စာစဉ် 37 Chapter 541 ကြိုတင်ပြင်ဆင်ခြင်းမရှိ၊ စိုးရိမ်ခြင်းမရှိ
လူတော်တော်များများသည် ရဲ့လင်းချန် အရှက်ကွဲခြင်းနှင့် ကြုံတွေ့ရရန် မျှော်လင့်နေဆဲ ဖြစ်သည်။
ယခင်က သူတို့သည် ရဲ့လင်းချန်၏ ကျော်ကြားမှုကို ကြားပြီးနောက် သူသည် မြင့်မားထည်ဝါသော ပုဂ္ဂိုလ် တစ်ယောက်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယနေ့ သူ့ကို လူချင်း တွေ့ပြီးနောက် သူတို့ လုံးတ စိတ်ပျက်ကာ သူတို့ရင်ထဲမှ မြင့်မားသော ပုံရိပ်က မှေးမှိန်သွားသည်။ ထို့အပြင် ရဲ့လင်းချန်၏ အစောပိုင်းက ညှာတာမှုမရှိသော မခံချင်အောင် ထိကပါး ရိကပါး ပြောသော စကားများက လူအများ၏ ဒေါသကို ဆွသွားခဲ့သည်။
လီချုံး၏ ရာထူးတိုးခြင်း ပြီးသွားပြီးနောက် ကျန်ရှိသော ရာထူးတိုးခြင်းများကို ဆက်လက် လုပ်ဆောင်လေသည်။
"ဝေ့ဟူ၊ အနိမ့်တန်းအဆင့် ကြီးကြပ်သူအဆင့်ကနေ အလယ်အလတ်အဆင့် ကြီးကြပ်သူအဆင့်ကို ရာထူးတိုး ပါတယ်"
တူညီသော ဖြစ်စဉ်က ထပ်မံ၍ ဖြစ်ပွားလာပြီး အလယ်အလတ်အဆင့် ကြီးကြပ်သူ တစ်ယောက်က ဝေ့ဟူနှင့် ယှဉ်ပြိုင်လေသည်။
ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် ထိုဖြစ်စဉ်ကြောင့် သဘောတွေ့နေကြသော်လည်း ရဲ့လင်းချန်အတွက်မူ ယင်းက ပျင်းစရာ ကောင်းလွန်းလှသဖြင့် ရဲရဲတင်းတင်း သမ်းဝေလေသည်။
သူ၏ အပြုအမူက သူ့ဘေးပတ်လည်မှ လူများထံမှ အထင်သေးသော အကြည့်များကို ရရှိလာစေသည်။
"ဟားဟား အဲ့ကောင်ကို ကြည့်စမ်းပါဦး"
လင်းထျန်းရှုံးသည် ရဲ့လင်းချန်ကိုကြည့်၍ ခနဲ့တဲ့တဲ့ ပြုံး၍ ခေါင်းခါလေသည်။
"အဘိုးကြီးလင်း၊ အဲ့လူငယ်လေးက လူတွေပြောနေသလို တကယ်ပဲ သန်မာရဲ့လား"
ချင်ပိုင်ချွမ်းက မျက်မှောင်ကြုတ်ထားလွန်းသဖြင့် သူ့နဖူးကြောများပင် အထင်းသား ပေါ်လာနေ၏။ ပျင်းရိ လေးကန်နေသော ရဲ့လင်းချန်ကို ကြည့်ပြီး သူ ခေါင်းခါမိကာ မျက်လုံး၌ မယုံသင်္ကာ ဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်း အရိပ်အယောင်တို့ ပေါ်လွင်လာသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 401-600)
FantasyChapter 401-600 I don't own this story!! All credit goes to Original Author! ✍️