အခန်း (၃၆) - ပေးပို့စာ
အထက်ပိုင်းလူကြီးများမှ ချင်လင်လင်အားတွေ့ဆုံရန် လူလွှတ်လိုက်စဉ် ချင်လင်လင်က ညနေပိုင်းအလုပ်မှ ပြန်လာခါစဖြစ်ချေ၏။
အထက်ပိုင်းတာဝန်ခံလူသည် ရပ်ရွာတာဝန်ခံခေါင်းဆောင်၏ ဇနီးဖြစ်သူ အန်တီချန်၏ ချွေးမအား ခေါ်လိုက်သည်။
အန်တီချန်၏ချွေးမသည် အနီးအနားရှိ ရွာမှဖြစ်ကာ ချန်းဖုန်းဟုခေါ်တွင်ပြီးလျှင် နှုတ်ချိုပြီး ကြည့်ကောင်းသောသူတစ်ယောက်ဖြစ်သည်။
လူအများက အသိအမှတ်ပြုရသော မိန်းကလေးတစ်ယောက်၏ အသွင်အပြင်မျိုးဖြစ်ကာ အန်တီချန်၏သားနှင့် ကျောင်းတက်နေစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပေသည်။ နောက်ပိုင်းတွင် နှစ်ဦးကြားဆက်ဆံရေးအား အတည်ပြုလိုက်ကြပြီးနောက် အိမ်ထောင်ပြုခဲ့ကြကာ ရင်သွေးကလေးများ မွေးဖွားခဲ့ကြသည်။
ချန်းဖုန်းလာရောက်သည့်အချိန်၌ ချင်လင်လင်က စက်ဘီးဒေါက်ထောက်ခါစဖြစ်လေသည်။
"ပညာတတ်အမျိုးသမီးငယ် ချင် ရှိပါသလား။" ချန်းဖုန်းသည် လည်ပင်းအားဆန့်၍ ခြံဝင်းအတွင်းသို့ ရှာဖွေကြည့်ရှုလိုက်သည်။
"ကျွန်မ ပါ။" ချင်လင်လင်သည် ချွေးများစို့နေသော နဖူးပြင်ထက်မှ ဆံနွယ်များကို သပ်တင်လိုက်ပြီး ကြည့်လိုက်သည်။ "ဘာကိစ္စရှိလို့ပါလဲ။"
"မင်္ဂလာပါ ကျွန်မက ရှောင်းကူရွာ တာဝန်ခံခေါင်းဆောင်ရဲ့ ဇနီး ချန်းဖုန်းပါ။ ရှင် ကျွန်မကို အစ်မဖုန်းလို့ ခေါ်လို့ရပါတယ်။" ချန်းဖုန်းသည် ပြုံးလျက် ရှေ့တိုးသွားလိုက်သည်။ ချင်လင်လင်က ယခုလေးတင်မှ စက်ဘီးရပ်တန့်လိုက်သည်ကို မြင်သောအခါ ထပ်မံ မေးမြန်းလိုက်သည်။ "အခုမှ အလုပ်ပြီးလို့ အိမ်ပြန်ရောက်တာလား။"
"ဟုတ်ကဲ့ ဟုတ်ကဲ့။"
ချင်လင်လင်သည် သူ(မ)အားနှုတ်ဆက်လိုက်ပြီးနောက် "အစ်မဖုန်း အရင်ဆုံး အိမ်ထဲဝင်ပါဦး။"
"အာ… ကောင်းပြီ ကောင်းပြီ" ချင်လင်လင်သည် ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးဖြစ်ကြောင်း မြင်တွေ့ရသောအခါ ချန်းဖုန်းသည် မနေနိုင်စွာ သူ(မ)အား ထပ်မံကြည့်နေမိသည်။
ချင်လင်လင်သည် ချန်းဖုန်းအပါအဝင် ရှောင်းကူရွာမှ လူအများအပြားအား သိကျွမ်းခြင်းမရှိပေ။ သို့သော်လည်း သူ(မ)က ထိုသူတို့နှင့် မသိဘူးဆိုသည်က ထိုသူတို့နှင့် ရင်းနှီးကျွမ်းဝင်လိုခြင်းမရှိဟု မဆိုလိုပါပေ။
အိမ်၌ နှပ်ထားသော လက်ဖက်ရည်ကြမ်းမရှိဘဲ မနက်ပိုင်းက တည်ထားခဲ့သော ရေနွေးများသာရှိလေသည်။
ချန်းဖုန်း ထိုင်လိုက်သည်ကိုမြင်သည်နှင့် ချင်လင်လင်က ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။ "အစ်မဖုန်း ကျွန်မဆီမှာ လက်ဖက်ရည်ကြမ်းမရှိဘူး။ ကျွန်မ ရှင့်ကို ရေနွေးနဲ့ပဲ ဧည့်ခံနိုင်တော့မယ်။"
"အဆင်ပြေပါတယ်။ ကျွန်မတို့တွေက ကျေးလက်ကလူတွေပါ။ မြို့ပြဆန်ဆန်ဧည့်ဝတ်ပြုတာမျိုးမလုပ်ရင် ရေနွေးတောင် ဧည့်ခံပေးစရာမလိုပါဘူး။ ကျွန်မ ရှင့်ကို ပြောစရာရှိလို့ပါ။"
