Chapter 545

1.1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-4

(ပွဲတစ်ခုကျင်းပ၍ သင်ခန်းစာပို့ချခြင်း)

"ချောင်မိသားစုရဲ့ လက်ဆောင်ကြီးက တော်တော်ကြီးမားနေတယ်….." ယီယွမ်က ချောင်ကျန်းကိုကြည့်၍ အပြုံးတစ်ဝက်ဖြင့် ပြောဆိုလိုက်၏။

ချောင်ကျန်း၏ နှုတ်ခမ်းများက တွန့်သွားခဲ့သော်လည်း သူက အပြုံးတစ်ခုကို ကြိုးစားလုပ်ယူပြီး ပြောခဲ့သည်။ "ညီငယ်လေးယီက တော်တော်ကြင်နာတာပဲ… မင်းအဖေရဲ့ လက်ထပ်ဧည့်ခံပွဲမှာ ဝူဖန့်မြို့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ငါတို့ချောင်မိသားစုကလည်း တန်ဖိုးရှိတဲ့ အရာတစ်ခုကို ပြင်ဆင်ပေးရမယ်လေ….."

ယီယွမ်က ခေါင်းကိုအသာညိတ်၍ စက္ကူလိပ်ကို ရှုကျိဟွေထံသို့ ပေး၍ပြောဆိုလိုက်သည်။ "အစ်ကိုကျိဟွေ… ကျွန်တော်က ချောင်မိသားစုရဲ့ ဒီလက်ဆောင်ကြီးအတွက် ဘာလုပ်ရမလဲ မစဉ်းစားချင်ဘူး… ခင်ဗျားရဲ့ သခင်ကို ချက်ချင်းသွားပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်….."

ရှုကျိဟွေက သူတို့နှစ်ယောက်၏ စကားများကို နားထောင်ပြီး အလွန်ခေါင်းရှုပ်နေခဲ့၏။

ချောင်ကျန်းပေးအပ်ခဲ့သောအရာက စာချုပ်တစ်ခုဖြစ်ပုံရပေသည်။

ချောင်မိသားစုက မြို့ပိုင်အရှင်သခင်ဂေဟာကို စီးပွားရေးလုပ်ငန်းတစ်ခု ပေးအပ်ခဲ့တာများ ဖြစ်နေမလား…..

ထိုသို့သော လက်ဆောင်တစ်ခုက ရိုးရှင်းသည်ဟူ၍ ပြောမရနိုင်ပေ။

သူက ယီယွမ်၏ လက်ထဲမှ စာချုပ်ကို ဇဝေဇဝါဖြင့် ယူလိုက်ပြီးနောက် တစ်ချက်ကြည့်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အလိုအလျောက် တုန်ယင်သွားခဲ့ပြီး စက္ကူလိပ်ကို လွှင့်ပစ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ရှုကျိဟွေက ချောင်ကျန်းကို တစ်ချက်ကြည့်ပြီး ယီယွမ်ကို ပြန်ကြည့်လိုက်၏။ သူ၏စိတ်ထဲမှ အံ့အားသင့်တုန်လှုပ်မှုက အနည်းငယ်မျှသာ မဟုတ်ခဲ့ပေ။

သူ၏လက်ထဲမှအရာက အမှန်တကယ်ပင် စာချုပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ဤစာချုပ်က ချောင်မိသားစုထံမှ သာမန်စီးပွားရေးအချို့ မဟုတ်ခဲ့ဘဲ မြောက်ပိုင်းကုန်းမြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားသည့် ထက်မြက်သောကျောက်စိမ်းဂေဟာ ပိုင်ဆိုင်မှုဖြစ်နေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now