Chapter 437 လူတစ်ယောက်ကို အခြားသူများနှင့် အမြဲ ယှဉ်နေခြင်းက ထိုလူအား မခံမရပ်နိုင် ဖြစ်လာစေတယ်
ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် ဧရာမ လိပ်ကြီးကို ကြည့်ပြီး သူမတို့မျက်နှာတွင် ကြောက်စိတ်တို့ ဖုံးလွှမ်းလာ၏။ ထိုအခိုက်တွင် သူမတို့ ချီတုံချတုံ ဖြစ်နေကြလေသည်။
မိန်းကလေး နှစ်ယောက်လုံးသည် ထိုမျှလောက်နှင့် တင်းတိမ်ရောင့်ရဲတတ်သူ မဟုတ်ပေ။ သူမတို့ ကြောက်နေ သော်လည်း သူမတို့ မျက်လုံးများက စိတ်အားထက်သန်စွာ တောက်ပနေပြီး ရှုပ်ထွေးသော ခံစားချက်တို့ ခံစားနေရသည်။
"မင်းတို့ နှစ်ယောက်က အားသိပ်ရှိမဲ့ပုံ မပေါ်ပါဘူး၊ တက်လေ"
ရဲ့လင်းချန် မနေနိုင်ဘဲ ပြောလိုက်သည်။ သူက ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ကို ဧရာမ လိပ်ကြီး၏ ကျောပေါ်သို့ ဆွဲတင်လိုက်သည်။
အမျိုးသမီး နှစ်ယောက်၏ စိတ်ခံစားချက် ပြောင်းလဲမှုက ကြီးမားလွန်းလှသည်။ အစောပိုင်းက သူမတို့ မျက်လုံး ပေါက်ထွက်မတတ် ငိုခဲ့ကြသည်။ သူမတို့၏ မျက်နှာ အမူအရာက အနည်းငယ် ဖြူရော်ပြီး အနည်းငယ် အားနည်း နေပုံ ပေါ်သည်။
ဧရာမ လိပ်ကြီးတောင်မှ သူတို့ တက်ရ အဆင်ပြေစေရန် အလိုလို အောက်သို့ ငုံ့ပေးလေသည်။
မိန်းကလေး နှစ်ယောက်သည် ၎င်း၏ လိပ်ခွံပေါ်သို့ ခြေချလိုက်သည်နှင့် အနည်းငယ် စိုးရိမ်နေကြသည်။ သူမတို့ အလိုလို ဘေးဘီကို ကြည့်မိကြပြီးနောက် ပြုတ်ကျမည်စိုး၍ စိုးရိမ်စွာ ထိုင်ချလိုက်သည်။
ကံကောင်းသည်က ဧရာမ လိပ်အိုကြီး၏ ကျောပြင်က ကျယ်ပြန့်၍ ကြီးမားကာ အတော်လေး ပြားချပ်ချပ် ရှိနေခြင်းပင်။ လူသုံးယောက် ထိုင်နေ၍လည်း လုံးဝ ကျပ်မနေပါ။ ထို့အပြင် သူတို့သည် အပေါ်စီးမှ အောက်ကို ကြည့်လို့ရသဖြင့် မြင်ကွင်းက ပိုကျယ်နေသည်။ ယင်းက သူတို့ တောင်ပေါ်တက်၍ အဝေးသို့ လှမ်းကြည့်နေ ရသလို ခံစားလိုက်ရသည်။
"သေချာထိုင်၊ သွားကြစို့"
ရဲ့လင်းချန် အမိန့်ပေးလိုက်ပြီးနောက် ဧရာမ လိပ်ကြီးသည် ပြန်ထ၍ အရှေ့သို့ တွားသွား လျှောက်သွားလေသည်။
လိပ်က မမြန်ပါ။ သို့သော် ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် ၎င်း၏ ခြေတစ်လှမ်းက သာမန်လူ တစ်ယောက် ခြေလှမ်းများစွာ လှမ်းသည်နှင့် ညီမျှပြီး အရှိန်ကလည်း သုံးဆ ပိုမြန်လေသည်။
ရိုက်ကူးရေး အဖွဲ့မှ လူတိုင်းသည် ဧရာမ လိပ်ကြီးကို ဝန်းရံ၍ သူတို့၏ အပြန်ခရီးကို အတူတူ ဆက်ကြသည်။
"ဝိုး ... မိုက်လိုက်တာ"
မိန်းကလေး နှစ်ယောက်သည် မကြာခင်မှာပင် အသားကျသွားလေသည်။ သူတို့၏ အစက စိုးရိမ်နေမှုသည် စူးစမ်းချင်စိတ်နှင့် ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့သည် လိပ်၏ ကျောပေါ်၌ စတင်၍ စမ်းတဝါးဝါး လုပ်လာကြပြီး ဘေးပတ်ဝန်းကျင် ရှုခင်းနှင့်အတူ အေးမြသော လေညင်းကို ခံစားနေကြသည်။