"ကောင်းပါပြီ အစ်မဖုန်း ပြောပါ။" ချင်လင်လင်သည် ရေနွေးငှဲ့ကာ သူ(မ)ရှေ့သို့ ချထားပေးလိုက်သည်။ ချန်းဖုန်းက ခေါင်းညိတ်လက်ခံလိုက်ပြီး မြို့ပြမှ ပညာတတ်လူငယ်များသည် ရုပ်ရည်ချောမောကာ ယဉ်ကျေးကြကြောင်းတွေးတောမိလေသည်။
ချင်လင်လင်အား စကားမပြောခင် ရေနွေးကလေးတစ်ငုံလောက် သောက်လိုက်သေး၏။ "မကြာသေးခင်တုန်းက ရှင် ကုယောင်ကို စာသင်ပေးနေတယ်လို့ ကျွန်မ ကြားမိတယ်။"
"ဟုတ်ပါတယ်။ သူက စာမလေ့လာဖြစ်တာ တော်တော်ကြာပြီလေ။ စာလုံးတချို့ကို သူသိပေမဲ့ စာလုံးတွေအားလုံးကိုတော့ သူမသိဘူး။ ပြီးခဲ့တဲ့ရက်နည်းနည်းလောက်ကမှ စာရွက်နဲ့ဘောပင်တွေဝယ်ခဲ့ပြီး သူသိသင့်တာလေးတွေ သင်ပေးဖြစ်တာပါ။"
ချင်လင်လင်သည် သူ(မ)က သင်ကြားရေးဆရာမ တစ်ဦးမဟုတ်ပါသော်လည်း ကြိုးစားကြည့်မည်ဆိုပါက၂ နှစ်အတွင်း ကုယောင်အား အတော်ကလေး ပညာသင်ကြားပေးနိုင်လိမ့်မည်ဟု တွေးမိပါ၏။ ထို့နောက် ကြိုးကြိုးစားစားလေ့လာရင်းဖြင့် အထက်တန်းကျောင်းမတက်ခဲ့လျှင်ပင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်မည်ဟု ထင်မိသည်။ ဘွဲ့တစ်ခုရှိထားမည်ဆိုလျှင် နောင်တွင် အလုပ်လုပ်ဖို့ ပိုမိုလွယ်ကူလိမ့်မည်ဖြစ်ပါ၏။
"ကျွန်မကြားတာတော့ ရှင်က ကုယောင်တစ်ယောက်တည်းကို မဟုတ်ဘဲ တခြားသူတွေကိုရော သင်ကြားပေးနေတယ်ဆို။"
ချင်လင်လင်က ကြောင်အမ်းသွားသည်။ ထို့နောက် ချန်းဖုန်းက မည်သည့်အတွက်ကြောင့် လာရောက်ခြင်းဖြစ်နိုင်ကြောင်း ရိပ်မိသွားသည်။ "အစ်မဖုန်း ဒီနေ့ လာရတဲ့အကြောင်းအရင်းက ဒီကိစ္စနဲ့ပတ်သက်လို့လား။"
"ဟုတ်တယ် ဟုတ်တယ်။ ဒီကိစ္စပါပဲ။" ချင်လင်လင်က စိုးရိမ်ကြောက်လန့်သွားမည်ကို စိုးရိမ်မိသဖြင့် ချန်းဖုန်းက လက်တစ်ဖက်ဆန့်တန်းလျက် သူ(မ)အား နှစ်သိမ့်ပေးလေသည်။ "စိတ်မပူပါနဲ့။ ပိတ်ပင်တားဆီးဖို့အတွက်မဟုတ်ပါဘူး။
ဆန့်ကျင်ဘက်ပြောရရင် ကျွန်မက အထက်ပိုင်းက ညွှန်ကြားချက်နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ဆွေးနွေးစရာလေးရှိနေလို့ပါ။"
ပိတ်ပင်တားဆီးရန် လာရောက်ခြင်းမဟုတ်သည်ကို မြင်တွေ့ရသဖြင့် ချင်လင်လင်သည်လည်း စိုးရိမ်စရာမရှိတော့ပေ။ "ကောင်းပါပြီ အစ်မဖုန်း။"
"ရှင်သူတို့ကို စာသင်ကြားပေးနေတဲ့အကြောင်းကို ရပ်ရွာတာဝန်ခံတင်မဟုတ်ဘူး အထက်ပိုင်းမန်နေဂျာရော ကြားသိခဲ့ကြတဲ့အပြင် ရှင်စာသင်ပေးနေတဲ့သူတွေဆီကလည်း ရှင့်ရဲ့ သင်ကြားပေးမှုက ကောင်းမွန်တဲ့အကြောင်း တုံ့ပြန်ချက်တွေကို ကြားသိရပြီးပါပြီ။ ကျွန်မတို့ ဆွေးနွေးချင်တာက… အနီးအနားမှာ ကျူးလင်မူလတန်းကျောင်းတစ်ကျောင်းရှိပြီး ကျွန်မတို့ရွာက ကလေးတွေနဲ့ အနီးအနားမှာရှိတဲ့ ကျန်းစွမ်ရွာက ကလေးတွေ အဓိကတက်ရောက်ကြတယ်။ မကြာသေးခင်က သင်ကြားရေးဆရာတစ်ယောက်က မြို့ကိုပြန်သွားတော့မှာဖြစ်တဲ့အတွက် သူ့နေရာက လွတ်လပ်နေတယ်။ ဒီအတွက် သင်ကြားရေးဆရာအဖြစ်လုပ်ကိုင်ဖို့ ရှင့်မှာ ဆန္ဒရှိသလားလို့ မေးချင်ပါတယ်။ လစဉ်ထောက်ပံ့ငွေကြေးအနေနဲ့ ၁၅ ယွမ်ပေးမှာဖြစ်ပြီး ပမာဏအရမ်းမများပေမဲ့ လတိုင်း ဆန်စပါးကိုလည်း ထောက်ပံ့ပေးဦးမှာပါ။ ဒီအလုပ်က လယ်လုပ်ငန်းခွင်ထက် ပိုပြီးလွယ်ကူမှာပါ။ ဒါကြောင့် အထက်ပိုင်းက ရှင့်အနေနဲ့ သင်ကြားရေးဆရာမအဖြစ် အလုပ်လုပ်ချင်သလားဆိုတာကို ကျွန်မကို လာမေးခိုင်းလိုက်တာပါ။"
"သင်ကြားရေးဆရာမအဖြစ်လား။" ချင်လင်လင်သည် ဤသို့နှယ် မမျှော်လင့်ထားပေ။ "ကျွန်မက တစ်ခါမှ ဆရာမ မလုပ်ဖူးသလို ကလေးတွေကိုလည်း မသင်ကြားပေးဖူးပါဘူး။ ကုယောင်ကိုသင်ကြားပေးတယ်ဆိုတာကလည်း ကျွန်မသင်ပေးနိုင်တဲ့အရာတွေကို ကျပန်းရွေးချယ်ပြီး သင်ပေးနေတာမျိုးပါ။ ကျွန်မက အဲဒီအလုပ်ကိုလုပ်နိုင်မယ်ဆိုတာ ရှင်သေချာရဲ့လား။"
"ရပါတယ် ရပါတယ်။ ရှင်က ဆရာတုန်ထက်တောင် အသိပညာဗဟုသုတ ပိုများပါတယ်။ သူတို့တွေလည်း ရှင့်အကြောင်းကို ကြားသိပြီးကြပြီး သင်ကြားရေးဆရာမအဖြစ် ရှင်ကသင့်လျော်တယ်လို့ ပြောကြပါတယ်။ ရှင်က မြို့မှာ အထက်တန်းတက်ခဲ့ပြီး ဒီနေရာမှာက မူလတန်းကလေးတွေကို သင်ကြားပေးရုံပါပဲ။ သေချာပေါက် သင့်လျော်တာပေါ့ရှင့်။ အလယ်တန်းပဲပြီးခဲ့တဲ့ ဆရာတုန်ဆို ဘယ်လိုလုပ်ပါ့မလဲ။ သူလည်းပဲ သင်ကြားရေးမှာ ကောင်းမွန်တာပဲ မဟုတ်လား။"
ချင်လင်လင်သည် ချန်းဖုန်း၏ အကျိုးအကြောင်းသင့်လျော်သော ကမ်းလှမ်းချက်အား ငြင်းပယ်ရန်အတွက် ရှက်ရွံ့မိလေသည်။ ထို့အပြင် ထိုအလုပ်အကိုင်အား ငြင်းပယ်ရန်အတွက်လည်း အကြောင်းပြချက်မရှိပါပေ။
မြို့ပြမှ ရောက်လာသော ပညာတတ်လူငယ်တစ်ဦးသည် ဒေသခံလူနှင့် လက်ထပ်ပြီးသည့်နောက် မူလလုပ်အားပေးလုပ်ငန်းခွင်သို့ မသွားလျှင်လည်း ရပေသည်။ လက်ထပ်ခဲ့ကြသည့် ပညာတတ်လူငယ်တို့အနက် အများစုသည် ဤသို့အားဖြင့် လုပ်ငန်းခွင်မှ နှုတ်ထွက်လိုကြခြင်းကြောင့်သာဖြစ်ပေ၏။ သို့သော် အချို့ကမူ ဒေသခံများနှင့် အမှန်တကယ် မေတ္တာမျှခဲ့ကြသည့်အတွက် လက်ထပ်ခဲ့ကြသည်များလည်း ရှိပါသေးသည်။ အကြောင်းအရာများက အမျိုးမျိုးအထွေထွေ ရှိနေစမြဲပါပင်။
မူလကိုယ် ပိုင်ဆိုင်ပါသည့် နှလုံးသားကမူ မူလကိုယ်၏မိသားစုကြောင့် ကြေကွဲပျက်သုဉ်းသွားရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ရန်အတွက် ကုကျန်းနှင့် လက်ထပ်ခဲ့သည်။
ထို့ကြောင့် လက်ထပ်ပြီးသည့်နောက် ကုကျန်းက တပ်ရင်းသို့ အလျင်စလိုပြန်သွားရပြီးသည့်နောက် မူလကိုယ်ချင်လင်လင်သည် လယ်လုပ်ငန်းခွင်မှ မနှုတ်ထွက်ခဲ့သည့်အပြင် ဆက်လက်လုပ်ကိုင်နေခဲ့သည်။ မူလကိုယ်သည် ရှောင်းကူရွာတွင် ငွေကြေးစုဆောင်းနိုင်ရန်အတွက် လယ်လုပ်ငန်းခွင်အပြင် သင့်လျော်သည်မျိုး မရှိပေ။ ထို့အပြင် မူလကိုယ်အတွက် ရုတ်တရက်နီးစပ်လာသော ကုကျန်း၏ မိသားစုနှင့်ပတ်သက်၍လည်း မည်သို့မည်ပုံ ဆက်ဆံပေါင်းသင်းရမည်ကိုလည်း မသိနိုင်သောကြောင့်ဖြစ်ပေသည်။
