အခန်း ၃၄ - သင်ယူလေ့လာမှု
ထိုအချိန်က ကုတရွှမ်းသည် ချင်လင်လင်၏ ပြောစကားများအား အရေးတယူမရှိပါပေ။ သို့သော် ပြန်လည်တွေးတောကြည့်မိပြီးနောက် အနည်းငယ်မျှ စိတ်ဆိုးဒေါသထွက်မိလေသည်။ ထို့ကြောင့် ကုတရွှမ်းသည် လီတနီအား ခေါ်ယူမေးမြန်းကြည့်ရာ နောက်တွင် လင်မယားနှစ်ယောက်သား စကားများရန်ဖြစ်ကြလေတော့သည်။
ချင်လင်လင်သည် တစ်ဖက်မှနေ၍ အလုံးစုံကို ပြတ်သားရှင်းလင်းစွာ ကြားနေရသော်လည်း လျစ်လျူရှုထားလိုက်သည်။ ကုယောင်သည် ယောင်းမဖြစ်သူက စိတ်မကောင်းဖြစ်နေမည်ကို စိုးရိမ်နေမိလေသဖြင့် ချင်လင်လင်ထံလာရောက်ပြီး နှစ်သိမ့်ပြောဆိုလေသည်။
"ယောင်းမ ငါ့အဖေနဲ့ အန်တီတနီတို့က ဒီလိုမျိုးစကားများရန်ဖြစ်လေ့ရှိတယ်။ သူတို့စကားတွေကို စိတ်ထဲထည့်မနေနဲ့နော်။"
"ငါနားလည်ပါတယ်။ ဂရုမစိုက်ပါဘူး။"
"ကောင်းတယ်။"
"စကားမစပ် မနက်ဖြန်ကျရင် မြို့ကိုသွားဖြစ်လောက်တယ်။ နင် ငါနဲ့အတူလိုက်ချင်လား။" ချင်လင်လင်သည် ကုယောင်အားကြည့်လျက် မေးမြန်းလိုက်သည်။
ကုယောင်သည် ယောင်းမဖြစ်သူက သူ(မ)အား အတူတကွသွားရန် ခေါ်လိမ့်မည်ဟု မထင်ထားသည်မှာ သိသာလှသည်။ သူ(မ)က မယုံနိုင်စွာဖြင့် မေးမြန်းလိုက်သည်။ "ငါရောလိုက်လို့ရသလား။"
"ရတာပေါ့။ ငါတို့အတူသွားကြမယ်။"
"ဒါပေမဲ့ နေ့လယ်ပိုင်းမှာ ငါအလုပ်လုပ်စရာရှိသေး…"
"ဒီကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး။" ကုယောင်က မည်သည်ကိုဆိုလိုကြောင်း ချင်လင်လင်က သဘောပေါက်ပေသည်။ ထို့ကြောင့် အလျင်စလို ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
နောက်တစ်ရက်မနက်စောစောတွင် ချင်လင်လင်သည် ရေတစ်ဘူးနှင့် အိတ်တစ်လုံးကိုသယ်လျက် တစ်ဖက်မှထွက်လာသော ကုယောင်အား လှမ်းခေါ်လိုက်သည်။
ချင်လင်လင်က ကုယောင်အားခေါ်နေစဉ်တွင် လီတနီသည်လည်း ထွက်လာလေသည်။ ထိုစဉ် တံခါးဝ၌ရပ်နေသော ကုတရွှမ်းက လှမ်းအော်ပြောလေသည်။ "ကလေးက အပြင်ထွက်ချင်တယ်ဆိုလည်း သူ့ကိုသွားခိုင်းလိုက်။"
"အိမ်အလုပ်တွေ ဘယ်သူလုပ်တော့မှာလဲ။"
"မင်းနဲ့ ချွန်းဟွားနဲ့ ရှိတယ်မဟုတ်လား။ မင်းတို့တစ်ရက်လောက် အိမ်အလုပ်လုပ်လိုက်ရင် သေသွားမှာ မို့လို့လား။"
သူတို့လင်မယားနှစ်ဦးသားသည် ယမန်နေ့ညက အကြီးအကျယ် စကားများရန်ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်လျက် လီတနီသည် အနည်းငယ်အပြစ်ရှိနေသလို ခံစားနေရလေသည်။ ယခုအခါ သူ(မ)သည် ဒေါသဖြင့် တံတွေးပင်နင်နေလျက်ရှိပြီး မထွေးနိုင်မအန်နိုင်ဖြစ်နေလေ၏။ အပြင်ထွက်သွားပြီးနောက် ကုချွန်းဟွားအား လှမ်းခေါ်လိုက်သည်။ "အာ့အာ (*ဒုတိယကလေး) နင် သေနေပြီလား။ အလုပ်လုပ်ဖို့ ဘာလို့မြန်မြန်မလာသေးတာလဲ။"