အောင်မြင်သော ခံစားချက်နှင့် သက်တောင့်သက်သာ စီးနိုင်သည့် စီးတော်ယာဉ် ရှိခြင်းက လူတိုင်း၏ အိပ်မက်ပင်။
[အား...အား...အား... ငါ ရှောင်ရင်နဲ့ ဟူယွဲ့အာကို သိပ်အားကျတာပဲ၊ ရဲ့နတ်ဘုရား ကျေးဇူးပြုပြီး ငါ့ကိုလည်း ခေါ်သွားပါ]
[ရဲ့နတ်ဘုရားက တော်တော် အံ့ဩဖို့ ကောင်းတာပဲ၊ သူ တကယ် ဧရာမ လိပ်ကြီးကို ယဉ်ပါးအောင် လုပ်နိုင်တယ်၊ ဝိုး ဝိုး ဝိုး ... သူက နတ်ဘုရားပဲ]
[လိပ်အိုကြီးက သူ့ကို ရဲ့နတ်ဘုရား ကယ်ခဲ့တာမို့လို့ လူတွေကို တအား ရင်းနှိးနေတာ ဖြစ်မယ်၊ ဒါက အနက်ရောင် စစ်သည်တော် ဖြစ်ကိုဖြစ်ရမယ်]
[ဒီလောက်ကြီးတဲ့ ဧရာမ လိပ်ကြီးကို မကြားဖူးပါဘူးလို့ ငါလည်း စဉ်းစားနေတာ၊ ဒါက တကယ်ကို ငါတို့ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီလာ သားရဲ အနက်ရောင် စစ်သည်တော် ဖြစ်လောက်တယ်]
[အနက်ရောင် စစ်သည်တော် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ အဓိကက အဲ့ဒါက တော်တော် မင်္ဂလာ ရှိတာ၊ ငါ တကယ် အနီးကပ် ထိကြည့်ချင်တယ်]
[ဧရာမလိပ်ကြီးပေါ်မှာ စီးရတာ တော်တော် မိုက်မှာပဲ၊ ရှောင်ရှင်တို့ ပြုံးနေတာကို မင်းတို့ မြင်လား၊ အဲ့ပုံကို ပိုစတာအဖြစ် သုံးလို့ ရမှာပဲ]
[ဧရာမ လိပ်ကြီးက အထူး ပြုလုပ်ချက်နဲ့ လုပ်ထားတဲ့ ကောင်တွေထက် ပိုပြီး လွှမ်းမိုးနိုင်တဲ့ ပုံစံ ရှိတယ်၊ ရုပ်ရှင်ထဲမှာသာ သုံးရင် သေချာပေါက် အုတ်အော်သောင်းနင်း ဖြစ်စေမှာ]
...
တိုက်ရိုက် ထုတ်လွှင့်မှုထဲ၌ ဧရာမ လိပ်ကြီးကို စီးနေသည့် လူသုံးယောက်ကို အားကျနေပုံရသည်။
"ရဲ့နတ်ဘုရား၊ မင်း ဘာလို့ ငါ့ကို ထိုင်ဖို့ မခေါ်တာလဲ"
ဝေ့တရွှင်းက သတ္တိရှိစွာ အနားသို့ ကပ်လာပြီး ငမ်းငမ်းတက် လိုချင်သော အကြည့်ဖြင့် ကြည့်နေသည်။ သို့သော် သူ အနားသို့ မကပ်နိုင်ခင်မှာပင် ဧရာမ လိပ်ကြီး၏ ခေါင်းက ရုတ်တရက် လှည့်လာပြီး ပါးစပ်ဟ၍ သူ့အား အော်ဟစ်လေသည်။
ဝေ့တရွှင်းသည် မလှုပ်နိုင်လောက်သည်အထိ ကြောက်ရွံ့သွားပြီး မြေကြီးပေါ် ထိုင်လျက်သား လဲကျသွားသည်။
[ခွီး ... ဟားဟားဟား ... ဪ ... ငါ့အစ်ကို တရွှင်းလေး တော်တော် သနားဖို့ ကောင်းတာပဲ]
[ဒီဧရာမ လိပ်ကြီးက တကယ်ကို အသိစိတ် ရှိတာပဲ၊ သူက ရဲ့နတ်ဘုရားကိုပဲ အသိအမှတ်ပြုလောက်တယ်]
[အဲ့ဒါ သေချာတယ်၊ ဘယ်သူမဆိုသာ ကပ်လို့ရနေရင် မယုံနိုင်စရာ မကောင်းတော့ဘူးလေ]
[ရက်စက်လွန်းတယ်၊ ဧရာမ လိပ်ကြီးရဲ့ ပါးစပ်က ဝေ့တရွှင်းကို တစ်လုပ်တည်းနဲ့ မျိုချလိုက်လို့ ရတယ်၊ အဲ့ဒါက အစ်ကို တရွှင်းကို သူ့ဘောင်းဘီထဲ သေးပေါက်ချမိတဲ့အထိ ကြောက်သွားအောင် မလုပ်မိလောက်ဘူး မဟုတ်လား]
...
