အခန်း ၃၈

1.2K 109 25
                                    

အခန်း ၃၈

စိုင်းလရောင်သည် အချိန်မည်မျှကြာသည်အထိ အိပ်ပျော်သွားမှန်း မသိလိုက်၊ သူ နိုးလာသည့်အချိန်တွင် ဟိန်းထက်​နေက သူ့နံဘေးတွင် မရှိတော့ပေ။ လိုက်ကာကို ဆွဲဖွင့်လိုက်လေရာ နေ့အလင်းရောင်ကျဲကျဲက သူ့မျက်နှာပေါ် ဖြာကျလာ၏။ စိုင်းလရောင်က ချက်ချင်း အနောက်ဆုတ်လိုက်ပြီး မျက်လုံးကို လက်ဖြင့် ကာ၍ အခန်းကို ဝေ့ကြည့်လိုက်ရာ စာကြည့်စားပွဲပေါ်ရှိ ပန်းအိုးအသေးလေးတွင် ကပ်ထားသော အဝါရောင် စာရွက်အပိုင်းလေးက သူ့မြင်ကွင်းထဲ ဝင်လာသည်။ သူက စာရွက်ကို ဆွဲဖြုတ်လိုက်ကာ ဖတ်သည်။

'ကိုကို နိုးလာတဲ့အချိန်ဆို ကျွန်တော် ရွှေလီရောက်နေလောက်ပြီ။ ကိုကို မလိုက်လာပါနဲ့။ ကိုကို့လုံခြုံရေးအတွက် မင်းခန့်ပိုင်ရော၊ လက်ရွေးစင်အဖွဲ့တစ်ဖွဲ့ရော ထားခဲ့တယ်။ နိုးလာရင် စားဖို့ ဟင်းချက်ပြီးသား ရေခဲသေတ္တာထဲမှာ ထည့်ပေးခဲ့တယ်။ ကျွန်တော် မနက်ဖြန် ညမကုန်ခင် ပြန်ရောက်မယ်။'

"တောက်... ဒီကောင်ကတော့။"

စိုင်းလရောင်သည် စာရွက်ကို လုံးချေပစ်လိုက်ပြီး အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်ပြီး ပြတင်းပေါက်မှ တစ်ဆင့် အိမ်အောက်သို့ ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည့် လူဆယ်ယောက်ခန့်က ခြံအနောက်ဘက်တွင် ထိုင်နေကြသည်။ သူက လိုက်ကာစကို ပြန်ချလိုက်ပြီး သက်ပြင်းချသည်။ ရွှေလီက မြန်မာပိုင် မဟုတ်သည့်အပြင် မြတ်လွင်ကလည်း လူတော်တစ်ယောက် ဖြ​စ်လေရာ ဟိန်းထက်နေကို သူ စိတ်ပူသည်။ သူက အခန်းထဲတွင် ဟိုဘက်လျှောက်လိုက်၊ သည်ဘက်လျှောက်လိုက်ဖြင့် အကြံကုန်ထုတ်နေမိပြီး ဤအိမ်ထဲမှ ထွက်ရန် တွေးနေ၏။ ထိုအခိုက် သူသည် လွန်ခဲ့သော နှစ်များက ဟိန်းထက်နေကို သူနှင့်အဝေးသို့ တွန်းပို့ပစ်ခဲ့သည်များကို တွေးမိသွားပြီး သက်ပြင်းမျှင်းမျှင်းချသည်။

"ဟင်း...လွန်ခဲ့တဲ့ နှစ်တွေတုန်းက ထက်နေလဲ ငါ့ကို စိတ်ပူခဲ့ရမှာပဲ။"

သူသည် ရေချိုးခန်းထဲသို့ ဝင်၍ ရေချိုးလိုက်ပြီး အိမ်အောက်ထပ်သို့ ဆင်းလာ၏။ ဧည့်ခန်းတွင်ထိုင်ကာ လက်ပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေသော မင်းခန့်ပိုင်က သူ့ခြေသံကြောင့် လှည့်ကြည့်လာကာ ပြုံးသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now