ချင်လင်လင်သည် ကုယောင်နှင့်အတူ စက်ဘီးစီးလျက် မြို့သို့သွားကြသည်။ လမ်းတစ်လျှောက်တွင်လည်း စကားများစွာ ဖောင်ဖွဲ့လျက်ရှိကြသေး၏။
ကုယောင်သည် ယောင်းမဖြစ်သူက စကားအများအပြားပြောလေ့မရှိဟူ၍ ထင်ခဲ့ဖူးသည်။ သို့သော် သူတို့အချင်းချင်း ရင်းနှီးပြီးသွားသည့်နောက် သူ(မ)၏ ယောင်းမဖြစ်သူသည် စကားအလွန်ပြောတတ်ကြောင်း သိလိုက်ရလေသည်။
ယနေ့သည် ဈေးဖွင့်ရက်ဖြစ်သည့်အလျောက် လူများစွာက လမ်းပေါ်တွင်စည်ကားနေလျက်ရှိသည်။ မိန်းကလေးနှစ်ယောက်သားသည် လိုအပ်သမျှပစ္စည်းများ ဝယ်ရန်အတွက် ဈေးတစ်ပတ်ပတ်ကြလေသည်။
ကုယောင်သည် အပြင်ထွက်ခဲလေ့ရှိသည်။ ထို့ကြောင့် သူ(မ)က လမ်းများအနှံ့သွားနေရသောအခါ ဘေးဘီဝဲယာအား ကြည့်ရှုလျက် မြင်မြင်သမျှအား စိတ်လှုပ်ရှားနေလေသည်။
အထူးသဖြင့် သူတို့တွေ ကုန်ပစ္စည်းဝယ်ယူထောက်ပံ့ရေး သမဝါယမအားသွားသောအခါ ကုယောင်၏ မျက်လုံးများသည် စင်နောက်ဘက်ရှိ ရောင်စုံ မိန်းကလေးခေါင်းစည်းကြိုးများထံမှ တန်း၍ပင်ဆွဲဆောင်ခံလိုက်ရသည်။
သူ(မ)၏ ယောင်းမငယ်လေးအဖြစ်ကိုမြင်သောအခါ ချင်လင်လင်သည် အရောင်းစာရေးအား ခေါင်းစည်းကြိုးနှစ်ခု အမြန်မှာလိုက်သည်။ ထို့အပြင် အရောင်စုံလင်လှသည့် ဆံညှပ်ကလစ်လေးများလည်း မှာယူလိုက်သည်။
"ဒီဟာတွေ ထုတ်ပေးပါနော်။ ကျေးဇူးတင်ပါတယ်။"
"ကောင်းပါပြီ။"
ငွေပေးချေပြီးသည့်နောက် ချင်လင်လင်သည် လက်အတွင်းမှ ပစ္စည်းများအား ကုယောင်အားကမ်းပေးလိုက်သည်။ "ယောင်ယောင် ဒါတွေက နင့်အတွက်။"
ကုယောင်သည် သူ(မ)ယောင်းမက အဘယ်ကြောင့် ပစ္စည်းအများအပြားဝယ်နေရသနည်းဆိုသည်ကို နားမလည်နိုင်အောင်ရှိနေလေရာ ထိုပစ္စည်းများက သူ(မ)အား ပေးဖို့ရန်အတွက်ဖြစ်နေသည်ပင်။
"ယောင်းမ ဒါတွေက…"
"နင့်အတွက်လေ။"
"ယောင်းမ ငါ မယူနိုင်ပါဘူး။" ကုယောင်သည် အလျင်အမြန် ပြန်ပေးလေသည်။ သူ(မ)၏ မျက်နှာက ကြောက်ရွံ့စိုးရိမ်နေလျက်ရှိပြီး "ယောင်းမ ငါ မယူနိုင်ပါဘူး။"
"ယူပြီး ဒီအတိုင်းကိုင်ထားရုံပဲလေ။ ဘာတွေ ဂရုစိုက်နေမှာလဲ။" ချင်လင်လင်သည် သူ(မ)အား ပစ္စည်းများ ပြန်တွန်းပေးလိုက်ပြီး ထပ်မံပြန်မပေးရန် မျက်လုံးဖြင့် အချက်ပြလေသည်။ "နင့်အစ်ကိုက အိမ်မှာ အမြဲတမ်းမရှိနိုင်တာကြောင့် နင့်ကိုဂရုစိုက်ပေးဖို့ ပြောထားတယ်။ နင့်ရဲ့ခေါင်းစည်းကြိုးတွေကလည်း သိပ်မကောင်းတော့ဘူးဆိုတော့ နင့်ဆံပင်တွေကို ပျက်စီးကုန်လိမ့်မယ်။ ဒါလေးတွေကိုသုံးလိုက်။ နင့်ဆံပင်ကို ပျက်စီးစေမှာ မဟုတ်ဘူး။"
ကုယောင်သည် ပုံမှန်အားဖြင့် အဝါရောင် ရာဘာခေါင်းစည်းကြိုးအား အသုံးပြုလေ့ရှိ၏။ ချင်လင်လင်၏ မူလကမ္ဘာတွင် ဤသို့သော ရာဘာကြိုးမျိုးမှာ ပစ္စည်းချည်ရန်အတွက်သာ အသုံးပြုကြလေ့ရှိသည်။ ဆံပင်ချည်လေ့ရှိသော ကြိုးမျိုးမဟုတ်ပေ။
