ဟု ခံစားနေရလေသည်။
 
"ဟုတ်တာပေါ့။ နည်းလမ်းတကျ ပြောရရင်တော့ သူ အပြင်မှာ ဘာတွေပြောသလဲဆိုတာကို ကျွန်မ ဂရုစိုက်စရာမလိုပါဘူး။ သူ အပြင်ထွက်ပြီး ဘာတွေလုပ်နေလဲဆိုတာလည်း ကျွန်မ မသိချင်ဘူး။ ဒါပေမဲ့ သူသာ ကျွန်မနဲ့ ကုကျန်းအကြောင်း လျှောက်ပြောနေတယ်ဆိုရင်တော့ ကျွန်မ ဒီအတိုင်းလွှတ်ထားမပေးနိုင်ဘူး။"
 
ကုတရွှမ်းသည် မှင်သက်အံ့ဩသွားသည်။ ရွှံ့များအားဖယ်ရှားရန် ခြေထောက်အချင်းချင်း ပွတ်သပ်နေမှုသည်လည်း ရပ်တန့်သွားသည်။ ခေါင်းမော့ကြည့်လာပြီးနောက် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ "မင်းဘာပြောတာလဲ။ သူက ဘာပြောလို့လဲ။"
 
"သူဘာတွေပြောခဲ့လဲဆိုတာ မေးကြည့်လိုက်လို့ရတယ်။"
 
ကုတရွှမ်းသည် ပင်မအခန်းဘက်သို့ကြည့်လိုက်ရာ လီတနီသည် အပြင်မှ ပြန်ရောက်နေပြီးဖြစ်ကာ ယခုအခါတွင် ကုတင်ပေါ်၌ လှဲလျောင်းနေပေလောက်မည်။
 
ကုတရွှမ်းသည် ဆေးလိပ်တိုအား ချထားလိုက်ကာ စကားပြောလေသည်။ "အဓိက ဘာပြောချင်တာလဲ။ မင်းဘာတွေ တွေးနေတာလဲဆိုတာ ငါခန့်မှန်းပေးရအောင် ပျင်းလွန်းတယ်။ သူ ဘာတွေပြောခဲ့လို့လဲ။"
 
ကုတရွှမ်း၏ ဟန်ပန်သည် ရိုးရှင်းလွန်းပုံပေါ်သည်။ သို့သော်သူသည် လီတနီနှင့် အင်မတန်လိုက်ဖက်လှသည့် စုံတွဲဖြစ်ပေသည်။
 
ကုတရွှမ်းသည် လီတနီက မည်သို့သောလူအမျိုးအစားဖြစ်သည်ကို သိ၏။ တစ်ဖက်လူ၏စကားကိုကြားပြီးနောက် လီတနီက မည်သည့်ဆိုးဝါးသောအကြောင်းအရာကိုပြောခဲ့ကြောင်း မေးမြန်းသင့်ပါသော်လည်း သူက မမေးခဲ့ပေ။
 
ကုတရွှမ်းသည် အမှန်တကယ် သိလိုခြင်းမရှိသည်ကို မြင်တွေ့ရသောအခါ ချင်လင်လင်သည် ကုကျန်းအတွက် ပို၍ပို၍ပင် ကရုဏာသက်လာမိတော့သည်။
 
ကုတရွှမ်းသည် သူ့မျက်နှာအဖတ်ဆယ်ရန် ဆန္ဒမှမရှိတော့ဘူးဆိုလျှင်ဖြင့် ချွေးမတစ်ယောက်သာဖြစ်ပါသည့် သူ(မ)အနေဖြင့် အလွန်ပင်လွယ်ကူလွန်းပါသည်။ သူ(မ)အနေဖြင့် လီတနီက မည်သည်ကိုပြုမူခဲ့ပါကြောင်း ရှင်းရှင်းလင်းလင်း ပြောရပေလိမ့်မည်။
 
