အခန်း ၁
ကားအဖြူလေး တစ်စီးက တရိပ်ရိပ် မောင်းနှင်လာပြီး အတန်အသင့် ခမ်းနားသော အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ဝင်လာ၏။ ကားက အိမ်ရှေ့ဆင်ဝင်တွင် ရပ်သွားပြီး လူငယ်လေး တစ်ယောက်နှင့် ဆယ်ကျော်သက်တစ်ယောက် ဆင်းလာလေသည်။လူငယ်လေးက ကောင်လေးရှေ့မှ ဦးဆောင်၍ အိမ်ထဲဝင်လာပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ရေတစ်ခွက်ကို မော့သောက်သည်။ ကောင်လေးက သူ့ကို အကဲခတ်သည့်ဟန် ကြည့်ရှုနေပြီး မေး၏။
"ခင်ဗျား နာမည်ဘယ်လိုခေါ်လဲ"
"စကားပြောတာ အချိုးမပြေဘူး။" လူငယ်လေးက သိပ်သဘောမကျသည့်နှယ် မျက်မှောင်ကြုတ်၍ မှတ်ချက်ပြုပြီးမှ ဆက်ပြော၏။ "ငါ့နာမည် စိုင်းလရောင်၊ ဒီနေ့ကစပြီး မင်းကို ငါ မွေးစားလိုက်ပြီ။"
"သြော်...ကျွန်တော့်နာမည်က ဟိန်းထက်နေ၊ အသက်က ဆယ့်လေးနှစ်။ ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ၊ ဘာအလုပ်လုပ်တာလဲ။"
"မင်းနဲ့ ပတ်သက်တာမှန်သမျှ ငါ သိထားပြီးပြီ။ ငါက ဒီနှစ် နှစ်ဆယ်ပြည့်ပြီးပြီ၊ အလုပ်ကတော့ ပန်းချီဆွဲတယ်၊ ဒီနေ့ကစပြီး မင်းကို ငါ မွေးစားလိုက်ပြီဆိုတော့ မင်း ငါ့ကို ဖေဖေလို့ ခေါ်သင့်တယ် ကောင်လေး။"
"ဆုတောင်းလေ...ခင်ဗျားအသက်က ကျွန်တော့်ထက် ခြောက်နှစ်ပဲ ကြီးတာ၊ ခင်ဗျားကို အစ်ကိုအဖြစ် ကျွန်တော် မွေးစားလိုက်မယ်။ နောက်တစ်ခုက ခင်ဗျား ပန်းချီဆွဲတာလေးနဲ့ ကျွန်တော့်ကို တာဝန်ယူနိုင်ပါ့မလား...ကျွန်တော်ပဲ ခင်ဗျားကို တာဝန်ယူရင်ရော ဘယ်လိုလဲ။"
ဆယ့်လေးနှစ်သား ဟိန်းထက်နေ၏ စကားများကြောင့် စိုင်းလရောင်က အတော်လေး မကျေမနပ် ဖြစ်မိသေး၏။ သို့သော် သူ့ပင်ကိုစရိုက်က အေးအေးဆေးဆေး ရှိလေရာ မထိတထိ လှောင်ရယ်လိုက်ရင်း ပြန်ပြော၏။
"ပန်းချီဆွဲတာက မရောင်းရရင် ငတ်သေနိုင်ပေမဲ့ ငါ့မိသားစုပိုင် လုပ်ငန်းတွေက မင်းနဲ့ငါ ဆယ်သက်စားရင်တောင် မကုန်နိုင်ဘူး၊ ပြီးတော့ မင်းအဖေကုမ္ပဏီက အခု ငါ့လက်ထဲမှာလေ။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...