အခန်း ၂၇
မြတ်လွင်သည် နေဝင်ရီတရောအချိန်မှ အိမ်ပြန်လာသည်။ သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မြခက်နွယ်က လက်ထဲရှိ အိတ်ကို ယူ၍ ဆီးကြိုသည်။ မြတ်လွင်သည် ညီမဖြစ်သူကို ပစ်မထားနိုင်လေရာ မြခက်နွယ်ကို မေးရတော့သည်။
"ကျော့ကျော့ သောင်းကျန်းသေးလား။"
"မသောင်းကျန်းပေမဲ့ ထမင်းမစားဘူး ဒုခေါင်းဆောင်။"
မြတ်လွင်က မီးလျှံထဲ တိုးဝင်နေသော ပိုးဖလံနှယ် မိုက်မဲလှသော ညီမဖြစ်သူကို အတော်လေးပင် ဒေါသထွက်မိသည်။
"ပစ်ထားလိုက်"
မြခက်နွယ်သည် မသွားသေးဘဲ သူ့ကို တစ်စုံတစ်ခု ပြောချင်သည့်နှယ် အရိပ်အကဲ ကြည့်နေလေရာ မြတ်လွင်သည် မျက်လုံးစွေ၍ ကြည့်ရင်း မေးသည်။
"ဘာပြောစရာ ရှိသေးလို့လဲ။"
"ကျွန်မ ဆရာလုပ်တာ မဟုတ်ပါဘူး.. ဒုခေါင်းဆောင်။ မမလေးက အခုမှ ဆယ်ကျော်သက်ပဲ ရှိသေးတာပါ၊ အခု သူက နှစ်လလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတော့ တော်တော်လေး ပင်ပန်းနေမှာပါ၊ ဒုခေါင်းဆောင်က သူနဲ့ နည်းနည်းလောက် ညှိနှိုင်းကြည့်ပါလား၊ သူ သဘောကျတဲ့လူက ဆရာ့ကို သတ်လိုက်တဲ့ တရားခံ ဖြစ်နေရင်တော့ သူ့ကို နားဝင်အောင် ပြောရမှာပါ၊ အခုတော့ သူ အားရှိဖို့ ပိုအရေးကြီးပါတယ်။ ကျွန်မကိုယ်တိုင်လဲ မိန်းကလေးမို့လို့ မိန်းကလေးတွေရဲ့ စိတ် ဘယ်လိုရှိတယ်ဆိုတာ ဒုခေါင်းဆောင်ထက် ပိုနားလည်ပါတယ်။"
မြခက်နွယ်သည် မြတ်လွင်ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြသည်။ မြခက်နွယ်ဟူသည်ကား အလင်းမဲ့ဂိုဏ်း၏ မိန်းကလေး လက်ရွေးစင်များထဲမှ တစ်ယောက်ဖြစ်ပြီး နှင်းဆီကျော့ကို အနီးကပ် ကာကွယ်စောင့်ရှောက်ရန် မြတ်လွင်ကိုယ်တိုင် ရွေးချယ်ခဲ့သော မိန်းကလေး ဖြစ်လေရာ မြတ်လွင်သည် မြခက်နွယ်၏ စကားကို အလေးထားသည်။ သူသည် မြခက်နွယ်ကို ခေါင်းညိတ်ပြလိုက်ကာ ပြန်ပြောသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...