သို့သော် ဤခေတ်အခါမျိုးတွင်တော့ ကုန်ပစ္စည်းများက ပေါပေါလောလောမရှိသေးပေရာ မိန်းကလေးများအတွက် ဆံပင်ချည်စရာ ရာဘာကြိုးကွင်းမျိုးရှိနေသေးသည်ကပင် တော်သေးသည်ဟု ဆိုရပေမည်။
ကုယောင်၏ ဆံပင်ကအလွန်ပင်ရှည်လျားပြီး သူ(မ)၏ အရပ်ကလည်း မပုပေ။ နှစ်အတန်ကြာအောင် နေလောင်ခဲ့ရသည်ကြောင့် ညိုမှောင်နေသော မျက်နှာလေးမှလွဲ၍ သူ(မ)က ကြည့်ကောင်းအဆင်ပြေလှပေသည်။
ချင်လင်လင်သည် ကုယောင်၏ဆံပင်အရှည်ကြီးက အဖျားကွဲခြင်းမရှိ၊ ဖွာခြင်းမရှိသည်ကို အားကျမနာလိုနေမိသည်။ သူ(မ)ကိုယ်တိုင်ပင် ဖြစ်စေ၊ လက်ရှိမူလချင်လင်လင်၏ ကိုယ်ခန္ဓာပင်ဖြစ်စေ သူတို့သည် လည်ပင်းညှပ်ရိုးအထိသာ ရှည်သည့်ဆံပင်ကိုသာ ပိုင်ဆိုင်ထားကြလေသည်။
"ဒါပေမဲ့ ယောင်းမ… ငါအများကြီးမလိုဘူး။ တစ်ခုဆို ရပြီလေ…"
"အကုန်ယူထားလိုက်။ ငါ့မှာလည်းရှိသေးတယ်။" ချင်လင်လင်သည် သူ(မ)ကိုယ်တိုင်အတွက် ရာဘာခေါင်းစည်းကြိုး နှစ်ခု ချန်ထားလေသည်။
ယောင်းမထံမှ လက်ဆောင်ရပြီးသည်နောက် ကုယောင်သည် တစ်လျှောက်လုံး ပျော်ရွှင်နေလျက်ရှိပြီး ယောင်းမဖြစ်သူအား အကြိမ်ဆက်တိုက် ခိုးကြည့်နေလျက်ရှိသည်။
ယောင်းမဖြစ်သူက ကောင်းမွန်သောသူတစ်ယောက်မဟုတ်ကြောင်း မိထွေးတို့က ပြောဆိုကြပါသော်လည်း သူ(မ)၏အမြင်တွင်မူ ယောင်းမက သူ(မ)အပေါ် အတော်ကလေး ကောင်းမွန်ပေသည်။ အစ်ကိုကြီးပြီးလျှင် ယောင်းမက သူ(မ)အပေါ် အကောင်းဆုံးသူဖြစ်ပေသည်။
"ကျေးဇူးတင်ပါတယ် ယောင်းမ။" ကုယောင်သည် ရုတ်တရက် ထပ်မံ၍ ကျေးဇူးတင်စကားပြောလိုက်သည်။
ချင်လင်လင်သည် ကုယောင်၏ ဆက်တိုက်ကြည့်နေမှုကြောင့် ရယ်ချင်လာလေသည်။ "ရပါပြီ ကျေးဇူးတင်စရာမလိုတော့ပါဘူး။ ငါတို့က မိသားစုတွေပဲဆိုတော့ နင့်ကို ကောင်းကောင်းဆက်ဆံပေးသင့်တာပေါ့။"
ကြည့်ရသည်က မူလချင်လင်လင်အပေါ် ကုယောင်၏ ဆိုးဝါးလှသော အမြင်က အတော်ကလေး နက်ရှိုင်းလှသည့်ဟန်ပင်။ ကုယောင်သည် အချိန်တိုင်း သူမအား ကြောက်ရွံ့စိုးရိမ်နေခဲ့တတ်ပေ၏။
ရာဘာခေါင်းစည်းကြိုးများဝယ်ပြီးသည့်နောက် တစ်ဦးက ပစ္စည်းထုတ်များအားသယ်လျက် အခြားတစ်ဦးက စက်ဘီးကိုတွန်းခဲ့ကြပြီး ထွက်လာကြသော်လည်း အိမ်ပြန်ရန်အစီအစဉ်မရှိသေးပေ။
သူတို့သွားနေသောလမ်းကြောင်းသည် အိမ်ပြန်လမ်းမဟုတ်သည်ကို သတိထားမိသောအခါ ကုယောင်က စိတ်ရှုပ်သွားလေသည်။ "ယောင်းမ ငါတို့တွေ အိမ်ပြန်မှာမဟုတ်ဘူးလား။ ငါတို့ဘယ်သွားကြမလို့လဲ။"
"စာအုပ်တွေဝယ်ဖို့ စာအုပ်ဆိုင်သွားကြမယ်လေ။"
"ဟမ်… ယောင်းမက စာအုပ်ဖတ်ချင်လို့လား။"
"ဟုတ်တယ်လေ မဖြစ်နိုင်တဲ့ကိစ္စမို့လို့လား။"
"မဟုတ်ပါဘူး။ နည်းနည်းသိချင်သွားမိလို့ပါ။" ကုယောင်က အလျင်စလိုပြန်ဖြေလေသည်။ "ယောင်းမ စာအုပ်တွေက အခုဆို တအား ဈေးကြီးတာ။ ဘယ်စာအုပ် ဝယ်မလို့လဲ။"
