အခန်း ၂
စိုင်းလရောင်က ဟိန်းထက်နေနှင့်အတူ မိဘမဲ့ဂေဟာသို့ လာခဲ့၏။ ကားအဖြူလေးက တရွေ့ရွေ့ သွားနေပြီး သီချင်းသံ တိုးတိုးညင်းညင်းက ထွက်ပေါ်နေ၏။ စိုင်းလရောင်က ကားမောင်းရင်း သီချင်းကို လိုက်ညည်းသည်။ သူက နံဘေးရှိ ဟိန်းထက်နေကို စောင်းငဲ့ကြည့်မိသည်တွင် ဟိန်းထက်နေက ကားမှန်မှ တစ်ဆင့် အပြင်လောကသို့ ငေးမောနေ၏။ သူ့မျက်ဝန်းညိုညိုများက မည်သည်ကိုမျှ မခံစားနိုင်သည့်နှယ် မှိုင်းညို့နေ၏။
စိုင်းလရောင်သည်လည်း တစ်ချိန်က မိဘများကို ဆုံးရှုံးခဲ့ရသူ ဖြစ်လေရာ ဟိန်းထက်နေ မည်သို့ခံစားနေရမည်ကို ကောင်းမွန်စွာ နားလည်၏။ သို့တိုင် သူ တစ်ဦးတည်းသာ နေထိုင်ခဲ့သည်မှာ အချိန်ကြာပြီ ဖြစ်ပြီး ဟိန်းထက်နေနှင့် မရင်းနှီးသေးသဖြင့် မနှစ်သိမ့်ပေးဘဲ လျစ်လျူရှူထားလိုက်၏။
ကားက မိဘမဲ့ဂေဟာ၏ ခြံဝင်းအတွင်း ထိုးရပ်သွား၏။ စိုင်းလရောင်က သူ့လက်အိတ်အဖြူများကို မချွတ်ဘဲ ကားနောက်ဖုံးကို ဖွင့်လိုက်ပြီး ကလေးများအတွက် ပစ္စည်းများကို ထုတ်ယူသည်။ ဟိန်းထက်နေက စာအုပ်အထုတ်များကို ကူ၍ သယ်ပေးလိုက်သည်တွင် စိုင်းလရောင်က မျက်လုံးအိမ်လေး ကွေးညွှတ်သွားသည်အထိ ပြုံးသည်။ ဟိန်းထက်နေက ကြောင်ကြည့်နေမိပြီး စိုင်းလရောင် ပြုံးလိုက်လျှင် အလွန်လှသည်ကလွဲ၍ မည်သည်ကိုမျှ များများစားစား မတွေးနိုင်တော့ပေ။ အကယ်၍ ဖြစ်နိုင်လျှင် ဤလူသားလေး၏ အပြုံးကို အမြဲ မြင်ချင်နေမိ၏။ဂေဟာမှူးက သူတို့နှစ်ဦးအား ခရီးဦးကြိုပြုရင်း အလွန်တရာ နွေးထွေးသိမ်မွေ့သော လေသံဖြင့် ပြောသည်။
"သားလေး.. မလာတာ ကြာပြီနော်၊ ဒီတစ်ယောက်က သားညီလေးလား အရင်က တစ်ခါမှ မတွေ့ဖူးပါလား"
"ဟုတ်ကဲ့ ကြီးကြီး။ ကျွန်တော့်ညီလေးပါ၊ အခုမှ ကျောင်းပိတ်လို့ ခေါ်လာတာခင်ဗျ။"
စိုင်းလရောင်သည် ပြုံးလိုက်ပြီး နူးညံ့နွေးထွေးသော လေသံဖြင့် ပြန်ဖြေ၏။ ဟိန်းထက်နေက သူ့အနောက်မှ ထွက်မလာဘဲ ကျောက်တိုင်အလား မလှုပ်မယှက်ရပ်ကာ ဂေဟာမှူးအား စိုက်ကြည့်နေ၏။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...