ယခုအခါ ချင်လင်လင်သည် ဤကမ္ဘာသို့ရောက်ရှိလာပေပြီ။ လယ်လုပ်ငန်းခွင်၌ အလုပ်လုပ်ရသည်က အမှန်တကယ် အဆုံးသတ်သင့်ပေပြီ။ လယ်လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ရသည်ထက် သင်ကြားရေးဆရာမအဖြစ် အလုပ်လုပ်ရသည်က ပိုမိုလွယ်ကူပေသည်။
မည်သို့ပင်ဖြစ်စေ ထိုအရာသည် ပေါ့ပေါ့လျော့လျော့ ယူဆရမည့်အရာမျိုးလည်း မဟုတ်ပေ။ ချင်လင်လင်သည် ချန်းဖုန်းအား ထပ်ပြောလိုက်သည်။ "အစ်မဖုန်း ဒီအကြောင်းကို သေချာစဉ်းစားကြည့်ပါဦး။ ကျွန်မက ကောင်းမွန်တဲ့ဆရာမ တစ်ယောက်ဖြစ်လာပါ့မလားဆိုတာ မသိနိုင်ဘူးလေ။ အရင်ဆုံး ကျွန်မကို စဉ်းစားဖို့အချိန်ပေးပါလား။"
"ကောင်းပါပြီ။" ချန်းဖုန်းက လျင်မြန်စွာ တုံ့ပြန်ဖြေဆိုလေသည်။ "ဘာပဲဖြစ်ဖြစ်ပါလေ ဆရာတုန်ကလည်း မြန်မြန်ဆန်ဆန်ကြီး ထွက်သွားမှာတော့မဟုတ်ပါဘူး။ ရှင့်အနေနဲ့ သူနဲ့ဆက်သွယ်ပြောဆိုကြည့်ဖို့ အချိန် ၂ လလောက်တော့ ရပါသေးတယ်။ ပထမဦးဆုံး ပြင်ဆင်ထားကြည့်လိုက်ပေါ့။ ရှင် အဆင်သင့်ဖြစ်တဲ့အခါ ကျွန်မတို့ကို အကြောင်းကြားလိုက်ပါ။ ကျွန်မတို့က ရှင့်အတွက် စီစဉ်ပေးထားလိုက်ပါ့မယ်။"
"ကောင်းပါပြီ။ ကျွန်မ သေချာစဉ်းစားလိုက်ပါ့မယ်။"
"ကောင်းပါပြီ။ တစ်စုံတစ်ရာ မရှိတော့ဘူးဆိုရင်တော့ ကျွန်မ ပြန်နှင့်လိုက်ပါဦးမယ်။ စဉ်းစားပေးပါဦး။ ကျွန်မကတော့ ရှင်က သင်ကြားရေးမှာ ကောင်းမွန်တယ်လို့ ထင်ပါတယ်။ ကလေးတွေကို သေချာပေါက် ကောင်းကောင်းဂရုစိုက်နိုင်ပါလိမ့်မယ်။"
ချင်လင်လင်သည် ချန်းဖုန်းအား အပြင်သို့လိုက်ပါပို့ဆောင်ပေးသောအခါ လီတနီနှင့် တွေ့ဆုံလေ၏။ လီတနီသည် ချန်းဖုန်းအား မြင်တွေ့သောအခါ အလျင်အမြန် ဘေးဘက်သို့ရှောင်တိမ်းလိုက်ပြီး သူ(မ)နှင့် ထိပ်တိုက်တွေ့ရန် ဆန္ဒမရှိလှပေ။
ချန်းဖုန်းသည်လည်း သူ(မ)၏ယောက္ခမ အန်တီချန်နည်းတူ လီတနီအနေဖြင့် ပေါင်းသင်းဆက်ဆံရသည်မှာ မလွယ်ကူလှပေ။ ထို့အပြင် ချန်းဖုန်း၏ ခင်ပွန်းသည် ရွာတာဝန်ခံခေါင်းဆောင်ဖြစ်သည်။ လီတနီသည် ထိုသူတို့နှင့် ယှဉ်ပြိုင်အချင်းများဖို့ရန် သတ္တိမရှိပါပေ။
ချန်းဖုန်းထွက်သွားပြီးသောအခါ၌ လီတနီသည် ရှောင်ပုန်းနေရာမှ ထွက်လာပြီး ချင်လင်လင်အား ကြည့်လိုက်ပြီး မေးမြန်းလေသည်။ "ဘာလို့ခေါင်းဆောင်ရဲ့ဇနီးက လာတွေ့တာလဲ။"
ချင်လင်လင်သည် သူ(မ)ဘက်သို့လှည့်၍ ပြုံးပြလိုက်ပြီး ပြောပြလေသည်။ "အဲဒါ ရှင်နဲ့ဘာဆိုင်လို့လဲ။"
"ဟမ်… နင်…"
ချင်လင်လင်သည် သင်ကြားရေးဆရာမ အဖြစ်အလုပ်လုပ်ရန် ရည်ရွယ်ထားသည်။ ဆရာမအဖြစ်လုပ်ကိုင်ရသည်နှင့် စွန်းလယ်လုပ်ငန်းခွင်တွင် လုပ်ကိုင်ရသည်က ကွဲပြားခြားနားလှသည့် ကိစ္စတစ်ရပ်စီဖြစ်သည့်အပြင် ထိုလုပ်ငန်းခွင်တွင် သူ(မ) မဆက်ဆံချင်သည့် လူများလည်းရှိနေသေးသည်ပင်ဖြစ်ပါ၏။