အကျိုးဆက်အနေဖြင့် ချင်လင်လင်သည် လီတနီမှ မိမိနှင့်ကုကျန်းတို့အား မဟုတ်မမှန် လီဆယ်စွပ်စွဲပြောဆိုသည့်အကြောင်းအရာများအား တစ်ခုပြီးတစ်ခု ကုတရွှမ်းအား ပြောပြလေသည်။ ထို့အပြင် သူ(မ)နှင့် ခင်ပွန်းဖြစ်သူ ကုကျန်းတို့က နေ့လယ်ခင်းဘက်တွင်ရော၊ ညဘက်များတွင်ပါ မသင့်လျော်သောကိစ္စများအား ပြုလုပ်ကြသည်ဟူသော လီဆယ်ပြောဆိုမှုများလည်း ပြောပြလိုက်လေသည်။
 
ချင်လင်လင်သည် ထိုအကြောင်းအရာအား ပြောပြရာ၌ စကားအလှလေးများသုံး၍ နားထောင်ကောင်းစေရန်ပြောပြခဲ့ပါသော်လည်း ကုတရွှမ်းသည် သူ(မ)ဆိုလိုသည်အား သိပါ၏။
ထူးမခြားနားဟန်ဖြင့် စိတ်မရှည်ဟန်ရှိနေသည့် ကုတရွှမ်း၏ မျက်နှာသည် ရုတ်တရက် အံ့အားသင့်သည့်ဟန်ပေါ်လာသည်။
 
ကုတရွှမ်းသည် ချင်လင်လင်မှ ထိုအကြောင်းအရာများအား သူ့ထံတိုက်ရိုက်ပြောရဲဆိုရဲလိမ့်မည်ဟု မထင်ထားပေ။ မည်သို့ပင်ဆိုပါစေ ထိုသို့သောအကြောင်းအရာသည် မမှန်ကန်သည်ပင်ဖြစ်ပါစေ သူ(မ)အနေဖြင့် မိန်းမသားတစ်ဦး၏နှုတ်မှ ဤအကြောင်းအရာများအား ယောက္ခထီးဖြစ်သူထံ တိုက်ရိုက်ပြောဆိုရန် မလွယ်ကူလှပေ။ သို့သော် ချင်လင်လင်မှာမူ ပြောဆိုရဲသည်သာမက ထိုကိစ္စအားထုတ်ပြောသည်နှင့်ပတ်သက်လျက်လည်း တစ်စုံတစ်ရာ အနေမခက်ဟန်ရှိလေသည်။
 
"အဖေ အန်တီတနီက ဘယ်လိုအကြောင်းအရာတွေ ပြောတာပဲဖြစ်ပါစေ ကျွန်မက မမြင်ယောင်ဆောင်ထားလိုက်မှာ။ ဒါပေမဲ့ အခု သူက အရမ်းလွန်နေပြီ။ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် အခန်းတံခါးကို ပိတ်ပြီးတဲ့နောက်မှာ ဖြစ်ပျက်သမျှကို သူက မျက်မြင်တွေ့နေသလို ဘာလို့လီဆယ်ပြီး ပြောနေရတာလဲ။ ကျွန်မတို့ ဒီကိုပြန်လာပြီးနေတာ သိပ်မကြာပါဘူး။ ပထမတစ်ရက်မှာ ကုကျန်းက ကွားချန်းရဲ့အခန်းမှာ သွားအိပ်တယ်။ နောက်တစ်ရက်မှာ အခန်းထဲမှာပဲ အိပ်တယ်ဆိုပေမဲ့ မိသားစုခွဲတဲ့ကိစ္စနဲ့ ရှုပ်ထွေးနေရတဲ့အပြင် တပ်ရင်းကိုလည်း ပြန်သွားရသေးတယ်။ အန်တီတနီက ကျွန်မတို့နှစ်ယောက်ကို ဘယ်ဟာကမျက်လုံး ဘယ်ဟာကနှာခေါင်းဆိုပြီး ဂဃနဏပြောနိုင်နေရအောင် သူ့မှာ မျက်လုံးတွေ အများကြီးရှိနေလို့လား။ သူဘယ်လိုလုပ်ပြီး ကျွန်မတို့တွေ တစ်နေ့လုံး တစ်ညလုံး အခန်းထဲမှာပဲ နေကြတယ်လို့ တကယ်ကြီးထင်နေရတာလဲဆိုတာ ကျွန်မ မသိတော့ဘူး။"
 
