အခန်း ၄၄

1.1K 103 68
                                    

အခန်း ၄၄

"မင်းတို့က အသစ်လား။ ဒီအဆောင်ကို လာခွင့်မရှိဘူးလေ။"

အိမ်မကြီး၏ ပင်မတံခါးပေါက်နားတွင် စောင့်ကြပ်နေသော အစောင့်နှစ်ယောက်က သူတို့ကို မြင်လိုက်သည်နှင့် ပိတ်ဟောက်သည်။

"ဟုတ်ကဲ့။ ကျွန်တော်တို့က အသစ်မို့လို့ဗျ။ ခေါင်းဆောင်ရဲ့အခန်းက ဘယ်ဘက်မှာလဲ မေးချင်လို့။"

ကျော်စွာသည် ထိုနှစ်ယောက်ကို ပြန်ဖြေရင်း အရှေ့သို့ တိုးလာခဲ့ပြီး စိုင်းလရောင်ကလည်း တိုးကပ်လာသည်။ ထို့နောက် နှစ်ယောက်လုံးက လက်ထဲရှိ ရိုင်ဖယ်များဖြင့် အစောင့်နှစ်ယောက်၏ ခေါင်းကို အားပြင်းပြင်းသုံးကာ ဖြတ်ရိုက်ချသည်။ စိုင်းလရောင်သည် ရိုင်ဖယ်ကို ပစ်ချလိုက်ပြီး အသံတိတ်သေနတ်ကို ထုတ်လိုက်ကာ အစောင့်နှစ်ယောက်ကို ပစ်သတ်လိုက်လေသည်။

"ရိုင်ဖယ်တွေ ထားခဲ့တော့။ ဆူဆူညံညံ မဖြစ်စေနဲ့။ မြူနှင်းကို တွေ့အောင်ရှာ။"

"အင်း။"

ကျော်စွာသည်လည်း ရိုင်ဖယ်ကို ပစ်ချလိုက်ပြီး ပင်မတံခါးအတိုင်း သတိထား၍ ဝင်လာသည်။ သူတို့နှစ်ဦး၏ လှုပ်ရှားမှုများကို ဖန်သားပြင်မှတစ်ဆင့် ကြည့်ရင်း ရှိုင်းနောင်နောင်က ခပ်ဖွဖွ ပြုံးသည်။ သူ့နံဘေးတွင်လည်း လူငယ်တစ်ယောက်က ခြေချိတ်၍ ထိုင်နေပြီး စိုင်းလရောင်ကို စိတ်ဝင်စားစရာ ကစားစရာအသစ်ကလေးရသည့်အလား ဂရုတစိုက် ကြည့်ရှုနေလေသည်။ လူငယ်က ဆိုသည်။

"ကျွန်တော် ပြောပါတယ်။ စိုင်းလရောင်က သူ့လူကို ပစ်မထားပါဘူးဆို။"

"အင်း။ ငါ မှန်းထားတာထက် စောရောက်လာတာပဲ။ အခု လက်ရွေးစင်အဖွဲ့ကို လွှတ်တော့မလား။"

"အစ်ကိုလတ်က အရင်လိုပဲ၊ စိတ်မရှည်ဘူး။ ခနစောင့်စမ်းပါ။ သူတို့မရီးကို ကယ်ပါစေဦး။ ပြီးမှ ဖမ်းလဲရတာပဲ။"

လူငယ်က ပြန်ဖြေပြီး စိုင်းလရောင်၏ ပုံရိပ်ကိုသာ ပြုံးလျက် ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။ အစောင့်ဝတ်စုံများ ဝတ်ထား​သော စိုင်းလရောင်နှင့် ကျော်စွာသည် ရှည်လျားလှသော လျှောက်လမ်းအတိုင်း သတိထား၍ လျှောက်လာခဲ့ပြီး အခန်းတစ်ခန်းပြီး တစ်ခန်းကို စစ်ဆေးသည်။ ကြီးမားလှသော အိမ်ကြီးသည် လူမနေသည့်အလား တိတ်ဆိတ်နေခဲ့ပြီး အဆောင်တစ်ခုကဲ့သို့ အခန်းဖွဲ့စည်းပုံများကြောင့် သူတို့က ပို၍ သတိကြီးကြီးထားကာ ချဥ်းကပ်ကြသည်။ စိုင်းလရောင်သည် မီးလုံး၏ အနောက်ဘက်တွင် ကပ်လျက် မသိသာအောင် တပ်ထားသော စီစီတီဗီကို ​မြင်သည်နှင့် လက်ထဲရှိ ပစ္စတိုဖြင့် ပစ်ခွဲလိုက်လေသည်။ တစ်ဖက်မှ ကြည့်နေသော လူငယ်၏ ဖန်သားပြင်တစ်ခုက မဲမှောင်သွားခဲ့ပြီး သူသည် တောက်တစ်ချက် ခေါက်လိုက်သည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now