သို့သော်လည်း ထိုအကြောင်းအရာသည် သေချာစဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကြီးတစ်ရပ်ဖြစ်ပါ၏။ ချင်လင်လင်သည် မြို့သို့သွားကာ ကုကျန်းထံ ကြေးနန်းစာရေးပို့ဖို့ရန် ဆုံးဖြတ်လိုက်သည်။
ဤတစ်ခေါက် မြို့သို့သွားရာတွင်လည်း ချင်လင်လင်သည် ကုယောင်ကိုခေါ်သွားသည်။ ပထမဦးစွာ သူတို့သည် စာအုပ်ဆိုင်သို့အရင်သွားကြပြီး သူတို့အတွက် အသုံးဝင်သော စာအုပ်အသစ်များ ရှိမရှိ သွားကြည့်ကြသည်။ ထို့နောက် စာပို့ရန်သွားကြသည်။
စစ်တပ်များတွင် ဆက်သွယ်နိုင်သော တယ်လီဖုန်းများရှိပြီး အကြီးပိုင်းအရာရှိများက ဖုန်းပြောဆိုခွင့်ရှိသည်။ ကုကျန်းသည်ပင်လျှင် တယ်လီဖုန်းဆက်သွယ်နိုင်ခွင့်ရှိပါသော်လည်း ယခုအချိန်မျိုးတွင် ကုကျန်းနှင့် တိုက်ရိုက်ပြောဆိုနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် ယခုခေတ်တွင် တယ်လီဖုန်းပြောရန် အခကြေးငွေသည်လည်း ကြောက်ရွံ့ဖွယ်ကောင်းလှအောင် များလှပေသည်။ သို့ဖြစ်ပါ၍ လူအများစုက ကြေးနန်းစာပို့၍သာ ဆက်သွယ်ကြသည်။ ဤသို့သောအားဖြင့်လည်း တစ်ဖက်လူ၏ တုံ့ပြန်မှုအရ အထိုက်အလျောက် မြန်ဆန်ပေသည်။
ကြေးနန်းစာရိုက်ပြီးသည့်နောက် ချင်လင်လင်နှင့် ကုယောင်တို့သည် စာတိုက်ရုံးသို့ သွားကြပြန်သည်။
ကုကျန်းသည် သူ တပ်ရင်းသို့ရောက်သည့်အခါ စာရေးပို့လိုက်မည်ဟု အစောပိုင်းက ပြောခဲ့သေးသည်။ အိမ်တွင် ပြဿနာတစ်စုံတစ်ရာရှိပါကလည်း သူ့ထံသို့စာရေးပို့ရန် မှာကြားခဲ့သေးသည်။ သူ့အနေဖြင့် အတတ်နိုင်ဆုံး မြန်ဆန်စွာ စာပြန်ပါ့မည်ဟု ဆိုခဲ့လေသည်။
သူတို့ စာတိုက်ရုံးသို့ရောက်သည့်အခါ၌ စာအသစ်များက မနေ့ကမှ ရောက်ရှိထားသည်။ ထိုစာစောင်အသစ်များအတွင်း ကုကျန်း၏ စာလည်း ပါဝင်လျက်ရှိသည်။
ကုကျန်း၏စာကိုမြင်သောအခါ ကုယောင်သည် သူ(မ)ဘေးဘက်ရှိ ယောင်းမထက်ပင် ပို၍စိတ်လှုပ်ရှားပျော်ရွှင်နေလေသည်။
"မထင်ထားဘဲ အစ်ကိုရဲ့စာရော ရောက်လာပြီပဲ။ ယောင်းမ နင်နဲ့ငါ့အစ်ကိုနဲ့က တကယ်ကို စိတ်ချင်းဆက်နေကြတာပဲ။"
ချင်လင်လင်သည် နှစ်ကြိမ်ခန့်ရယ်မောလိုက်မိသည်။ "ဒီစကားလုံးက ငါနင့်ကိုသင်ပေးထားတဲ့စကားလုံးမဟုတ်လား။ ဒီစာလုံးကို သုံးတတ်သွားပြီပေါ့။"
"ဟေး… ဒါက ငါ့ယောင်းမက ငါ့ကိုသင်ပေးထားတာကြောင့် မဟုတ်လား။ အစ်ကိုကြီး ဘာတွေရေးထားလဲဆိုတာ ကြည့်ကြရအောင်။"
ချင်လင်လင်သည် စာစောင်အား သူ(မ)ထံ ပေးလိုက်သည်။ "ကိုယ်တိုင်လာကြည့်လေ။"
မည်သို့ပင်ဆိုစေ သူတို့သည် အမှန်တကယ် အကြင်လင်မယားများ မဟုတ်ကြသည့်အတွက် ခံစားချက်က အနည်းငယ် ကသိကအောက်နိုင်နေဆဲဖြစ်ပါ၏။
သို့သော်လည်း ကုယောင်က သူ(မ)အား မတုံ့ပြန်ဘဲ အလျင်အမြန် လက်ယမ်းပြလိုက်သည်။ "ဟင့်အင်း ယောင်းမ ကိုယ်တိုင်ဖွင့်ဖတ်ပါ။ အစ်ကိုကြီးက အများကြီးပညာတတ်တော့ ငါမဖတ်တတ်တဲ့စာလုံးတွေအများကြီးနဲ့ ရေးထားလိမ့်မယ်။"