"အစ်ကို တရွှင်း၊ ဧရာမ လိပ်ကြီးက ရှင့်ကို သဘောကျတဲ့ပုံ မပေါ်ဘူး၊ ဟီးဟီး ..."
ကျောက်လျန့်ရင်က ဧရာမ လိပ်ကြီး၏ ကျောပေါ်၌ ထိုင်နေပြီး ဘဝင်ခိုက်ကာ ပျော်မြူး၍ အားရနေလေသည်။
"အဟမ်း မင်း ငါ့ကို သဘောမကျရင်လည်း ရပါတယ်၊ ငါ့ကိုသာ မခြောက်ပါနဲ့၊ ငါ လန့်လို့ သေတော့မယ်"
ဝေ့တရွှင်းက သူ့ရင်ဘတ်ကို အလန့်တကြား ပုတ်ပြီး အသက် ပြင်းပြင်း ရှူလိုက်ပြီးမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ဧရာမ လိပ်ကြီး၏ ကြင်နာမှုအား သတိပြုမိခဲလှသည်။ သို့သော် ၎င်း၏ အနည်းငယ်သော လှုပ်ရှားမှုက ဘယ်သူ့ကိုမဆို ရင်ထိတ်မတတ် ကြောက်ရွံ့စေသည်။
"လင်းချန်၊ ဘာလို့ အဲ့စပါးအုံးမြွေက အရမ်း ဈေးကြီးတာလဲ ဆိုတာကို ရှင် ကျွန်မကို မပြောရသေးဘူးနော်"
ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို လှပသော မျက်ဝန်းများနှင့် ကြည့်၍ မေးမြန်းလေသည်။
"တကယ်တော့ ဒီဧရာမ စပါးအုံးမြွေကြီးက ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်ပဲ မဟုတ်တော့ဘူး"
ရဲ့လင်းချန်က သူ့ဘေးနားမှ ဧရာမ စပါးအုံးမြွေကြီးကို လက်ညှိုးထိုးပြသည်။
"သူ့အရေခွံကို သေချာ ကြည့်ကြည့်"
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် သူမတို့ ရင်ထဲမှ ကြောက်စိတ်ကို ချိုးနှိမ်၍ လှမ်းကြည့်လိုက်သည်။
သူမတို့ လှမ်းကြည့်လိုက်သောအခါ အာမေဋိတ်သံများ ထွက်လာလေသည်။ သူမတို့၏ မျက်လုံးတွင် ထူးဆန်း၍ နားမလည်သော အကြည့်များ ထင်ဟပ်လာသည်။
"အဲ့ဒါရဲ့ အရေခွံက ဘယ်လိုလုပ် သာမန် မြွေအရေခွံတွေနဲ့ မတူရတာလဲ"
ဟူယွဲ့အာသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ မနေနိုင်ဘဲ ထိကြည့်လိုက်သည်။
"ရေအောက်မှာ နေတဲ့ မြွေတွေက များသောအားဖြင့် အရမ်း နူးညံ့တဲ့ အရေခွံ ရှိကြတယ်၊ ဒါပေမဲ့ ဒီဧရာ စပါးအုံးမြွေကြီးရဲ့ အရေခွံက အတော်လေး မာတယ်၊ ဒါက ခြောက်ပြီး မာလာတာ၊ ကွာကျတော့မလို့ ခံစားရတယ်"
"ဟုတ်တယ်၊ ငါတို့ ကမ္ဘာမှာ မှတ်တမ်းတင်ထားတဲ့ အရှည်ဆုံး စပါးအုံးမြွေက ခုနစ်မီတာ ဝန်းကျင်ပဲ ရှိတယ်၊ အဲ့ဒီအခြေအနေ ရောက်လာရင် မြွေတစ်ကောင်အတွက် တစ်မီလီမီတာ ရှည်လာဖို့တောင်မှ တော်တော် ခက်တယ်"
ရဲ့လင်းချန်က အေးအေးလူလူနှင့် ဆက်ပြောလေသည်။
