အခန်း ၁၆

1.9K 189 7
                                    

Unicode Version

ဟိန်းထက်နေက သူ့အဖေ မလာမချင်း ခေါင်းမာမာနှင့် မြင်းခုံထိုင်နေ၏။ သူ့ခြေထောက်များက တောင့်လာပြီး နာကျင်လာသည့်တိုင် လှုပ်လည်း မလှုပ်ရဲပေ။ အချိန်အတော်ကြာပြီးမှ ဟိန်းဇေယျက သူ့ထံ ပြေးလာပြီး ပြောသည်။

"ရပ်လို့ရပြီ...အိမ်ထဲမှာ ရေအရင်ချိုးလိုက်။ ဦးလေး ပြန်လာရင် ညစာအတူတူ စားရအောင်။"

"ဖေဖေက သားသားကို အကြာကြီး ထိုင်ခိုင်းတယ်....ဖေဖေက သားသားကို ချစ်ဘူး...အဟင့်...အဟင့်"

ဟိန်းထက်နေက တစ်ယောက်တည်း မြင်းခုံထိုင်ရစဥ်က အံကိုကြိတ်၊ လက်သီးဆုပ်ကာ ထိုင်နိုင်သော်လည်း သူ့အဖေကို တွေ့သောအခါ အားကိုးစရာတွေ့သွားသည့်အလား ချက်ချင်းပင် မျက်ရည်ဝိုင်းလာကာ ငိုမဲ့မဲ့ ပြောတော့သည်။ သူက သေးငယ်လှသော ဒူးကို ပြန်ဆန့်လိုက်ရင်း တရှုံ့ရှုံ့ငိုကာ ဟိန်းဇေယျထံသို့ သူ့ကို ပွေ့ချီရန် လက်ဆန့်လိုက်၏။

"မငိုနဲ့...မင်း ယောကျ်ားလေး မဟုတ်ဘူးလား။ ဖေဖေက မင်း သန်မာအောင် လေ့ကျင့်ပေးနေတာ။"

ဟိန်းဇေယျက ရုတ်တရက် အသံမာမာဖြင့် ပြောလိုက်လေရာ ဟိန်းထက်နေ၏ တစ်တစ်တုတ်တုတ် လက်ကလေးများသည် လေထဲတွင် ရပ်တန့်သွားရသည်။ မျှော်လင့်ထားသည့် နွေးထွေးမှုကို မရနိုင်သည့်အခါ သူ၏ နုနယ်လှသော စိတ်နှလုံးသည် မနာခံမှုနှင့် ဝမ်းနည်းမှုကိုသာ စွဲစွဲမြဲမြဲ မှတ်သားလိုက်ဟန် တူသည်။ သူက ဟိန်းဇေယျကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး ပြန်အော်သည်။

"ဖေဖေက သားသားကို ချစ်ဘူး....ယောကျ်ားလေးလဲ လူပဲလေ။ နာရင် ငိုမှာပေါ့... ဗြဲ....ဗြဲ.."

ဟိန်းထက်နေက သူ့အသံသေးသေးလေးကို အသံကုန်ခြစ်ကာ အော်ငိုရင်း ယိုင်နဲ့နေသော ခြေလှမ်းစိတ်စိတ်လေးများဖြင့် အိမ်ထဲသို့ ဝင်လာခဲ့၏။

[A/N - မြင်းခုံထိုင်တယ်ဆိုတာက ကိုယ်တို့ရဲ့ မြန်မာ့ရိုးရာသိုင်းမှာ အခြေခံပါ။ ဒူးကို ၉၀ ဒီဂရီကွေးထားရပြီး ခါးကို မတ်မတ်ထား၊ ကွေးထားတဲ့ ဒူးပေါ်ကို လက်နှစ်ဖက်ကို တင်ထားပြီး ငြိမ်အောင် ထိုင်ရတာပါ။ အလေ့အကျင့်မရှိရင် ကိုယ်တို့လို အရွယ်ရောက်ပြီးသား လူတွေတောင် အင်မတန် ပင်ပန်းပါတယ်...ဟိန်းထက်နေက သုံးနှစ်ကျော်ကျော်လေးပဲ ရှိသေးတဲ့အပြင် မိတဆိုးလေးလည်း ဖြစ်လို့ သူ့အဖေကို အရမ်းတွယ်ကပ်ချင်ရုံလေးပါပဲ။]

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now