ချင်လင်လင်သည် စာစောင်အား အိမ်သို့ပြန်ယူသွားပြီးမှ ဖွင့်ဖတ်ရန်ရည်ရွယ်ထားပါသော်လည်း ယောင်းမငယ်လေးက အင်မတန်စိတ်လှုပ်ရှားပျော်ရွှင်နေသည်ကို မြင်တွေ့ရသောအခါ ယခုချက်ချင်း ဖွင့်ဖတ်ပေးလိုက်ဖို့ရုံသာ တတ်နိုင်ပါတော့၏။
ကုကျန်း၏ လက်ရေးလက်သားက အင်မတန် ကြည့်ကောင်းလှပပေသည်။ စာလုံးတိုင်းသည် ထက်မြက်ကာ သေသပ်ပြီး အနုပညာဆန်လှပေသည်။ ချင်လင်လင်သည်ပင် မနေနိုင်ဘဲ သူ့လက်ရေးအား အားကျနေမိလေသည်။
စာနိဒါန်းပိုင်းတွင် ကုကျန်းသည် တပ်ရင်းအတွင်း၌ အဆင်ပြေပါကြောင်း ပြောပြထား၏။ ထို့နောက် မကြာသေးမီက သူကြုံတွေ့ရသော အကြောင်းအရာများအား အရိုးရှင်းဆုံးနည်းအားဖြင့် ပြောပြထားသည်။ ပြီးနောက် ချင်လင်လင်အား အိမ်တွင် မည်သို့အခြေအနေရှိနေပါကြောင်း မေးမြန်းပြောဆိုလေသည်။ အိမ်၏အခြေအနေအား ရှင်းပြထားချက်အများအပြားနှင့် မည်သို့မည်ပုံ ဆက်ဆံကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများလည်း အကြံပေးရေးထားသေး၏။ ထို့နောက် ညီမလေး ကုယောင်၏ အခြေအနေနှင့်တကွ စာလေ့လာသင်ယူမှုရှိမရှိအား မေးမြန်းလေသည်။ ကုကျန်း၏ စကားလုံးတိုင်း စာကြောင်းတိုင်းသည် မိသားစုအား ဂရုစိုက်မှုများ လွှမ်းခြုံရစ်သိုင်းလျက်ရှိိနေပါ၏။
ကုယောင်သည် စာကိုဖတ်ပြီးသည့်နောက် အတော်ကလေး နားလည်ပေရာ နှလုံးသားအတွင်း နွေးထွေးသွားရသည်။ "အစ်ကိုကြီးက မိသားစုကို ဒီလိုစာအရှည်ကြီးမျိုး ရေးမပို့တော့တာ တော်တော်ကြာပြီ။ သူ တပ်ရင်းကိုသွားတဲ့အချိန်တိုင်း အေးအေးချမ်းချမ်းနေကြပါဆိုတဲ့ စာကြောင်းပဲ ပြောခဲ့တယ်။ သူထွက်သွားတဲ့အချိန်တိုင်း အိမ်ကိုထပ်ပြီးပြန်မလာတော့သလို အမြဲတမ်းခံစားခဲ့ရတယ်။ ငါကတော့ သူပြန်လာတဲ့အချိန်အထိ အိမ်မှာပဲ တိတ်တဆိတ် စောင့်နေရုံပဲ တတ်နိုင်ခဲ့တယ်။"
ကုယောင်သည် စကားပြောနေရင်းဖြင့် မထိန်းနိုင်စွာ ငိုနေမိသည်။ မျက်ရည်များအား လက်ဖြင့် ပွတ်သပ်သုတ်သင်လိုက်ရင်းဖြင့် အစ်ကိုကြီးသည် ယောင်းမဖြစ်သူရှိလာပြီးနောက်ပိုင်း မိသားစုအား ပိုမိုဂရုစိုက်အလေးထားလာကြောင်း ခံစားမိလေသည်။
ထိုသို့စဉ်းစားမိသည်နှင့်အညီ သူ(မ)၏ အစ်ကိုကြီးက ယောင်းမအား အင်မတန်ချစ်မြန်နိုးသည်ဖြစ်ရမည်ဟု တွေးတောမိလေသည်။
ချင်လင်လင်သည် ကုယောင်၏အခြေအနေကိုမြင်သောအခါ ကျောပြင်အား ပုတ်ပေးရင်း နှစ်သိမ့်ပေးရုံသာ တတ်နိုင်၏။ "ဝမ်းမနည်းပါနဲ့။ အခုလို စာအရှည်ကြီးရေးတော့ ကောင်းတာပေါ့ မဟုတ်ဘူးလား။"
ကုယောင်သည် ခေါင်းညိတ်ရင်းဖြင့် ငိုနေရင်း အပြုံးလေးအား ဖျစ်ညှစ်ကာ ပြုံးပြလိုလှသည်။ ဤသို့အားဖြင့် ငိုနေသည်ဟု မဆိုနိုင်ပါတော့သော်လည်း ပြုံးပျော်နေသည့်ဟန်လည်း ဖြစ်မနေပြန်ပါချေ။
ချင်လင်လင်သည် စိတ်မသက်မသာဖြစ်သွားရပြီး "ဟုတ်ပါပြီ။ ကိုယ်ကိုယ်ကို ညှဉ်းပန်းမနေပါနဲ့တော့။ ငိုချင်ရင်ငိုချလိုက်ပြီး ပြုံးချင်ရင် စိတ်ကြိုက်ပြုံးလိုက်ပါ။"