"မင်း အန်တီတနီက ဒီလိုမျိုးတကယ်ပြောခဲ့တာလား။" ကုတရွှမ်းသည် မေးမြန်းလိုက်ပြီးနောက် သူ့စကားအရ လီတနီသည် ဤသို့ပြောသည်ဆိုသည်ကို သူက သိပ်မယုံကြည်သည့်ဟန်ရှိပေသည်။
 
ချင်လင်လင်သည် ဤမျှများပြားစွာပြောဆိုပြီးသည့်နောက် ကုတရွှမ်းက ဤသို့ပြုမူလိမ့်မည်ဟု မထင်ထားပေ။ ကုတရွှမ်းသည် စကားလုံးတစ်လုံးစာမျှပင် အလေးအနက်ထားပေဟန်မရှိသည့်အပြင် သူ(မ)အား သံသယဝင်နေသေးသည်။
 
ထိုအပေါစားနိုင်လှသော ယောက္ခထီးဖြစ်သူသည် လီတနီ၏ခင်ပွန်းဖြစ်သော်လည်း ကုကျန်းအား စောင့်ရှောက်ခဲ့သည့် ဖခင်ဖြစ်သည့်အလျောက် မိသားစု၏မျက်နှာကို ထောက်ထားလျက် တရားမျှတစွာ ပြုမူလိမ့်မည်ဟု ချင်လင်လင်က သူ့အား အစောပိုင်းကာလက အထင်အမြင်ကောင်းကလေး အနည်းငယ်မျှ မျှော်လင့်ထားမိပါသော်လည်း ဤသို့သော အင်မတန်ထူးကဲလှသည့် ရလဒ်ကိုမျိုး မမျှော်လင့်ခဲ့မိပေ။
ချင်လင်လင်သည် ဖြစ်ရပ်မှန်အနေအထားအား လက်ခံလိုက်ရတော့ပြီးနောက် သူ(မ)၏ လေသံမှာ နူးညံ့ယဉ်ကျေးခြင်းမရှိတော့ပေ။
 
"ကျွန်မက အန်တီတနီကို လုပ်ကြံပြောဆိုနေတယ်လို့ အဖေက ထင်နေတာလား။ ဒီလိုဆိုရင်လည်း ဒီနေ့သူနဲ့စကားပြောခဲ့တဲ့ အန်တီယွဲ့နဲ့ တတိယဦးလေးရဲ့ဇနီးကို ရှင်သွားမေးကြည့်လိုက်လေ။ သူတို့အားလုံး အန်တီတနီပြောတာကို ကြားကြတယ်။ ရှင်ကျွန်မကို မယုံဘူးဆိုရင် သူတို့ကို သွားမေးလို့ရတယ်။ ကျွန်မကပဲ လိမ်သလား အန်တီတနီကပဲ တကယ်ပြောခဲ့သလားဆိုတာ ကြည့်ကြည့်လိုက်ပေါ့။ ပြောရမယ်ဆိုရင် ကုကျန်းက စစ်သားတစ်ယောက်မို့ ဒီလိုအတိုင်းသာဆို တပ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေတဲ့အပြင် အန်တီတနီအတွက်လည်း အနာဂတ်ကောင်းမှာ မဟုတ်ဘူး။ နှစ်ယောက်လုံးအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖေ ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်လို့ကတော့ အပြစ်ဒဏ်ပေးတဲ့အကြောင်းကြားစာမှာ ရှင်တို့နာမည်စာလုံးအကြီးကြီးကို အရေးခံရလိမ့်မယ်။ အဲဒီအခါကျ ကျွန်မ လုပ်ပေးနိုင်တာထက် ဘောင်ကျော်သွားပြီနော်။"
 
