အခန်း ၆၄
စိုင်းလရောင်နှင့် ကျော်စွာတို့နှစ်ယောက် ဦးသူတော်၏ အိမ်သို့ ရောက်လာသည့်အချိန်တွင် မှောင်စပင် ပျိုးနေလေပြီ။ ရုတ်ချည်း ရန်ကုန်မှ ပြင်ဦးလွင်သို့ ထွက်ခဲ့ရသဖြင့် ကျော်စွာသည် စိုင်းလရောင်ကို မကျေနပ်ပေ။ သို့သော် စိုင်းလရောင်က သူ့ထက်ပင် ဆိုးရွားလှစွာ၊ သားသေသွားသော မျောက်အိုမကြီးကဲ့သို့ စိတ်ညစ်ညူးနေဟန် ရှိနေသဖြင့် သူက တိတ်တိတ်နေလိုက်ရသည်။
ဧည့်ခန်းတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသော ဦးသူတော်က သူတို့နှစ်ယောက်ကို မော့ကြည့်ပြီး ဝမ်းပန်းတသာ ကြိုဆိုသည်။
"ဆိုင်းမဆင့်ဗုံမဆင့်ပါလားကွ။ လာ...ငါလဲ ပျင်းပျင်း ရှိတာနဲ့ စာဖတ်နေတာ။"
ကျော်စွာက လှိုက်လှိုက်လှဲလှဲ ပြုံးရင်း ခေါင်းညိတ်ပြသော်လည်း စိုင်းလရောင်က ခပ်ယဲ့ယဲ့သာ ပြုံးသည်။
"ခေါင်းဆောင်...နေမကောင်းဘူးလား။ မျက်နှာက သွေးမရှိတဲ့အတိုင်းပဲ။" ဦးသူတော်က မေးသည်။
"ကျွန်တော့်အမေက..."
စိုင်းလရောင်သည် မေးမည်ပြုပြီးမှ ဦးသူတော် နံဘေးတွင် လက်တိုလက်တောင်းခိုင်းသည့် ကောင်လေး၊ သူ့နံဘေးတွင်လည်း ကျော်စွာရှိနေလေရာ ရပ်လိုက်ပြီး ပြောသည်။
"မင်းတို့နှစ်ယောက်.... မြို့ပတ်လမ်းအနောက်နားက စိုက်ခင်းမှာ လိမ္မော်သီး နည်းနည်းလောက် သွားဝယ်စမ်းပါ။"
"ဟုတ်ကဲ့ပါ...ခေါင်းဆောင်။" ကောင်လေးက ချက်ချင်းထလာသော်လည်း ကျော်စွာက သူ့ကို မျက်မှောင်ကြီး ကြုတ်ကာ ကြည့်နေပြီး အတွန့်တက်သည်။
"မိုးချုပ်နေပြီလေ။"
"အဲ့ဒီတော့..."
စိုင်းလရောင်က မျက်ခုံးတစ်ချက်ပင့်၍ ပြန်မေးလိုက်သောအခါမှ သူက အိမ်အပြင်ဘက်ထွက်သွားသည်။
"ခေါင်းဆောင်...ဘာများ ပြောစရာရှိလို့လဲ။"
ဦးသူတော်က ဆိုဖာပေါ်တွင် ထိုင်နေရာမှ ရေနွေးကရားအိုးကို လက်လှမ်းရင်း စကားစသည်။ စိုင်းလရောင်သည် ဦးသူတော်ကို စိုက်ကြည့်နေပြီး လေသံမာမာဖြင့် မေးသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...