အခန်း ၇၃
[သတိပေးချက်။ ။ သွေးထွက်သံယိုနှင့် ကြမ်းတမ်းသော အခန်းများပါဝင်နိုင်ပါသည်။
Blood and Violent WARNING]နှင်းဆီကျော့သည် ထွဋ်ခေါင်နှင့်အတူ ဒုတိယထပ်သို့ ဆင်းလာခဲ့ပြီး ပါတီပွဲ ကျင်းပသည့် ခန်းမကျယ်ကို ကျော်၍ ခပ်မြန်မြန် လျှောက်သွား၏။ ရဲသွေးနီတို့အဖွဲ့က အလင်းမဲ့ဂိုဏ်းသားအချို့နှင့် ပစ်ခတ်တိုက်ခိုက်ရင်း အဆောက်အဦးအတွင်းသို့ ဝင်နိုင်ရန် ကြိုးပမ်းနေကြလေရာ ဒုတိယအထပ်သို့ ရောက်မလာကြသေးပေ။ နှင်းဆီကျော့နှင့် ထွဋ်ခေါင်က ခန်းမ၏ ညာဘက်ထောင့်တွင် ရှိနေသည့် လူနှစ်ယောက်ကို ကြည့်သည်။ ထိုနှစ်ယောက်မှာ ကျောချင်းကပ်ချည်ထားသည့် ထိုင်ခုံနှစ်လုံးပေါ်တွင် ထိုင်လျက် ရှိနေ၏၊ ဝက်တစ်ကောင်၏ ခြေနှင့်လက်တို့ကို တုပ်နှောင်ထားသည့်အလား သူတို့နှစ်ဦးကိုလည်း လှုပ်မရအောင် ကြိုးများဖြင့် ချည်ထားပြီး မျက်နှာကိုလည်း အိတ်အနက်ရောင်ဖြင့် စွပ်ထားလေရာ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက် ဖြစ်သည်မှအပ မည်သူမှန်း မသိရပါချေ။
"ဘယ်လိုသတ္တိမျိုးနဲ့များ ခေါင်းဆောင်ကို လိမ်ရဲပါလိမ့်။ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။"
နှင်းဆီကျော့က ရေရွတ်လိုက်ပြီး အိတ်အနက်ရောင်ကို ဆွဲချွတ်လိုက်ရာ ဒေါ်မေသူဟန်နှင့်သူ့အမျိုးသား၏ အထိတ်တလန့် မျက်နှာများက ပေါ်လာ၏။ ဒေါ်မေသူဟန်၏ မျက်ဝန်းထဲတွင် မျက်ရည်ကြည်တို့က ဝေ့လျက်၊ သူ့ကျောချင်းကပ်မှ ခင်ပွန်းဖြစ်သူမှာလည်း ချွေးသီးချွေးပေါက်များပင် စီးကျလျက်။ သို့သော် နှစ်ဦးလုံး၏ ပါးစပ်ကို တိတ်ဖြင့် ပိတ်ထားလေရာ အူးအူးဝါးဝါး အသံလောက်သာ ပြုနိုင်ရှာ၏။
နှင်းဆီကျော့သည် ဒေါ်မေသူဟန်၏ လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဆွဲကြိုးကို မြင်လိုက်ရာ မျက်မှောင်ကြုတ်၍ ကြည့်ပြီး ဆတ်ခနဲ ဖြုတ်ယူကာ အင်္ကျီအိတ်ထဲ ထိုးထည့်သည်။
"ဒါက အစ်ကိုစိုင်းလရောင်ရဲ့ ဆွဲကြိုးမလား။"
သူက မေးလိုက်သော်လည်း ဒေါ်မေသူဟန်ကမူ သူ့ကိုသာ အကြောက်ကြောက်အလန့်လန့်ဖြင့် ကြည့်နေ၏။ ထွဋ်ခေါင်သည် သူ့အိတ်ထဲမှ ချိန်ကိုက်ဗုံးတစ်စုံကို ထုတ်ယူလိုက်ပြီး နှင်းဆီကျော့လက်ထဲ ထည့်ပေးသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...