《Zawgyi》
1.7[တုယန့်ဘဝ]
ခန္ဓာကိုယ်ကို စစ်ဆေးတဲ့ ရလဒ်က ဘာပြဿနာမှ မရှိပဲ နဂိုကထက်ပင် ကျန်းမာကြံ့ခိုင်လာပါ သေးသည်တဲ့။ ယွင်ခယ်ကတော့ ထိုစစ်ဆေးမှု ရလဒ်အား မျက်မှောင်ကုပ်လျက် အကြာကြီး စိုက်ကြည့်နေကာ သင်္ကာမကင်း ဖြစ်နေတာလည်း မပျောက်သေးချေ။ အဲဒါကြောင့်မလို့ ကောင်ငယ်လေးကိုဆွဲကာ တခြားဆေးရုံတစ်ခုသို့ ခေါ်သွားပြီး နောက်ထပ် ထပ်စစ်ဆေးစေသည်။ ရလဒ်ကတော့ ထပ်ပြီးတော့ ပုံမှန်ပဲပေါ့။
ရက်တွေ နည်းနည်းကြာလာပြီးနောက် ယဲ့ကျစ်ကျိုးက ယွင်ခယ်ရဲ့အာရုံစိုက်မှုအား အမြဲတမ်း အပြည့်အဝ ရရှိလာခဲ့သည်။ ထမင်းစားကြတိုင်း သူ့ကို ပုံမှန်စားနေကြထက် ထမင်းပန်းကန်တစ်ဝက်ကို အမြဲ ပိုစားခိုင်းခံရလေ၏။
ဝိတ်ကျတဲ့နှုန်းက မယုံနိုင်စရာ ကောင်းလောက်အောင်ကို မြန်ဆန်လွန်းလှသည်။ သို့သော် ထိုသို့ ရုတ်တရက် ဝိတ်ကျခြင်းကြောင့် ဘာဆိုးကျိုးမှလည်း မရှိပေ။
တစ်လလောက်အကြာမှာတော့ လူတစ်ယောက်မှာရှိသင့်တဲ့ ပုံမှန် အလေးချိန်ကို ရောက်သွားတော့၏။ သူဟာ သွယ်လျလျနှင့် လှပသော ကောင်လေးတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခန္ဓာကိုယ် ပြောင်းလဲသွားပြီးတော့ အန်ကယ်ဖူက သူ့အတွက် ခန္ဓာကိုယ် အရွယ်အစားနှင့် ကိုက်ညီတဲ့ အဝတ်အစား အသစ်တွေ ပြန်ပြင်ဆင်ပေးခဲ့သည်။ သူက မှန်ရှေ့မှာရပ်လျက် လက်ရှိပုံစံကိုကြည့်ရင်း နှုတ်ခမ်းက အထက်သို့ တွန့်ကွေးသွားသည်။ နီရဲရဲ နှုတ်ခမ်းအစုံ ... ဖြူဖွေးဖွေး သွားတန်းတွေ ...မက်မွန်သီးသဏ္ဌာန် မျက်ဝန်း .. ဖြူဖွေးနူးညံ့နေတဲ့ အသားအရေနဲ့ ရှည်သွယ်သွယ် လက်ချောင်းတွေ ..... တကယ်ကို မိန်းကလေး တစ်ယောက်နဲ့ တူနေ၏။ သူ့မျက်ခုံးက ထူတန်းနေတာတော့ တော်တော် ကံကောင်းသွားပြီး မျက်နှာကျက သိသိသာသာကို ယောက်ျားလေး တစ်ယောက်နှင့် တူသွားသည်။ မဟုတ်လို့ကတော့ ......
အချိန်တိုင်း ယွင်ခယ်က သူ့အား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်တတ်တာကို သတိရမိသွားတော့ သူ့မျက်နှာကို မော့ကြည့်ရင်းမှ ဟိုဖက်ဒီဘက် လှည့်ကြည့်လိုက်ရင်း နဖူးထက်မှာ ချထားသည့် ဆံပင်တို့အား ကိုင်ကြည့်လိုက်သည်။ "တစ်လက်မ နှစ်လက်မလောက် ညှပ်ပစ်ရမယ်"
သူ့ရဲ့ အရင်ဘဝက ယောက်ျားပီသခန့်ညားပြီး ယုံကြည်မှုရှိတဲ့ ပုံစံကို ပြန်တွေးကြည့်မိသွားသည်။ အခုကျတော့ရော ...... သူ တကယ်ကို ငိုချင်သွားသည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》