ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(40)
Chapter-9
(အခန်းထဲတွင် မုန်တိုင်းထန်လာခြင်း)
ချောင်ဖန့်က ချက်ချင်းပင် လွင့်စင်သွားခဲ့၏။ သူက တွားသွား၍ ထလာချိန်တွင် သူ၏မျက်နှာတစ်ဝက်က ဝက်ခေါင်းတစ်ခုကဲ့သို့ ဖူးယောင်ဖောင်းကားနေခဲ့ပြီ ဖြစ်သည်။
ယီယွမ်က ဤမြင်ကွင်းကို အေးစက်သော အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့ပြီး သူ၏စိတ်ထဲ၌ အလွန်အထင်သေးနေခဲ့၏။
ထိုရိုက်ချက်က ကြည့်လိုက်လျှင် အလွန်ပြင်းထန်ပုံရပေသည်။ အမှန်တကယ်တွင် ထိုရိုက်ချက်၌ သဘာဝစွမ်းအင် လုံးဝမပါရှိပေ။ ချောင်ကျန်းက ခန္ဓာကိုယ်အင်အား သက်သက်ကိုသာ အသုံးပြုခဲ့၏။
သို့ဖြစ်၍ ချောင်ဖန့်၏ မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း ထိုအရာက အပေါ်ယံဒဏ်ရာများသာ ဖြစ်သည်။
အမှန်တကယ်တွင် ယီယွမ်ကသာ ထိုအရာကို မြင်တွေ့ခဲ့ခြင်းမဟုတ်ဘဲ အခြားပုဂ္ဂိုလ်ကြီးများကလည်း ထိုအဖြစ်အပျက်ကို ကောင်းစွာသိရှိပေ၏။
သို့ရာတွင် ယခုအချိန်၌ ထိုကိစ္စကို ဖော်ထုတ်ပြောဆိုရန် မည်သူမှ ရှေ့တက်မလာခဲ့ပေ။
"အဖိုး… ကျွန်တော်….."
ချောင်ဖန့်က သူ၏မျက်နှာကိုအုပ်၍ စကားပြောဆိုတော့မည့်အချိန်၌ ချောင်ကျန်းက စကားဖြတ်ပြောလိုက်သည်။ "မင်းက ဖမ်းဆီထားတဲ့လူကို မြန်မြန်ပြန်လွှတ်ပြီးတော့ ဘာလို့ ညီငယ်လေးယီကို မတောင်းပန်သေးတာလဲ… ကောင်းကင်ဘုံမိစ္ဆာအဖွဲ့ကိစ္စကို မြို့ပိုင်အရှင်သခင်က ဘာမှမပြောဘူး… မင်းက အခြားသူတွေရဲ့ကိစ္စကို ဝင်ပြီးပတ်သက်ဖို့ လိုအပ်လို့လား… ပြန်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်စမ်း… နောက်တစ်ခါ ငါ့ကိုဒုက္ခလာမပေးရင် အကောင်းဆုံးပဲ… ဒီလိုမှမဟုတ်ရင် ငါမင်းကိုအသေသတ်မယ်….."
ရန်တုံနှင့်အတူတူပင် ချောင်ဖန့်က ချောင်ကျန်း၏ ကာကွယ်ပေးမှုအောက်၌ ကြီးပြင်းလာခဲ့ခြင်းဖြစ်၏။ ချောင်ကျန်းက သူ့ကို ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမှ မရိုက်နှက်ခဲ့ပေ။ ဤအရာက ချောင်ဖန့်ကို အလွန်မှားယွင်းနေသည်ဟု ခံစားစေခဲ့ရသည်။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...