ဤခေတ်တွင် စာအုပ်များသည် အမှန်တကယ်ပင် ဈေးကြီးလှသည်။ အချို့သော စာအုပ်များမှလွဲ၍ စာအုပ်များဝယ်ရန် အနည်းဆုံး ၂ ဆင့်လောက် ပေးရတတ်ပြီး အချို့ပိုဈေးကြီးသောစာအုပ်များဆိုလျှင် ၂ ဆင့်ထက် ပိုမိုဈေးကြီးတတ်ပေသည်။ သို့သော် သင်ကြားရေးနှင့်သက်ဆိုင်သော စာအုပ်များက ဆင့်အနည်းငယ် ပိုမိုကုန်ကျပေသည်။
ထိုသို့သော ဈေးမပေါလှသည့်စာအုပ်များသည်ပင် ဆင့်အနည်းမျှ အကုန်ကျခံရမည်ဖြစ်ကာ ဈေးကြီးလှသော ဝတ္ထုစာအုပ်များဆိုလျှင် ပိုမိုငွေကြေးကုန်ကျတတ်ပေသည်။
ယခုကာလတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်ခြင်းမရှိပါသေးသည့်အတွက် သင်ကြားရေးစာအုပ်များ အလွန်ရှားပါးကာ ရရှိဖို့ရန်ခက်ခဲပြီး ဈေးနှုန်းမြင့်မားလှသည်များလည်း ရှိသေးသည်။ ထို့ကြောင့် ဤခေတ်တွင် လူအများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်လာပြီး ပညာလေ့လာခွင့် ရရှိခဲ့ကြသည့်တိုင်အောင် စာအုပ်တစ်အုပ်အား ငှားယူကာ ကူးယူးလေ့ရှိကြပြီး ထိုသို့ကူးယူခွင့်မရရှိလိုက်ကြသည့်လူများပင် အများအပြားရှိခဲ့ကြသေးသည်။
မိန်းကလေးနှစ်ယောက်သားသည် စာအုပ်ဆိုင်အတွင်းမဝင်ခင် စက်ဘီးနှင့်အတူ ပစ္စည်းများအား ထားခဲ့ကြလေသည်။
မြို့အတွင်းမှ စာအုပ်ဆိုင်ကလေးသည် အလွန်ပင်သေးငယ်လှသည်။ စာအုပ်ဆိုင်ဟု ဆိုရုံသာဆိုနိုင်လောက်သည့် အနေအထားမျိုးပင်။ လက်တွေ့ကျကျပြောရမည်ဆိုလျှင်ဖြင့် စာအုပ်အမျိုးမျိုးဖြင့် ပြည့်ကျပ်နေသော ၁၀ စတုရန်းမီတာကျယ်ဝန်းသည့် အခန်းငယ်ကလေးသာဖြစ်ပေသည်။ သင်ကြားရေးစာအုပ်များနှင့်ပတ်သက်လျှင်မူ အများစုသည် အခြေခံကျသော သင်္ချာစာအုပ်များသာဖြစ်လေသည်။
ချင်လင်လင်သည် ပတ်ပတ်လည်လေ့လာကြည့်ရှုပြီးသည့်နောက် သူ(မ)အတွက် အသုံးဝင်သောစာအုပ်မျိုးအား မတွေ့ပေ။ စာအုပ်ဆိုင်က အလွန်ပင်သေးငယ်လွန်းသေးသည်။ ဈေးကြီးသော စာအုပ်များမှလွဲ၍ လူကြိုက်များသော အခြားစာအုပ်အများအပြားလည်း ရှိလေသည်။ အခြားသော စာအုပ်အမျိုးအစားမျိုးအား ဝယ်ယူကာတင်ရောင်းဖို့ရန်အတွက်တော့ ဆိုင်ရှင်အတွက် ခက်ခဲပေသည်။
နောက်ဆုံးတွင် ချင်လင်လင်သည် စာရွက်နှင့်ဖောင်တိန်အပြင် ရှင်ဟွာအဘိဓာန်တစ်အုပ် ဝယ်လိုက်သည်။ ဝယ်လိုက်သောစာရွက်အမျိုးအစားမှာ ဈေးအချိုဆုံး အဝါရောင်စက္ကူသားဖြစ်သည်။ ထိုစက္ကူအမျိုးအစားသည် ဈေးနှုန်းချိုသာပြီး အသုံးပြုရန်သင့်လျော်ကာ အလွယ်တကူ ပျက်စီးနိုင်ခြင်းမရှိပေ။
သို့သော် ချင်လင်လင်က ငွေပေးချေသောအခါ သူ(မ)သည် ထောင့်ဘက်တွင်ရှိနေသော အဆင့်မြင့်သင်္ချာစာအုပ်နှင့် အင်္ဂလိပ်စာအုပ်တစ်အုပ်ကိုပါ ဝယ်ယူလိုက်သည်။
ပစ္စည်းများထပ်မံဝယ်ပြီးကြသည့်နောက် ချင်လင်လင်သည် ၃ ယွမ်ခန့် သုံးစွဲပြီးသွားပြီဖြစ်သည်။
