အခန်း ၁၀
"ရော့...ဒါ မင်းစုံစမ်းခိုင်းထားတဲ့ ပန်းချီဆရာ အကြောင်း။"
ကျော်စွာက စိုင်းလရောင်၏ စားပွဲပေါ်သို့ ဖိုင်တစ်ခုကို တင်ပေးလိုက်သည်တွင် စိုင်းလရောင်က သူ့ကို မော့မကြည့်ဘဲ လက်ထဲရှိ ဓာတ်ပုံများကိုသာ ကြည့်နေရင်း ပြန်မေးသည်။
"အင်း...မင်း ငါ့ကို ဘာမှ ပြောစရာ မရှိဘူးလား။"
"ဘာကိုလဲ။"
"ငါ လုပ်ကြံခံရတဲ့နေ့က မင်းကို ဖုန်းဆက်သေးတယ်။ မင်း ဖုန်းမကိုင်ဘူး။"
"ဟမ်"
စိုင်းလရောင်က ကျော်စွာကို မော့ကြည့်လိုက်ပြီး သူ့လက်ထဲမှ ဓာတ်ပုံအချို့ကို ကျော်စွာရှေ့သို့ ပစ်ချသည်။
"မင်းကိုယ်မင်း ဒုခေါင်းဆောင် ဆိုတာရော သတိရသေးရဲ့လား...ဟမ်။ မင်းပုံစံမင်း ပြန်ကြည့်စမ်း။ ဘယ်နေရာမှာများ ဒုခေါင်းဆောင်နဲ့ တူသေးလို့လဲ။ စုံစမ်းရေးဌာနက မင်းလက်အောက်မှာဆိုတာရော သိသေးလား။"
ကျော်စွာက သူ့ရှေ့ကျလာသော ဓာတ်ပုံများကို ယူကြည့်သည်။ သူက ကောင်မလေးတစ်ယောက်၏ ခါးကို ဖက်ထားပြီး ထိုကောင်မလေးကလည်း သူ့ကို ပြန်ဖက်ထားသည့် ပုံများ ဖြစ်နေ၏။ ကြည့်ရသည်မှာ နှစ်ယောက်လုံးက အတော်လေး မူးနေဟန် ရှိပြီး ထိုမိန်းကလေးက မူးသည်ဖြစ်စေ၊ မမူးသည်ဖြစ်စေ သူကတော့ လူမှန်းသူမှန်း မသိအောင် မူးနေခဲ့လိမ့်မည်။
'သောက်ကျိုးနည်း...ဒီပုံတွေက ဒီကောင့်လက်ထဲ ဘယ်လို ရောက်သွားတာလဲဟ'
ကျော်စွာက တံတွေးမြိုချလိုက်မိသည်။ စိုင်းလရောင်က အရက်သောက်သည်ကို အပြစ်မပြောသော်လည်း မိန်းမရှုပ်သည်ကိုတော့ မကြိုက်ပေ၊ ရွံစရာကောင်းသည်ဟုပင် ပြောတတ်သေးသည်။
"အဟမ်း...အဲ့နေ့က ငါ ကလပ်မှာ ငါ့ဘာသာ သောက်နေတုန်း အဲ့ကောင်မလေးက လာရောတာ။ ငါတို့လူတွေချည်းပဲဆိုတော့ နည်းနည်း စိတ်ချလိုက်မိတာ။ မင်း ဖုန်းဆက်တာက မကြားလိုက်လို့။"
"မင်းက နေ့ခင်းကြောင်တောင်ကြီးတောင် ကလပ်တက်ပြီး ပျော်ပါးနိုင်သေးတယ်။ မြူနှင်းသာ အချိန်မီရောက်မလာရင် ဒီအချိန် ငါ့အတွက် ဆွမ်းသွပ်ပြီး အမျှဝေနေရလောက်ပြီ။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
БоевикFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...