ကုယောင် စိတ်ငြိမ်သွားသည့်အခါ၌ နှစ်ဦးသား အိမ်ပြန်လာကြသည်။
အပြန်လမ်းတွင် ကုယောင်သည် အဝေးရောက်နေသည့် အစ်ကိုကြီးအကြောင်းအား ပြောဆိုနေလေတော့သည်။ "ယောင်းမ အစ်ကိုကြီးက အရမ်းကောင်းတဲ့ အမျိုးသားတစ်ယောက်ပါ။ သူက ငါ့ရဲ့အစ်ကိုရင်းမဟုတ်တာတောင်မှ ငါ့အတွက်တော့ အစ်ကိုရင်းတစ်ယောက်ပါပဲ။"
"အင်း"
"နင် မသိသေးတာရှိသေးတယ်။ အစ်ကိုကြီးက လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းအများကြီးရှိတယ်။ သူ ငယ်ငယ်တုန်းကဆို ဉာဏ်ကောင်းပြီး စဉ်းစားချင့်ချိန်တတ်တယ်။ ငယ်ငယ်တုန်းက မကြာခဏ အဖေနဲ့လိုက်သွားပြီး အလုပ်လုပ်ရလေ့ရှိပြီး ကျောင်းမသွားရဘူး။ ဒါပေမဲ့ ကျောင်းတက်နေတဲ့သူတွေထက်တောင် သူရဲ့လေ့လာမှုက ပိုတော်သေးတယ်။ သူအရွယ်ရောက်လာတော့ အလယ်တန်းကျောင်းကို ၂ နှစ်လောက်သွားတက်ခဲ့တယ်။ အလယ်တန်းပြီးတော့ ရွာမှာ တပ်ရင်းအတွက် လူခေါ်တဲ့အခါ အစ်ကိုရော ပါဝင်ခဲ့တယ်လေ။ စစ်သင်တန်းအတွက် အရွေးခံရပြီးတဲ့နောက်တော့ သူလည်း စစ်သားတစ်ယောက်ဖြစ်သွားတော့တာပဲ။ ဒီနှစ်တွေအတွင်းမှာ သူက မိသားစုရဲ့အပြင်လူဖြစ်နေခဲ့တာ အရမ်းကြာနေပြီ။ သူဘာတွေလုပ်နေလဲဆိုတာကို ငါ မသိနိုင်တော့တာ အချိန်တွေကြာခဲ့ပြီ။ ဒါပေမဲ့ ငါသေချာသိတာကတော့ အစ်ကိုကြီးက မိသားစုကိုစောင့်ရှောက်ဖို့ အလုပ်ကြိုးစားနေတယ်ဆိုတာပဲ။ သူ အိမ်ကနေထွက်သွားတဲ့အချိန်တိုင်း အိမ်ပြန်မလာနိုင်တော့မှာကို ငါစိုးရိမ်ခဲ့ရတယ်။ ငါ့အမေဆုံးသွားတော့ အဖေက ဝမ်းနည်းစိတ်မကောင်းတာမျိုး မရှိခဲ့ဘူး။ ငါ့အစ်ကိုကြီးတစ်ယောက်တည်းကပဲ ငါ့ကို တကယ် ချစ်ပေးတဲ့သူပါ…"
ကုယောင်သည် စကားအများအပြားပြောရင်းဖြင့် မျက်ရည်စများအား သုတ်နေလေသည်။
ချင်လင်လင်သည် သူ(မ)၏စကားများအား အလေးအနက်ထား နားထောင်နေလျက် အရှေ့ဘက်တွင် စက်ဘီးနင်းနေလေသည်။
ချင်လင်လင်သည် မူရင်းစာအုပ်အားဖတ်ပြီးခဲ့ပါသော်လည်း ထိုသူတို့၏ အကြောင်းအရာအသေးစိတ်ကိုမူ မသိနိုင်ခဲ့ပါချေ။ သူ(မ)၏ သေဆုံးသွားရမည်ဖြစ်သော ခင်ပွန်းဖြစ်သူ၏အကြောင်းအား ယခုမှ ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်ပေသည်။
အစောပိုင်းတွင် ချင်လင်လင်သည် ကုကျန်းက စစ်တပ်သို့ ရိုးရှင်းစွာဖြင့် ဝင်ရောက်ခဲ့ခြင်းမျိုးသာဟု ထင်ခဲ့မိသည်။ သို့သော် ကုယောင်မှတစ်ဆင့် သူ၏အကြောင်းအရာများစွာအား ကြားသိရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ကြေးနန်းစာက ယခုထိတိုင် ပြန်စာမရသေးပေ။ အနီးအနားရှိရွာမှ မူလတန်းကျောင်းတွင် ဆရာမအဖြစ် လုပ်ကိုင်ရန် ချင်လင်လင်အား ကမ်းလှမ်းသည့်အကြောင်းက စွန်းလယ်လုပ်ငန်းခွင်တွင် ပျံ့နှံ့သွားလေပြီဖြစ်သည်။
ချင်လင်လင်သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ လူအများအား ဖုံးကွယ်ထားခြင်းမရှိပေ။ သူ(မ)သည် ဒါရိုက်တာလျိုနှင့် ပြောဆိုဆွေးနွေးပြီးနောက် လုပ်ငန်းခွင်မှ နှုတ်ထွက်ပြီးလျှင် အိမ်ပြန်နေကာ ဆရာမအဖြစ်လုပ်ကိုင်တော့ရန် ကြံရွယ်ထားသည်။