ထိုကုန်ကျစရိတ်က ကုယောင်အား စိတ်မသက်မသာဖြစ်စေလေသည်။ သူ(မ)သည် ယောင်းမက အဘယ်ကြောင့် ဈေးကြီးသည့်စာအုပ်များဝယ်ချင်နေကြောင်း နားမလည်နိုင်ပေ။
ကုယောင်၏ ခံစားရခက်နေသည့်ဟန်ပန်ကို မြင်သောအခါ ချင်လင်လင်က ရှင်းပြလေသည်။ "နင့်အစ်ကိုက စာကြိုးစားပြီး ပိုမိုလေ့လာသင်ယူဖို့ မှာခဲ့တယ်မဟုတ်လား။"
"ဒါပေမဲ့ ဒါတွေက အရမ်းဈေးကြီးလွန်းတယ်လေ…"
"ဒါတွေက ဈေးကြီးလွန်းပေမဲ့ သင်ယူလေ့လာနိုင်ပြီး ဘဝတစ်လျှောက်စာ အသိပညာတွေရရှိဖို့ပဲလေ။ နောင်မှာ နင် တခြားသူတွေနဲ့ စကားများငြင်းခုံမယ်ဆိုရင်တောင် ပညာတတ်ပြီး ဉာဏ်ကောင်းတဲ့ပုံစံပေါက်နေစေလိမ့်မယ် မဟုတ်လား။ ... ဟုတ်ပါပြီ ဟုတ်ပါပြီ ငါက လျှောက်ပြောနေတာပါ။ ဥပမာအားဖြင့် စာတွေဖတ်ထားတဲ့အခါ နင့်ရဲ့အတွေးထဲမှာ စာအုပ်တွေနဲ့ ကဗျာတွေကို အလွတ်မှတ်မိနေမှာပေါ့။ ပြီးတော့ နင့်အစ်ကိုပြောပုံအရဆို ကောလိပ်ဝင်ခွင့်စာမေးပွဲက တကယ်ကြီးတစ်ရက်ရက်မှာ ပြန်စခဲ့မယ်ဆို မြန်မြန်ဆန်ဆန်သင်ယူနိုင်ပြီး မြန်မြန်ဘွဲ့ရနိုင်လိမ့်မယ်။ ဒီလိုဆို မကောင်းဘူးလား။"
ကုယောင်သည်လည်း အတော်အတန်မျှ စာတတ်ပေတတ်သောသူ တစ်ယောက်ဖြစ်ပေရာ ပညာလေ့လာမှုနှင့်ပတ်သက်လျှင် လိုလိုလားလားရှိသောသူလည်းဖြစ်ပေသည်။ ယောင်းမဖြစ်သူက စာအုပ်များ ဝယ်ပြီးရင်းဝယ်နေသည်ကို မြင်သောအခါ သူ(မ)လည်း ထပ်မံ၍ မတားဆီးတော့ပါချေ။
ကုကျန်းသည် စာလေ့လာထားရန် တိုက်တွန်းပြောဆိုခြင်းမပြုခဲ့လျှင်တောင် ချင်လင်လင်သည် ယောင်းမနှင့်အတူ စာလေ့လာဖို့ စီစဉ်လိမ့်ဦးမည်သာဖြစ်ပါ၏။
ချင်လင်လင်သည် စာတော်သော ကျောင်းသူတစ်ဦးဖြစ်ခဲ့သည်ပင်။ အနည်းဆုံးတော့ သူ(မ)သည် မူလကမ္ဘာတွင် တက္ကသိုလ်ဝင်ခွင့်အား အမှတ်မြင့်မြင့်ဖြင့် ဝင်ရောက်နိုင်ခဲ့သော တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ခဲ့သည်ပင်။ လုပ်ငန်းခွင်ဝင်ရောက်ပြီးသည့်နောက် အတန်းစာ တော်တော်များများအား မေ့လျော့သွားပြီဖြစ်ပါသော်လည်း ထပ်မံလေ့လာရာတွင် လွယ်ကူလျင်မြန်နေဦးမည်သာဖြစ်ပါ၏။ ကုယောင်ကတော့ ကွဲပြားခြားနားပေသည်။ အရွယ်ငယ်စဉ်ကတည်းက ကျောင်းထွက်ခဲ့ရသဖြင့် ပညာရေးဗဟုသုတက အတော်ကလေး လိုအပ်နေပါသေးသည်။ သူ(မ)သည် သင်ယူလေ့လာရန်သာမက အသိပညာများလည်း ပိုမိုလိုအပ်နေသေးသည်ပင်။
ချင်လင်လင်သည် ကုယောင်အား အခြေခံပညာကျောင်းသို့ တက်ရောက်စေရန်အတွက် ရည်ရွယ်ထားသည်မျိုးမရှိပေ။ ဤခေတ်အခါရှိကျောင်းများသည် သူ(မ)၏ မူလကမ္ဘာမှ ကျောင်းများနှင့် မတူညီပေ။ အခြေခံပညာကျောင်းများတက်ရန်အတွက် လစာငွေပေးချေရန်လည်း လိုအပ်သည့်အပြင် ထိုကျောင်းများက သင်ကြားရေးတွင်သာ အဓိကထား အာရုံစိုက်ပေးသည်မျိုးလည်း မဟုတ်ပါချေ။ သို့အစား သင်ကြားရေးဆရာများက ကျောင်းသားများအား ပေါင်းသင်မြက်နုတ်စေခြင်းနှင့် လယ်ကွင်းများအတွင်း အလုပ်လုပ်စေခြင်းတို့အား ခိုင်းစေလေ့ရှိတတ်ကြသည်။ ကျောင်းများတွင် ပညာလေ့လာသင်ယူစေသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းက အင်မတန် နည်းပါးနေသေး၏။
