အခန်း ၆၈

972 81 65
                                    

အခန်း ၆၈

"ဘာပြောတယ်"

"အစ်ကိုလေး စိုင်းလရောင်ကို လွှတ်ပေးလိုက်။ မတိုက်ခိုက်ဘဲနဲ့ စခန်းကိုပဲ..အ"

အရိပ်နက်က ထပ်ဖြေသည်တွင် ဟိန်းတေဇက သူ့လည်ပင်းကို ဆတ်ခနဲ ဖမ်းညှစ်သည်။ ဟိန်းတေဇ၏ လက်ချောင်းများက သန်မာလွန်းလှ၍ အရိပ်နက်၏ မျက်နှာမှာ ချက်ချင်း နီမြန်းလာပြီး အသက်ရှူရလည်း ခက်လာ၍ တအင်းအင်းတအဲအဲ ဖြစ်နေတော့သည်။

"ငါ့ကိစ္စတွေကို ဝင်မရှုပ်နဲ့။ ငါ လုပ်နေတာ ငါသိတယ်။ မင်းက ငါ့ညီအရင်း ဖြစ်နေတာနဲ့ အားလုံး ခွင့်လွှတ်မယ်လို့ မဆိုလိုဘူး.. အရိပ်နက်။ မင်းအမေကြောင့်သာ မဟုတ်ရင် ငါက သူရိယဂ်ိုဏ်းကို ရောက်သွားစရာ အကြောင်းမရှိဘူး။"

ဟိန်းတေဇသည် အရိပ်နက်၏ မျက်နှာအနားသို့ တိုးကပ်လိုက်ပြီး အံကြိတ်ကာ တစ်လုံးချင်း ပီပီသသရေရွတ်သည်။ အရိပ်နက်မှာ သူ ကြားလိုက်ရသော စကားလုံးများကို မယုံကြည်နိုင်၍လော၊ လည်ပင်းက ပိုအစ်လာ၍လော မဆိုနိုင်၊ မျက်လုံးများ ပိုပြူးကျယ်လာတော့သည်။

"ဘာ... ဘာ.. ပြောချင်တာလဲ"

"မင်းအမေက လောဘတက်ပြီး ငါ့ကို သူရိယဂိုဏ်းပိုင်တဲ့ ဂေဟာမှာ သွားပစ်လိုက်လို့ ငါ့ကို အစ်ကိုကြီးက မွေးစားခဲ့တာ။ အစ်ကိုကြီးကတော့ သူက ငါ့ဘဝကို ဖျက်စီးမိတဲ့လူဆိုပြီး သေတဲ့အထိ သူ့ကိုယ်သူအပြစ်တင်လို့ မဆုံးဘူး။ အဲ့ဒါ မင်းအမေကြောင့်လေ၊ မင်းအမေကို ငါ ခွင့်လွှတ်နိုင်တယ် ထင်လို့လား.. ဟမ်။"

ဟိန်းတေဇက လက်မလွှတ်ပေးဘဲ နောက်တစ်ကြိမ် မာန်မဲပြန်လေရာ သူက ရှိသမျှ အားဖြင့် သူ့လက်ကို တွန်းဖယ်တော့သည်။ ထိုအခါမှ ဟိန်းတေဇက သူ့ကို လွှတ်ပေးသဖြင့် သူသည် ကြမ်းပြင်ပေါ်သို့ အဝတ်ပုံတစ်ခုအလား ပုံကျသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုး၍ အသက်ကို လုရှူရသည်။ အတန်ကြာသောအခါမှ သူက စကားစသည်။

"ကျွန်တော်နဲ့ ဒုခေါင်းဆောင်နဲ့က ညီအစ်ကိုအရင်းလား။"

"ဖအေတူ မအေကွဲ။ ခြောက်နှစ်ကွာတယ်။"

ဟိန်းတေဇက စိတ်မဆိုးတော့သည့်အလား ကတ်ကြေးအသေးလေးကို ပြန်ကိုင်လိုက်ကာ နံဘေးရှိ စပယ်ပန်းရုံမှ အခက်ကလေးများကို ညှပ်နေလေသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now