"ပြီးတော့ အရာအားလုံးက အရည်အသွေးအရရော အရည်အချင်းအရပါ ပြောင်းလဲမှု ကြုံရတယ်၊ အရေအတွက် အရဆို ဂဏန်း တစ်ဆယ်တိုင်းက ထူးခြားတဲ့ အဓိပ္ပာယ် ရှိတယ်၊ ပြီးတော့ ဒီဧရာ စပါးအုံးမြွေကြီးက ဆယ်မီတာ ရှိနေတယ်"
"လင်းချန်၊ ဒီဧရာမ စပါးအုံးမြွေကြီးမှာ ပြောင်းလဲမှုတချို့ ရှိတယ်လို့ ရှင် ပြောနေတာလား"
ကျောက်လျန့်ရင်က ထူးဆန်းစွာ မေးလေသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။
"ရှေးစကားတစ်ခွန်းလိုပေါ့၊ မြွေတွေက နှစ်တစ်သန်း ကျင့်ကြံပြီးသွားရင် စပါးအုံးမြွေ ဖြစ်လာနိုင်တယ်၊ စပါးအုံးမြွေတွေက နှစ်တစ်သန်း ကျင့်ကြံပြီးသွားရင် အနာကွန်ဒါမြွေ ဖြစ်လာနိုင်တယ်၊ အနာကွန်ဒါ မြွေကနေ နှစ်တစ်သန်း ကျင့်ပြီးသွားရင် မြွေနဂါး ဖြစ်လာမယ်၊ မြွေနဂါးကနေ နောက်ထပ် နှစ်တစ်သန်း ကျင့်ကြံရင် နဂါး ဖြစ်လာမယ်၊ နဂါးအဖြစ်ကနေ နှစ်တစ်သန်း ကျင့်ရင် ဦးချိုပါတဲ့ နဂါး ဖြစ်လာမယ်၊ ဦးချိုပါတဲ့ နဂါးတွေက နှစ်ငါးရာ ကျင့်ကြံရင် တောင်ပံပါတဲ့ နဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်၊ အဲ့အခါကျရင် တကယ့် နဂါးတစ်ကောင် ဖြစ်လာပြီတဲ့လေ"
"ဒီစကားက အကျယ်ချဲ့ ပြောတာ ဖြစ်လောက်တယ်၊ ဒါပေမဲ့ အကျိုးအကြောင်း မဆီလျောက်တာတော့ မဟုတ်ဘူး၊ ဒီဧရာမ စပါးအုံးမြွေကြီးက အခြား စပါးအုံးမြွေတွေထက် ဘယ်ဘက်ကကြည့်ကြည့် အဆပေါင်းများစွာ သာတယ်၊ သူ့ခန္ဓာကိုယ်က လုံးဝ ထူးခြားပြီးတော့ တန်ဖိုးက မတွေးတတ်လောက်အောင်ပဲ"
ရဲ့လင်းချန်သည် ဧရာမ စပါးအုံးမြွေကြီး၏ တန်ဖိုးကို ကောင်းကောင်း သတိပြုမိပါသည်။ နဂါးတစ်ကောင် အဖြစ် အသွင်ပြောင်းသွားပြီဟု မပြောနိုင်သော်လည်း ၎င်း၏ သေမျိုး ခန္ဓာကိုယ်ထက် သာနေပြီ ဖြစ်သည်။ ဧရာမ စပါးအုံးမြွေကြီးနှင့် သူ တိုက်ခိုက်ခဲ့စဉ်က သားရဲသည် အသိဉာဏ်တစ်ခု ပေါ်လာသေးသည်။ ယင်းက အလွန် နိမ့်ကျသော အသိဉာဏ်ပုံစံ တစ်ခု ဖြစ်သော်လည်း အသိဉာဏ်တစ်ခု ဖြစ်နေပါသေး၏။
ထို့အပြင် ထိုရေတံခွန် ရေကန်၏ အရှိန်အဝါသည် ဧရာမ လိပ်ကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့ ရှိနေ၍ မယုံနိုင်လောက်အောင် ကြီးမားနေခြင်း ဖြစ်သည်။ ယင်းက မိုးမြေ၏ အရှိန်အဝါကို သက်ရောက်နိုင်သည့် အခြေအနေသို့ ရောက်နေလေပြီ။ ယင်းမှာ သူတို့၏ သူမတူမှုများ၏ လက္ခဏာများ ဖြစ်သည်။ အကျယ်ချဲ့၍ ဥပမာ ပေးရလျင် ဧရာမ စပါးအုံးမြွေကြီး၏ သွေးက ဂျင်းဆင်းနှင့် လင်ကျစ်ကဲ့သို့သော အဖိုးတန် ဆေးပစ္စည်းများနှင့် ယှဉ်နိုင်လောက်သည်။
