အခန်း ၂၈

1.6K 138 48
                                    

အခန်း ၂၈

"ဟိုဟာ...ကျွန်တော်..."

ဟိန်းထက်နေက စိုင်းလရောင်ကို ဖွင့်မပြောဝံ့ဘဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။ အဆုံး၌ သူသည် ညစာစားပွဲ ခပ်သေးသေးလေး လုပ်၍ စိတ်ကူးယဥ်ဆန်ဆန်လေး ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။

"နောက်ထပ် ရက်နည်းနည်း နေရင် ကျွန်တော်နဲ့ တစ်နေရာကို လိုက်ခဲ့ပေးလို့ ရမလား။"

"ရတယ်လေ။ မင်း တောင်းစရာ ရှိတယ်ဆိုတာ အဲ့ဒါလား။"

စိုင်းလရောင်က ခေါင်းညိတ်၍ ပြန်​ဖြေသည်။

"ဟုတ်တယ်...ကျွန်တော် လိုချင်တာကိုတော့ ဟိုရောက်မှ တောင်းမယ်၊ ကျွန်တော် ဘာတောင်းတောင်း ကိုကို ပေးရမှာနော်။"

ဟိန်းထက်နေက သူ့ဦးနှောက်ထဲမှ ကလိန်ကကျစ်ဉာဏ်ပေါင်းစုံကို ညစ်ထုတ်ရင်း စိုင်းလရောင် မငြင်းနိုင်အောင် ချုပ်သည်။ 

"ဟုတ်ပါပြီ။ မင်း လိုချင်တာ ဘာပဲဖြစ်ဖြစ် ငါ ဝယ်ပေးနိုင်တာပဲကို။"

စိုင်းလရောင်က အလွယ်တကူ ခေါင်းညိတ်သည်။

"ကိုကို့အတွက်"

ဟိန်းထက်နေသည် အနက်ရောင် ကတ္တီပါ ဗူးလေး တစ်ဗူးကို ထုတ်လိုက်ပြီး စိုင်းလရောင်လက်ထဲ ထည့်ပေးသည်။

"ဘာလဲ"

"နာရီ။ ကိုကိုနဲ့ ကျွန်တော် ဆင်တူ။"

ဟိန်းထက်နေက ကတ္တီပါဗူးလေးထဲမှ နာရီကို ထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်တွင် ပတ်ပေး၏။ သူသည် ဟိန်းထက်နေ၏ လက်တွင် ပတ်ထားသော နာရီလေးကို ကြည့်လိုက်ပြီး သူ့လက်ကောက်ဝတ်ရှိ နာရီကို ပြန်ကြည့်လိုက်မိသည်။

"ဘာလို့ နာရီပေးတာလဲ။"

"ကျွန်တော်ရဲ့ တစ်စက္ကန့်လေးကအစ ကိုကိုနဲ့ အတူ ရှိချင်လို့လေ။"

ဟိန်းထက်နေသည် စိုင်းလရောင်၏ မျက်ဝန်းများကို ရွှန်းရွှန်းစားစား စိုက်ကြည့်ပြီး ပြောသည်။ စိုင်းလရောင်သည် ထိုညှို့အားပြင်းလှသော ပယင်းရောင်ရင့်ရင့် မျက်ဝန်းများကို နှစ်သက်မက်မောစွာ ငေးကြည့်နေမိပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ငုံ့လိုက်မိသည်။ ဟိန်းထက်နေ၏ ရှည်သွယ်ပြီး မျက်ရစ်ထင်းထင်းများနှင့် မျက်ဝန်းအိမ်လေးများ၊ မျက်ခုံးတန်းတန်းများက သူ့ကို အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်နေခဲ့သည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now