အပြန်လမ်းတွင် ချင်လင်လင်သည် သူ(မ)၏ အစီအစဉ်အား ကုယောင်းအား ရှင်းလင်းပြောပြသည်။
ယခုအခါ ကုယောင်သည် ယောင်းမဖြစ်သူအား ချစ်ခင်လေးစားနေပြီးသားဖြစ်ပါ၍ ချင်လင်လင်ပြောသမျှအတိုင်း လိုက်နာဆောင်ရွက်လိမ့်မည်သာဖြစ်သည်။
"ငါ နေ့တိုင်းအလုပ်ကပြန်လာတဲ့အခါ နင်လေ့လာသင်ယူနိုင်ဖို့ စာတွေပြင်ဆင်ပေးထားမယ်။ နင် နေ့တိုင်းစာလေ့လာရမယ်။ နေ့လယ်ပိုင်းမှာ အလုပ်သွားလုပ်လို့ရတယ်။ ဒါပေမဲ့ လေ့လာသင်ယူဖို့လည်း အချိန်ပေးထားရမယ်။ စာလေ့လာဖို့ထက် အရေးကြီးတဲ့အရာ ဘာမှမရှိဘူး။"
ယနေ့ခေတ်ကာလတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲသည် နှောင်နှစ်များမကြာမီ ပြန်လည်စတင်ပေလိမ့်မည်။ အချိန်အတန်ကြာလာပြီးသည့်နောက် ကြိုးကြိုးစားစားသင်ယူလေ့လာမှုက လူတိုင်းပြောဆိုကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်လာမည်ပင်။ နောက်ပိုင်းမျိုးဆက်သစ်များတွင်ပင် ထိုအရာက ပြောင်းလဲသွားတော့မည် မဟုတ်ပါပေ။ နောက်ပိုင်းမျိုးဆက်များနှင့် နှိုင်းယှဉ်လိုက်လျှင် ထိုမျိုးဆက်များက သင်ယူလေ့လာနိုင်မည့် ကျောင်းကဲ့သို့သော အရင်းအမြစ်များလည်း အင်မတန် ပေါများလာလိမ့်မည်ဖြစ်သည်။ ယနေ့ခေတ်တွင်မူ အနည်းငယ်မျှသော လူအချို့ကသာ ကြိုးစားရုန်းကန်ရင်းဖြင့် ကောလိပ်ကျောင်းသားများ ဖြစ်လာနိုင်ပေ၏။
ယခုအခါ ချင်လင်လင်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲများက နောင် ၂ နှစ်အတွင်း စတင်လာတော့မည်ကို သိနှင့်နေပြီးသားဖြစ်ကာ ထိုအခွင့်အရေးအား လက်လွှတ်ဆုံးရှုံးခွင့်မပေးနိုင်ပါချေ။
"နားလည်ပါပြီ ယောင်းမ"
"နင်က နေ့တိုင်းအလုပ်လည်းသွားလုပ်ရသေးတဲ့အပြင် အိမ်မှာ အလုပ်မရှိဘဲ အားနေတဲ့သူတွေလည်း ရှိသေးတယ်။ အိမ်အလုပ်တွေအားလုံး လုပ်ဖို့ ဂရုစိုက်မနေနဲ့။ သူတို့မလုပ်ရင် နင်လည်းလုပ်မနေနဲ့။ သူတို့က နင့်ကိုအပြစ်တင်လာရင် နင့်ရဲ့အိမ်ထောင်စုစာရင်းက မိသားစုပြောင်းပြီးသွားပြီမို့ သူတို့မိသားစုထဲမှာ နင်မပါဘူးလို့ပြောလိုက်။"
"ကောင်းပါပြီ။"
"နင်တစ်ခုခု လိုအပ်လာလို့ ငွေယူဖို့လိုတဲ့အခါ (လုပ်ငန်း) တာဝန်ခံအရာရှိတွေဆီသွားပြီး နင်ရသင့်ရထိုက်တဲ့ ငွေကိုသွားထုတ်လိုက်။ ဘာပဲဖြစ်ဖြစ် နောင်မှာ လေ့လာသင်ယူဖို့အတွက် နင်လည်းငွေတွေ အများအပြား လိုအပ်လာလိမ့်မယ်။ တကယ်လို့သူတို့က ပေးဖို့သဘောမတူဘူးဆို…" ချင်လင်လင်သည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလေသည်။ "အဲဒီငွေတွေအားလုံးက နင်ရသင့်တဲ့ငွေတွေပဲ။ သူတို့က ဘာလို့မပေးဘဲ နေမတဲ့လဲ။"
