စာစဉ် 37 Chapter 545 မင်း သောက်ကျိုးနည်း ဘယ်ပျောက်သွားတာလဲ
ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်၌ လူတိုင်း မမျှော်လင့်ထားသည့် ပုံရိပ်တစ်ခုက ပေါ်လာသည်။
ထိုသတ္တဝါက နေရာ၌ ရပ်နေဆဲပင်။ ၎င်းသည် လဲကျမသွားသလို မီးခိုးကဲ့သို့ ပျောက်ကွယ်သွားခြင်းလည်း မရှိပေ။
"ဒါ ... ဒါ ..."
စစ်သည်တော်များအပြင် နည်းပြချုပ် ငါးယောက်သည်လည်း မှင်တက်နေ၏။
သူတို့၏ တိုက်ခိုက်မှုသည် ငါးယောက်လုံး၏ အင်အား ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ယောက်ချင်းစီက စစ်သည်တော် တစ်ယောက်၏ သိုင်းပညာ အထွတ်အထိပ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။ သူတို့ ငါးယောက် ပူးပေါင်းချိန်တွင်သာမက သူတို့တစ်ယောက်ချင်းစီအား ယှဉ်နိုင်သူသည် လူအနည်းငယ်သာ ရှိသည်။
သို့သော် အမှန်တရားက သူတို့အရှေ့၌ ရှိနေပြီး ယင်းအား သူတို့ မယုံကြည်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
သို့သော်ငြားလည်း သူတို့၏ တိုက်ခိုက်မှုများက အချည်းနှီး မဖြစ်ပါ။ ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်၌ မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရှိနေသည်ကို မြင်လိုက်ရသည်။ သွေးများ စိမ့်ထွက်နေပြီး ကျန်နေရာများ၌ အရေပြားများ စုတ်နေသည်က ထိတ်လန့်စရာ ကောင်းလှသည်။
"အဲ့ဒါတွေက ... ကြေးခွံတွေလား"
လင်းထျန်းရှုံးသည် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်ပြီးနောက် တအံ့တဩ ရေရွတ်လိုက်သည်။
"ဒါ တိရစ္ဆာန်ပေါင်းစုံက မျိုးရိုးဗီဇတွေ ပေါင်းစပ်ထားတာပဲ၊ တကယ်ကို လူပုံစံနဲ့ မကောင်းဆိုးဝါးပါလား"
ချင်ပိုင်ချွမ်းက ဒေါသတကြီး ပြောလာသည်။
"တိုက်ခိုက်တာကို မရပ်လိုက်နဲ့၊ ဒီကောင် ငါတို့ လက်သီးချက်ကို ခံနိုင်မလား ကြည့်ကြတာပေါ့"
သို့သော် လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင် မကောင်းဆိုးဝါး၏ အသွင်အပြင်က ရုတ်တရက် ခက်ထန်လာ၏။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️