ထိုသို့သော သတင်းကောင်းအား ကြားသိပြီးနောက် ဒါရိုက်တာလျိုသည် ချင်လင်လင်အတွက် ဝမ်းမြောက်သွားမိသည်။ "ကောင်းပြီ။ မင်း ဘယ်အချိန် နှုတ်ထွက်မလဲ။"
"ကျွန်မ အခုထိတော့ မစဉ်းစားရသေးဘူး။ နောက်ရက်ပိုင်းအတွင်း ကျွန်မ လယ်လုပ်ငန်းခွင်အတွင်းမှာ လုပ်စရာတွေများနေလိမ့်မယ်။ ပြီးရင် ကျွန်မ အိမ်ပြန်ပြီး ပြင်ဆင်လိုက်ပါ့မယ်။"
"ကောင်းပြီ။ အချိန်ကျရင် လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို ငါပြင်ဆင်ထားပေးမယ်။ ပြီးရင် မင်း လယ်လုပ်ငန်းခွင်မှာ နောက်ထပ်အလုပ်လုပ်စရာမလိုတော့ဘူး။"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလျို။"
ဖုရှောင်ယွဲ့သည် ထိုသတင်းအားကြားသိပြီးသည့်နောက် ချင်လင်လင်အတွက် ဝမ်းမြောက်မိပြီးလျှင် တစ်ချိန်တည်းမှာပင် သူ(မ)ကိုယ်တိုင်အတွက်တွေးမိကာ ဝမ်းနည်းမိလေသည်။
"နင်ထွက်သွားပြီးရင်း ငါနင်နဲ့ထပ်တွေ့နိုင်ဖို့ ခက်ခဲတော့မှာပဲ။" ဖုရှောင်ယွဲ့သည် ချင်လင်လင်၏ လက်အားကိုင်ရင်းဖြင့် စိတ်ဖိစီးနေလေသည်။
ချင်လင်လင်သည် ပြုံးလျက်ပြော၏။ "နင်အချိန်ရရင် ငါ့ဆီလာလည်လို့ရတယ်။ ငါလည်း နင့်ဆီ လာလည်မယ်လေ။"
ပုံမှန်အားဖြင့် ပညာတတ်အမျိုးသမီးငယ်တို့သည် ဒေသခံတို့နှင့် လက်ထပ်၍ လယ်လုပ်ငန်းခွင်မှ နှုတ်ထွက်၍ရနိုင်ပါသော်လည်း ပညာတတ်အမျိုးသမီးတို့သည် တောင်တန်းကျေးလက်အရပ်ရှိ ဒေသခံအမျိုးသားများအပေါ် အထင်သေးကြလေ့ရှိသည်။ သူတို့သည် မြို့ပြတွင် နေထိုင်ခဲ့ကြသူများဖြစ်သည့်အလျောက် ကျေးလက်တွင် တစ်ဘဝလုံးစာ အခြေချနေထိုင်လိုစိတ်မရှိကြပေ။ တစ်နေ့တွင် မြို့ပြသို့ပြန်နိုင်ရန်သာ မျှော်လင့်ကြပါ၏။ မြို့ပြတွင်နေထိုင်ရင်းဖြင့် ဘဝကို သက်သောင့်သက်သာရှိစွာ ခံစားလိုလှသည်။
သို့သော်လည်း ယခုအခါ များစွာသော ပညာတတ်လူငယ်တို့သည် မြို့ပြသို့မပြန်နိုင်ကြပေ။ မည်သည့်အချိန်တွင် ပြန်နိုင်ကြမည်လဲဆိုသည်ကိုလည်း မသိနိုင်ကြပေ။ သို့ဖြစ်ပါ၍ ချင်လင်လင်သည် လယ်လုပ်ငန်းခွင်မှ နှုတ်ထွက်ပြီး ဆရာမအဖြစ် လုပ်ကိုင်တော့မည်ကို ကြားသိကြသောအခါ သဘာဝကျစွာပင် အားကျမနာလို ဖြစ်မိကြသည်။ ထိုလူများတွင် ကျန်းဟွေရှန်းနှင့် လင်းချီချီတို့လည်း အပါအဝင်ဖြစ်ပေ၏။
_*****_
![](https://img.wattpad.com/cover/371795554-288-k367696.jpg)
YOU ARE READING
နိုဗယ်ထဲရောက်သွားတယ်
Fantasyဇာတ်လမ်းအကျဉ်း ချင်လင်လင်သည် သူ နိုးထလာပြီးနောက် သူ့ကိုယ့်သူ စာအုပ်တွင်းသို့ ကူးပြောင်းသွားပြီး၊ ခင်ပွန်းဖြစ်သူက သေဆုံးသွားကာ သူ့အားဂရုမစိုက်သော ဖခင်နှင့် သူ့အား မချစ်ခင်သော မိထွေးတို့ရှိသည့် အမျိုးသမီးပညာတတ်လူငယ်တစ်ယောက် ဖြစ်လာကြောင်း သိရှိလိုက်ရသည...