ကုယောင်သည် ချင်လင်လင်ပြောသည့်အကြောင်းနှင့်ပတ်သက်၍ တုံ့ပြန်ဖြေဆိုလေသည်။ "ကောင်းပါပြီ ငါနားလည်ပါတယ်။ အစ်ကိုလည်း ငါ့ကို ပြောပြထားတယ်။"
အမှန်တကယ်အားဖြင့် သူ(မ)၏ အစ်ကိုကြီးက သူ(မ)အား ဤအကြောင်းနှင့်ပတ်သက်လျက် အစောပိုင်းကတည်းက ပြောပြထားခဲ့ပြီးဖြစ်ပါ၏။ သို့သော်လည်း သူ(မ)က တစ်ခါမှ ကိုယ်တိုင်ငွေမထုတ်ဖူးသေးပါချေ။ သို့သော် ယခုအခါ ယောင်းမသည်လည်း သူ(မ)ဘက်တွင် ရှိနေသည့်အပြင် ယောင်းမကလည်း ထိုအကြံအစည်အား သဘောတူညီပေရာ ကုယောင်သည် ပိုမိုယုံကြည်ချက်ရှိလာသကဲ့သို့ ခံစားနေရလေသည်။
သူတို့အိမ်ပြန်ရောက်ပြီးသည့်နောက်ပိုင်းတွင် ချင်လင်လင်သည် ကုယောင်လေ့လာသင်ယူနိုင်ရန်အတွက် စာလုံးအချို့နှင့် ကဗျာများအပြင် အမျိုးမျိုးသော အင်္ဂလိပ်စာများကို ပြင်ဆင်လေသည်။ ကုယောင်သည်လည်း နာနာခံခံဖြင့် လေ့လာသင်ယူလေသည်။ သို့ဖြစ်ပါ၍ ကုယောင်သည် နေ့ခင်းဘက် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်နေရင်းဖြင့် စာလုံးများအား ရွက်ဆိုကျက်မှတ်နေလေရာ တစ်ရွာတည်းနေ အခြားသောအပေါင်းအဖော်များအား အားကျ၍စပ်စုလိုစိတ်များ ဖြစ်ပေါ်လာစေလေသည်။
"ဟေး… နင်ဘာတွေ ကျက်မှတ်နေတာလဲ။" တစ်ရွာတည်းနေ သူငယ်ချင်းတစ်ယောက်က သိလိုစွာဖြင့် မေးမြန်း၏။
ကုယောင်က ပြုံးပြလိုက်သည်။ "ငါ့ယောင်းမက ငါစာလေ့လာဖို့ သင်ပေးတာ။"
"စာလေ့လာတာလား။"
"ဟုတ်တယ်။ ငါ့ယောင်းမက အထက်တန်းကျောင်းအောင်ထားပြီး အသိပညာတွေလည်း အများကြီးသင်ယူတတ်မြောက်ထားတယ်။ ငါပိုပြီး လေ့လာသင်ယူသင့်တယ်လို့ သူကပြောနေတာ။ ဒါကြောင့် ဒီရက်ပိုင်း ငါက တရုတ်စာ၊ သင်္ချာနဲ့ အင်္ဂလိပ်စာတွေလေ့လာနေရတာ။"
"အရမ်းတော်တာပဲ။"
"မဟုတ်ပါဘူး။ ငါ့ယောင်းမက အရမ်းတော်တာပါ။"
ဟိုးယခင်က ကုယောင်သည် သူ(မ)၏ ယောင်းမနှင့် သိကျွမ်းခြင်းမရှိသဖြင့် အမြဲတမ်း ကြောက်ရွံ့နေမိသည်။ ယခုအခါ ယောင်းမဖြစ်သူသည် သူ(မ)တွေးထင်ထားသည်ထက် အကြိမ် ၁၀၀ ထက်မကအောင် ကောင်းမွန်သောသူဖြစ်ပါ၏။ ဤကဲ့သို့သော ယောင်းမမျိုးရရှိထားသည်ကို အင်မတန် ပျော်ရွှင်ဝမ်းမြောက်နေမိလေသည်။
ကုယောင်သည် စတင်၍စာလေ့လာချိန်မှစ၍ ပင်မမိသားစုအတွင်းမှ အိမ်အလုပ်များအားလုံးအား တစ်ယောက်တည်း သိမ်းကျုံးလုပ်ရသည်ကို ရပ်တန့်လိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။
ထိုညနေခင်းတွင် လီတနီသည် အိမ်သို့ပြန်ရောက်မလာသေးပေ။ ကုယောင်သည် ခြံတံခါးအနားရှိ ကျောက်တုံးပေါ်တွင်ထိုင်နေကာ စာအုပ်အား ဒူးပေါ်တင်လျက် လေ့လာကျက်မှတ်နေလေသည်။
