အခန်း ၂၀
"ဆက်ခံသူ ဒုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်။ ခွင့်ပြုပါဦး။"
ဟိန်းထက်နေသည် လက်နှစ်ဖက်ကို ဘေးကပ်လျက် ခါးကို ကိုးဆယ်ဒီဂရီနီးပါး ကိုင်းလိုက်ကာ ဟိန်းတေဇကို အရိုအသေပြုသည်။
"အင်း။ တွေ့ကရာ မိန်းမနဲ့ ရှုပ်ရှုပ်ယှက်ယှက် လုပ်တယ် ကြားရင် စိုင်းလရောင်နဲ့ မင်းကို ခွဲပစ်မယ်။"
ဟိန်းတေဇစကားကြောင့် ဟိန်းထက်နေက လက်သီးကို ကျစ်ကျစ်ဆုပ်ကာ သူ့ကို အံကြိတ်၍ ကြည့်ပြီးမှ ထွက်သွား၏။ ဟိန်းတေဇက ထိုအခါမှ မတ်တပ်ရပ်လိုက်ပြီး ဟိန်းထက်နေ၏ ကျောပြင်လေးကို ငေးကြည့်နေရင်း တိုးဖွဖွ ရေရွတ်သည်။
"အစ်ကိုကြီး...ထက်နေက မင်းနဲ့အရမ်းတူတာပဲ။ မင်းလဲ ဆယ်ကျော်သက်တုန်းက မမလရိပ်နဲ့ တွေ့ခဲ့တာမလား။ မင်း စိတ်ချ၊ ငါက သူ့ကို မင်းရဲ့ သွေးဖြစ်နေလို့ကို သေသေချာချာ စောင့်ရှောက်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာအောင် လုပ်ပေးမှာ။"
ဟိန်းထက်နေသည် ယခင်က သူ့ခြေထောက်ကို ဖက်ကာ "ဦးလေး ဦးလေး...သားသားကလေ" ဟူ၍ အသံလေး တဆာဆာဖြင့် ဖခင်အပေါ် မကျေနပ်ချက်များကို တိုင်တန်းတတ်သည့် ဂျုံလုံးလေးအဖြစ်မှ "ဦးလေးကို ဒီအိမ်ထဲမှာ ပိတ်ထားမယ်" ဟု လေသံမာမာဖြင့် ခြိမ်းခြောက်တတ်သည့် ဆက်ခံသူအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ အချိန်က အရာအားလုံးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။
"ဘယ်အချိန်ထိ အဲ့မှာ ရပ်နေမှာလဲ။"
ဟိန်းတေဇက အသံကျယ်ကျယ်ဖြင့် ပြောလိုက်ရာ သရက်ပင်အကွယ်မှ အရိပ်နက်က ထွက်လာ၏။
"ဒုခေါင်းဆောင်ကို ဂါရဝပြုပါတယ်။"
အရိပ်နက်သည် လက်ကို ဘေးနှစ်ဖက်တွင် ကပ်လိုက်ပြီး ခါးကို ကိုးဆယ်ဒီဂရီနီးပါး ကိုင်းလိုက်ပြီး ဟိန်းတေဇကို နှုတ်ဆက်သည်။
"အင်း.. ဟိုမိန်းကလေးကို ရအောင်ရှာပြီး ငါ့ဆီခေါ်လာခဲ့။ ပြီးတော့ စိုင်းလရောင်အကြောင်း ထပ်မစုံစမ်းနဲ့တော့။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...