စပါးအုံးမြွေကြီးက သာမန်မြွေတစ်ကောင်သာ ဖြစ်ပါက ရဲ့လင်းချန် ထိုမျှ အားထုတ်ရမည် မဟုတ်ပါ။ သာမန်မြွေများသည် အလွန် အားနည်း၍ သတ်ရလွယ်သည်။
လူတိုင်း အသာအယာ ခေါင်းညိတ်ကြသည်။ သို့သော် ဟူယွဲ့အာ မေးလာသော မေးခွန်းတစ်ခုက လူတိုင်း အသိချင်ဆုံး မေးခွန်းပင်။
"ဒါနဲ့ လင်းချန် ရှင် ရေကန်ထဲက ဒုက္ခကနေ ဘယ်လိုလုပ် လွတ်လာတာလဲ"
ရဲ့လင်းချန်သည် ထိုမေးခွန်းအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက ရေကောင်းကောင်း ကူးနိုင်တယ်လေ၊ ငါ့ခွန်အားက ဧရာမ စပါးအုံးမြွေကြီးလောက် မကောင်းပင်မယ့် ငါ ရင်ဆိုင်နိုင်ပါသေးတယ်၊ တကယ်တော့ ငါက ပြန်ကူးလာဖို့ ပြင်နေပြီ၊ လိပ်အိုကြီးက သူ့ဘာသာသူ လွတ်အောင် လုပ်နိုင်ပြီးတော့ စပါးအုံးမြွေကြီးကို ကူပြီး သတ်လိုက်တာပဲ"
သူ့စကားကို လူတိုင်းက လက်ခံသွားကြပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြသည်။
အားလုံးက ရဲ့လင်းချန်၏ ရေကူးစွမ်းရည်ကို မြင်ဖူးကြပြီး သူ့အတွက် သူ့အသက်သူ ပြန်ကယ်ရန် မခက်ပေ။ သို့သော် ရဲ့လင်းချန်က စပါးအုံးမြွေကြီးကို သူကိုယ်တိုင် သတ်လိုက်ခြင်းက ယုံရခက်ပေလိမ့်မည်။ သူတို့သည် စိတ်ကူးယဉ် ဝတ္ထုထဲ၌ ရောက်နေခြင်း မဟုတ်ပါ။ ထို့ကြောင့် လူသားတစ်ယောက်၏ ခန္ဓာကိုယ်က ထိုမျှ သန်မာရန် မဖြစ်နိုင်ပေ။
"ရဲ့နတ်ဘုရား၊ မင်း ကောင်းကောင်း ရေကူးတတ်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်း ရေကူးပြိုင်ပွဲတွေမှာ ဝင်ပါရင် သေချာပေါက် ငါတို့နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်မှာ၊ ဘတ်စကက်ဘောလိုပေါ့"
ဟယ်ကျား မှတ်ချက်ပြုမိသည်။
"သောက်ကျိုးနည်း၊ ဟုတ်သားပဲ၊ ရဲ့နတ်ဘုရား မင်းက တကယ်ကို စွယ်စုံ အားကစားသမားပဲ"
"ရေကူးတာအပြင် ရဲ့နတ်ဘုရားရဲ့ ခွန်အားကလည်း အတော်လေး အထင်ကြီးစရာကောင်းတယ်လို့ ငါ ထင်တယ်၊ သူ အလေးမပြိုင်ပွဲမှာတောင် ဝင်ပြိုင်လို့ ရတယ်"
နောက်ဆုံးတွင် လူတိုင်း သက်ပြင်းချကြလေသည်။
"သူမတူတဲ့ ခန္ဓာကိုယ် အရည်အချင်းတွေပါလား၊ သူ့ကို ငါတို့ကိုယ် ငါတို့နဲ့ ယှဉ်မိရင် ငါတို့ပဲ မခံမရပ်နိုင် ဖြစ်မိလိမ့်မယ်"
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️