ချင်လင်လင်၏ နောက်ဆုံးစကားများက မျက်မှောင်ကြုတ်နေပြီဖြစ်သည့် ကုတရွှမ်း၏ အမူအရာအား ပို၍ဆိုးဝါးသွားစေသည်။
 
သူသည် စိတ်ဆိုးစွာဖြင့် အော်ပြောလိုက်သည်။ "မင်း ဘာကိုဆိုလိုတာလဲ။ မင်းကများ ငါ့ကိုခြိမ်းခြောက်နေတာလား။ ဘာလဲ ငါတို့ကိုတိုင်ကြားပြီး အပြစ်တင်ချင်တာပေါ့ ဟုတ်လား။"
 
ကုတရွှမ်း၏အသံက ကျယ်လောင်လာပြီး ချင်လင်လင်ကိုပင် လန့်ဖျပ်သွားစေလေသည်။
ချင်လင်လင်သည် ထိုသို့သော လူမျိုးနှင့်ဆက်ဆံရခြင်းဖြင့် ရူးသွားတော့မတတ်ပင်။ "ဘယ်သူကမှ ရှင်တို့ကို အပြစ်တင်ဝေဖန်ဖို့ တိုင်ကြားစာပို့ပြီး ရန်ဖြစ်ချင်နေတာမဟုတ်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကုကျန်းက စစ်သားတစ်ယောက်ဖြစ်နေပြီးသားမို့ တစ်ပန်းသာနေပြီးသား။ အန်တီတနီသာ လျှာရိုးမရှိတိုင်း မဟုတ်မမှန်အကြောင်းတွေ ဆက်ပြောနေမယ်ဆို သူ(မ)အနာဂတ်ကို တကယ်သက်ရောက်မှုရှိလာလိမ့်မယ်။ အဲဒီအခါကျ ကျွန်မက ချွေးမတစ်ယောက်အနေနဲ့ ဘာမှ ကူညီမပေးနိုင်ဘူး။ ရှင်သာ ရှင့်သားအတွက် မျက်နှာအဖတ်မဆယ်ပေးချင်ဘူးဆိုရင် ကျွန်မကလည်း ရှင်တို့အတွက် မျက်နှာဆည်ပေးစရာ ဘာအကြောင်းမှကို မလိုနေဘူး။"
 
"မင်း…"
 
"ကျွန်မက ကုကျန်းမဟုတ်သလို ရှင်တို့ကို ဂရုစိုက်ပေးဖို့ မဖြစ်မနေလိုအပ်နေတဲ့သူလည်း မဟုတ်ဘူး။ ကျွန်မက သူ့ကိုလက်ထပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ဒါက သူ့ရဲ့ပင်မမိသားစု။ အခုဆို ကျွန်မတို့က မိသားစုလည်းခွဲပြီးပြီမို့ သဘာဝကျကျပဲ ကျွန်မက သူနဲ့အတူနေတယ်။ အပြင်မှာ ကျွန်မတို့အကြောင်း မဟုတ်မမှန်တွေပြောပြီး ကျွန်မတို့ဘဝကို နှောင့်ယှက်နေတဲ့ ဘယ်သူ့ကိုမဆို သူတို့ဘဝကိုလည်း အလွယ်တကူမရှိအောင် ကျွန်မ လုပ်ရလိမ့်မယ်။"
 
ကုတရွှမ်းသည် ချွေးမဖြစ်သူက သူထင်ထားသည်ထက်ပို၍ ရန်လိုတတ်လိမ့်မည်ဟု မထင်ထားခဲ့ပါပေ။ သူ(မ)၏နှုတ်မှထွက်လာသော စကားတိုင်းက သူ့အားဒေါသထွက်စေရန် လုံလောက်ပေသည်။ သို့သော် သူ(မ)ပြောသမျှ အကြောင်းအရာ စကားလုံးတိုင်းသည်လည်း အကျိုးအကြောင်း သင့်လျော်နေပြန်ပါ၏။
 
