Chapter 14

1.4K 129 0
                                    

အခန်း ၁၄ - အိမ်ပြန်ခြင်း

လီကျန်းယဲ့သည် အခြားသော ပညာတတ်လူငယ်များ၏ ခေါ်ဆောင်ရာနောက်သို့ ပါသွားလေပြီဖြစ်သည်။ သူသည် တစ်လမ်းလုံးတွင် အော်ဟစ်သောင်းကျန်းကာ သူ့အမှားသူ သိပြီဖြစ်ကြောင်း အသနားခံနေသေးသော်လည်း မည်သူကမျှ သူ့အား အာရုံမစိုက်ကြတော့ပါပေ။

ပညာတတ်လူငယ်အများအပြားသည် လုပ်ငန်းခွင်ထဲသို့ မဆင်းကြသေးပေ။ သူတို့သည် ခေါင်းဆောင်များရုံးနှင့် မလှမ်းမကမ်းနေရာတွင် စုရုံးနေကြလျက် အရှက်ရဖွယ်အနေအထားဖြင့် ဆွဲထုတ်ခြင်းခံလိုက်ရသည့် လီကျန်းယဲ့အား ကြည့်ရှုနေကြလေသည်။

ထို့နောက် ဒါရိုက်တာလျိုနှင့်အတူ ကုကျန်းနှင့် ချင်လင်လင်ပါ ထွက်ခွာသွားကြလေသည်။ မန်နေဂျာကျန်းက အချိန်မပေးနိုင်လေရာ ဒါရိုက်တာလျိုက နောက်ဆက်တွဲကိစ္စများအား လိုက်လံဆောင်ရွက်ပေးရခြင်းဖြစ်ပေသည်။

ရဲဌာနမှ ပြန်လာကြပြီးသည့်နောက်တွင် နေလုံးက အနောက်အရပ်သို့ မေးတင်နေလေပြီဖြစ်သည်။

ဒါရိုက်တာလျိုသည် သူတစ်ကိုယ်တည်း စက်ဘီးစီးလာခြင်းဖြစ်သည်။ အကြင်လင်မယားစုံတွဲက စက်ဘီးမပါသည်ကို မြင်တွေ့ရရာ သူတို့နှစ်ဦးအနားသို့ စက်ဘီးအား တွန်းလိုက်လေသည်။ "မင်းတို့နှစ်ယောက် ဒီစက်ဘီးစီးပြီး ပြန်သွားကြ။"

"ဒါဆို ရှင်က ဘယ်လိုလုပ်မှာလဲ ဒါရိုက်တာလျို။"

ဒါရိုက်တာလျိုက ဘေးနားရှိ အခြားတစ်စီးအား လက်ညွှန်ပြလေသည်။ "ဒီတစ်စီးကို ငါ ပြန်စီးသွားလို့ရတယ်။ ရှောင်ဝမ်လာတဲ့အခါ ဒီစက်ဘီးကို သူ့ကိုပေးထားပြီး သူပြန်ရင် တစ်ခါတည်း ယူသွားလိုက်လို့ရတယ်။"

အကယ်၍သာ ချင်လင်လင်တစ်ဦးတည်းဆိုလျှင် လယ်ယာလုပ်ငန်းခွင်သို့ပြန်ရန် သူ့အားစက်ဘီးနောက်တွင် တင်၍ ခေါ်သွား၍ ရပေသည်။ သို့သော် ကုကျန်းရော ပါနေသည်ဖြစ်ရာ ဤသို့သောနည်းဖြင့်သာ ကူညီနိုင်ပေသည်။

ဒါရိုက်တာလျိုသည် အင်မတန်ဂရုတစိုက်ရှိတတ်လှသောကြောင့် ချင်လင်လင်က သူ့အား အထပ်ထပ် ကျေးဇူးတင်နေမိတော့သည်။

နိုဗယ်ထဲရောက်သွားတယ်Where stories live. Discover now