ထိုစဉ် အပြင်မှပြန်လာသော လီတနီက ပြောဆိုလေသည်။ "ဟေး… နင်ဘာဖြစ်နေတာလဲ။ ရေစည်တွေထဲမှာ ဘာလို့ရေမရှိရတာလဲ။"
ကုယောင်သည် မိထွေးဖြစ်သူ လီတနီအား အတော်အတန် ကြောက်ရွံ့မိလေသည်။ ပုံမှန်အားဖြင့် မိထွေးခိုင်းစေသမျှအား လုပ်ပေးလေ့ရှိသည်။ သို့သော်လည်း သူ(မ)၏ အစ်ကိုကြီးက မသေဆုံးသည့်အပြင် ယောင်းမဖြစ်သူကလည်း သူ(မ)ဘက်မှာ ရပ်တည်ပေးကာ သူ(မ)အား အင်မတန် ဂရုစိုက်ချစ်ခင်သည်ကိုသိရှိရသဖြင့် အနည်းငယ် စိတ်တင်းထားနိုင်ပါသော်လည်း မိထွေးအားကြည့်မိသည်နှင့်ပင် ကြောက်ရွံ့လာမိပါ၏။
ကုယောင်က ပြောလိုက်သည်။ "ကျွန်မ အခုမှ အလုပ်ကပြန်ရောက်တာ။ ယောင်းမက ဒီစာတွေအားလုံးကို ပြီးအောင်လေ့လာကျက်မှတ်ထားဖို့ပြောထားသေးတယ်။ ဒီည သူက စာတွေစစ်မေးလိမ့်မယ်။"
"ဘာကိုစစ်မေးမှာလဲ။ အခု အလုပ်သွားလုပ်စမ်း။ နင်ဘာလုပ်နေတာလဲ။ ဒီအရှုပ်ထုပ်တွေကို လေ့လာသင်ယူပြီး ဘာအသုံးကျမှာလဲ။ နင့်လိုမိန်းကလေးက ကျောင်းတက်လို့ရမယ်ထင်နေတာလား။ မြန်မြန်အလုပ်သွားလုပ်စမ်း။"
ကုယောင်သည် ချင်လင်လင်မှ သူ(မ)အတွက် သီးသန့်ပြင်ဆင်ရေးသားထားပေးသော စာများအား ကိုင်ထားလျက် မတ်တတ်ရပ်လိုက်သော်လည်း တုတ်တုတ်မှမလှုပ်ဘဲ ခပ်တင်းတင်းပြောလိုက်သည်။ "ကျွန်မ မသွားဘူး။"
"ဘာ … နင်က တခြားလူပြောင်းသွားတာပဲ။"
"ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီစာတွေကို လေ့လာရဦးမယ်။ စာမတတ်ရင် မျက်ကန်းဖြစ်လိမ့်မယ်။ ပညာဗဟုသုတဆိုတာ အာဏာဖြစ်တယ်လို့ ခေါင်းဆောင်ကြီးက ပြောဖူးတယ်။ ကျွန်မရဲ့ သင်ယူလေ့လာမဲ့ အခွင့်အရေးကို ရှင် တားဆီးပိတ်ပင်လို့မရဘူး။"
"နင် ဘာတွေပြောနေတာလဲ။"
"အန်တီတနီ နေ့ခင်းဘက်တွေမှာ ကျွန်မက အလုပ်သွားလုပ်ရတယ်။ စာလေ့လာဖို့ အချိန်နည်းနည်းလောက် ယူတာ ဘာပြဿနာဖြစ်မှာမို့လို့လဲ။ ရှင်နဲ့ ချွန်းဟွားနဲ့က နေ့တိုင်းအလုပ်မလုပ်ကြဘူးမဟုတ်လား။ ပြီးတော့ ကျွန်မရဲ့ အိမ်ထောင်စုစာရင်းကလည်း အစ်ကိုကြီးရဲ့ မိသားစုအတွင်းမှာ ဖြစ်သွားပြီ။ ရှင် ကျွန်မကို ထိန်းချုပ်လို့မရဘူး။"
"အာ… ဒါက ပုန်ကန်နေတာပေါ့လေ ဟုတ်တယ်မလား။ နင်က ငါ့ကိုပြန်လှန်ပြောနေတယ်ပေါ့လေ။"
လီတနီသည် ကုယောင်အား တစ်စုံတစ်ရာပြောတော့မည့်အချိန်တွင် ချင်လင်လင်သည် အပြင်ဘက်မှ စက်ဘီးတွန်း၍ ဝင်လာလေသည်။
အစောပိုင်းက ဖြစ်ပျက်ခဲ့သည်ကြောင့်များလော မသိနိုင်စွာ လီတနီသည် ချင်လင်လင်ကို တစ်ကြိမ်မြင်ယုံမျှဖြင့်ပင် မသက်မသာခံစားရလေသည်။ ယခုလေးတင် ကုယောင်ပြောခဲ့သည်များကို တွေးမိရင်းဖြင့် ပြောလိုက်သည်။ "စောင့်ကြည့်နေလိုက်။ နင့်အဖေပြန်လာတာကို စောင့်နေလိုက်။ ပြီးရင် သူ နင့်ကိုဘယ်လိုမျိုး သေအောင်ရိုက်မလဲဆိုတာ စောင့်နေလိုက်။"
_*****_
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...