ကုတရွှမ်းသည် မိဘများက သားသမီးဖြစ်သူအား တရားစွဲဆိုသည့်အဖြစ်များကိုလည်းကောင်း၊ သားသမီးဖြစ်သူများက မိဘများအား တရားစွဲဆိုသည့်အဖြစ်များကိုလည်းကောင်း များစွာ မြင်ဖူးကြားဖူးခဲ့သည်။ ထိုသူတို့အား ပိုစတာပုံကြီးများတွင် ထည့်သွင်းဖော်ပြထားကာ အပြစ်ပေးခြင်းအား ခံယူရန်အတွက် အပြစ်ပေးသည့် စတုရန်းပုံလှောင်ခန်းများအတွင်း၌ ထည့်သွင်းခံထားကြရလေသည်။ ထိုသို့သော ဘဝမျိုးထက် သေဆုံးသွားသည်မျိုးကသာ ပို၍ကောင်းပေလိမ့်ဦးမည်ပင်။
 
ထို့အပြင် သူ ယခု မျက်နှာချင်းဆိုင်နေရသော ချွေးမဖြစ်သူသည်လည်း ထိုအကြောင်းအရာအား ထုတ်ဖော်ပြောနေလေပြီ။ ကုတရွှမ်းသည် ကုကျန်းသည် မည်သို့သောသူဖြစ်ကြောင်း ကောင်းစွာသိပါ၏။ ကုကျန်းအား သူ၏သားကြီးအဖြစ် မှတ်ယူတွေးထင်နိုင်သေးပါသော်လည်း သူ့ရှေ့ရှိ ဤချွေးမအား တစ်နေ့စာကလေးမျှတောင် သူ့အနေဖြင့် ပြုစုပျိုးထောင်ခဲ့ခြင်းမရှိပေ။ ထိုသို့သောသူမျိုးအနေဖြင့် အမှန်တကယ် တိုင်ကြားစာပို့ရဲပေလိမ့်မည်။ ထိုအခါမျိုးတွင် သူနှင့်သူ့ဇနီးသာမက မိသားစုတစ်ခုလုံးပင် ကောင်းမွန်စွာနေထိုင်စားသောက်နိုင်တော့မည်မဟုတ်ပေ။
 
သို့သော် ကုတရွှမ်းသည် တဇွတ်ထိုးဆန်စွာ ပြောလိုက်သည်။ "မင်း တကယ်လုပ်မယ်ဆို ရှန်းကျီက မင်းကိုချစ်ပါဦးမလား။ ဒီလိုဆို မင်းရော ဒီရွာမှာ ဆက်နေလို့ ရဦးမှာတဲ့လား။"
"ကျွန်မပြောခဲ့သလိုပဲလေ။ ကျွန်မတို့တွေ မိသားစုခွဲပြီးနောက် သီးခြားစီ ပျော်ပျော်ရွှင်ရွှင်နေကြပြီး တစ်ဦးကိုတစ်ဦး မပျော်မရွှင်ဖြစ်ရအောင် မလုပ်သင့်ပါဘူး။ ကျွန်မက ကောင်းကောင်းမွန်မွန်နေခွင့်မရဘူးဆိုရင် ကျွန်မက ဘာကိုကြောက်ရွံ့စိုးရိမ်နေရဦးမှာလဲ။ ခြေဗလာနဲ့လူက ဖိနပ်စီးရမှာကို မကြောက်ဘူးဆိုသလိုမျိုးပေါ့။ အန်တီတနီကသာ ဒီကိစ္စကိုအရေးမစိုက်ဘူးဆိုရင်တော့ အနာဂတ်မှာ ကျွန်မလည်း ဘာလုပ်မိမလဲဆိုတာကို ကတိမပေးနိုင်ပါဘူး။"
 
"မင်း လုပ်ရဲလား။" ကုတရွှမ်းသည် ထိုစကားလုံးများအား မေးသာမေးလိုက်ရပါသော်လည်း သူကိုယ်တိုင်ပင် ယုံကြည်ချက်မရှိပေ။ သူ့အနေဖြင့် ချွေးမဖြစ်သူ၏ စိတ်နေစိတ်ထားအား နားမလည်နိုင်ပါချေ။ ကုကျန်းမှ သူ(မ)အား အိမ်သို့ခေါ်လာသည့် သူတို့ပထမဦးဆုံးတွေ့ချိန်က တစ်ဖက်လူသည် ပျော့ညံ့သည့် ပညာတတ်အမျိုးသမီးငယ်တစ်ဦးမျှသာဖြစ်ပြီး သူ(မ)က စကားအများအပြားပြောရသည်ကို မနှစ်သက်ပေ။ ထို့နောက် ကုကျန်းသည် တပ်ရင်းသို့အလျင်စလိုပြန်သွားရပြီးနောက် ချွေးမဖြစ်သူသည် ကုမိသားစုအိမ်၌ တစ်ညအိပ်ပြီးနောက် နောက်တစ်ရက်တွင် သူ(မ)၏ လယ်လုပ်ငန်းခွင်သို့ ပြန်သွားလေတော့သည်။ ထို့နောက်တွင် ကုကျန်းသည် မတော်တဆမှုမှ အသက်ရှင်လျက်ပြန်လာသည်ဆိုသောအခါ သူ(မ)ပါ ပြန်ပါလာခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် သူသည် ချွေးမဖြစ်သူနှင့် ကောင်းစွာဆက်ဆံပြောဆိုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
 
စက်ဘီးကိစ္စနှင့်စပ်လျဉ်းလျက် ကုတရွှမ်းသည် ပျော့ညံ့ဟန်ပေါက်နေသော မြို့ပြပညာတတ်အမျိုးသမီးငယ်ချွေးမသည် အမှန်တကယ် အားနည်းပျော့ညံ့သူမဟုတ်ကြောင်း သူ ရိပ်မိသိရှိခဲ့သည်။ သူသည် ချွေးမဖြစ်သူ၏ ခင်ပွန်းသည်ဖြစ်သော မွေးစားသား၏ ဖခင်သာဖြစ်ကာ ရိုးသားလှသော လယ်သမားတစ်ယောက်သာဖြစ်သည်။ ယနေ့ကိစ္စသည်ပင် လီတနီ ပြဿနာရှာသော ကိစ္စဖြစ်ပေသည်ဟုပင် တွေးတောမိလေသည်။
 
ကုတရွှမ်း၏ မျက်လုံးများသည် အနည်းငယ် ကြောက်ရွံ့စဖွယ်ဖြစ်လာသည်။ ချင်လင်လင်သည် ကြောက်ရွံ့စိတ်အား မျက်နှာတွင် ပေါ်မလာစေပေ။ သူ(မ)အနေဖြင့် အရာအားလုံးအား တောင့်ခံနိုင်ရမည်ဖြစ်သည်။ သူ(မ)အနေဖြင့် ကုကျန်းအား ကာကွယ်ပေးနေခြင်းလည်းဖြစ်ကာ ကိုယ့်ကိုယ်ကိုအတွက် ကာကွယ်နေခြင်းလည်း ဖြစ်သည်ပင်။
 
ချင်လင်လင်သည် ကုတရွှမ်းနှင့် အလွန်မသင့်မမြတ်သည့်ဆက်ဆံရေးလည်း မဖြစ်လိုပါပေ။ မည်သို့ပင်ဆိုပါစေ သူ(မ)သည် သူတို့နှင့်ဘေးချင်းကပ်ရပ်၌ နေထိုင်ရဦးမည်ဖြစ်သည်။ သူ(မ)အနေဖြင့် ကိုယ်တိုင်၏ဂုဏ်သိက္ခာကို အင်မတန်ဂရုစိုက်မှုမရှိပါသော်လည်း ကုကျန်း၏ဂုဏ်သိက္ခာပျက်ပြားမည်ကိုတော့ စိုးရိမ်မိပါသည်။
 
ချင်လင်လင်သည် အသံကိုနှိမ့်ချ၍ ပြောလိုက်သည်။ "အဖေ ကျွန်မ ဒီနေ့ အဖေကိုပြောတယ်ဆိုတာ ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ အန်တီတနီက နောင်မှာ သူ့ပါးစပ်ကိုပိတ်မထားနိုင်ဘူးဆိုရင် ပြဿနာအကြီးကြီးတက်လာလိမ့်မယ်လို့ ပြောပြချင်ရုံပါပဲ။ ဒီလိုဖြစ်လာမယ်ဆိုရင် ကျွန်မတို့တတွေ ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်လာမှာမဟုတ်ဘူး။ အဖေက ဂရုမစိုက်ဘူးဆိုရင်တောင် ကွားချန်းအတွက်ကရော။ အဖေ့အနေနဲ့ အဖေ့ရဲ့သားဆီမှာ ဆိုးသွမ်းတဲ့မိဘမျိုးရှိနေမှာကိုတော့ မလိုလားဘူးမဟုတ်လား။"
 
ကုတရွှမ်းသည် စိတ်မကြည်မသာဖြစ်နေပြီး ချင်လင်လင်၏ စကားများကလည်း ဆိုးဝါးမှားယွင်းနေသည်မဟုတ်ကြောင်း နားလည်ပေသည်။
 
သူနှင့် လီတနီသည် အကြင်လင်မယားအဖြစ် နှစ်ပေါင်းများစွာ အတူတကွနေလာကြပြီးပြီဖြစ်ပါ၍ လီတနီသည် မည်သို့သောသူမျိုးဖြစ်သည်ကို သဘာဝကျကျပင် သူသိနေပါ၏။
 
အဆုံးသတ်တွင်တော့ ကုတရွှမ်းသည် မည်သည့်စကားမျှ မဆိုခဲ့ပါချေ။ ခေါင်းငုံ့လျက်သားဖြင့် ပင်မအခန်းအတွင်းသို့ ဝင်သွားလေတော့သည်။
 
ချင်လင်လင်သည် သူ့နောက်ကျောအားကြည့်ရင်းဖြင့် စိတ်ပျက်လက်ပျက်သာ ခံစားနေရလေတော့သည်။
 
ကုတရွှမ်းသည် သူ့အနေဖြင့် အမှားလုပ်မိသည်ကို ကောင်းစွာသဘောပေါက်နားလည်ပါသည့်တိုင် တောင်းပန်စကားတစ်ခွန်းမျှပင် မဟခဲ့ပါချေ။
အနည်းငယ်ခပ်ကိုင်းကိုင်းဖြစ်နေသော သူ၏နောက်ကျောပြင်အားကြည့်လျက် ချင်လင်လင်က လှမ်းအော်ပြောလိုက်သည်။ "အနည်းဆုံးတော့ ရှင်ကတော့ ကုကျန်းကို ကြင်နာပေးတဲ့သူပဲလို့ ကျွန်မက ထင်ခဲ့တာ။ ဒါပေမဲ့ အခုလိုကျတော့ ရှင့်ရဲ့နှလုံးသားထဲမှာ ကုကျန်းဆိုတဲ့သားတစ်ယောက် ရှိတဲ့ပုံမပေါ်ဘူးပဲ။"
အရှေ့ဘက်ရှိ ကုတရွှမ်းသည် ထိုအသံအားကြားပြီးနောက် ခြေလှမ်းများက အနည်းငယ်ရပ်တန့်သွားသည်။
 
ချင်လင်လင်က ဆက်ပြောလေသည်။ "ရှင်က သူ့ကိုပြုစုပျိုးထောင်လာခဲ့တဲ့သူဖြစ်နေရင်တောင် ရှင်က သူ့အကြောင်းကို ဘယ်တုန်းကမှ တွေးတောပေးခဲ့တာမျိုးမရှိခဲ့ဖူးဘူးပဲ။"
 
_*****_
 
 

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now