အခန်း ၄၅
"သဘောတူတယ်"
ရှိုင်းနောင်နောင်က ချက်ချင်း သဘောတူလိုက်ပြီး စိုင်းလရောင်၏ လက်များမှ သံကွင်းများကို ဖြုတ်ပေးသည်။ ဖြုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကြာပွတ်ရိုက်ချက်များ၏ အရှိန်ကြောင့် စိုင်းလရောင်သည် ကြမ်းပြင်ပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားလေသည်။ သူသည် သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိကိုင်လိုက်ရင်း ဟိန်းထက်နေ ပေးထားသည့်လည်ဆွဲကို စမ်းသည်။ အင်္ကျီအောက်မှ ကျောက်စိမ်းကို စမ်းမိသောအခါမှ စိတ်အနည်းငယ် အေးသွားခဲ့သည်။ ဟိန်းထက်နေက သူ့ကို အလျင်အမြန် ခြေရာခံမိပြီး မီးလျှံဂိုဏ်းကို ဖြိုချနိုင်ရန်သာ မျှော်လင့်ရတော့သည်။
သူသည် ဟန်မပျက်စေဘဲ ခါးကို ပြန်ဆန့်ရင်း လက်ကို စမ်းလှုပ်ကြည့်သည်။ အချိန်အတန်ကြာ လေထဲတွင် တွဲလောင်းဆွဲခံထားရသော လက်နှစ်ဖက်က အံသေနေပြီး ချက်ချင်း လှုပ်ရှား၍ မရလေရာ စိုင်းလရောင်သည် စုတ်တစ်ချက်သတ်လိုက်ကာ လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ခါယမ်းသည်။ သူ့လက်ကောက်ဝတ်နှစ်ဖက်က နီမြန်းနေပြီး လက်မောင်းပေါ်တွင် ကြာပွတ်ရိုက်ချက်အချို့က ကျန်နေသေးသည်။ စွပ်ကျယ်သာ ဝတ်ထားသဖြင့် သူ၏ ကျစ်လျစ်သော လက်မောင်းကြွက်သားများနှင့် ရင်ဘတ်ဖြူဖြူထက်ရှိ ကြွက်သားများက ထင်းနေသည်။
သူသည် သူ့ရှေ့တွင် ရှိနေသော ငှက်ကြီးတောင်ဓားကို မယူသေးဘဲ အခွင့်အရေးရသည်နှင့် ဤအခန်းထဲမှ ထွက်ရန် စဥ်းစားနေမိသည်။ အမြွှာညီအစ်ကို နှစ်ယောက်၏ တိုက်ရည်ခိုက်ရည်ကို လက်တွေ့မမြင်ဖူးသေးလေရာ အနိုင်ရရှိမည်ဟု တရားသေ သတ်မှတ်၍ မရပါချေ။ ရှိုင်းနောင်နောင်က အနောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး မေးမြန်းသည်။
"မင်း ခါတာနာ ဓားရှည်သုံးတာကိုတော့ မြင်ဖူးတယ်။ ငှက်ကြီးတောင်ရော ကိုင်တတ်လား။"
"ဓားရေး သုံးဆယ့်ခုနစ်ချင်း*ကိုတော့ သင်ဖူးပါတယ်။"
စိုင်းလရောင်သည် ပြောလိုက်ပြီး ငှက်ကြီးတောင်ဓားကို ယူလိုက်ကာ ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်သည်။ ထို့နောက် ဓားကို အလည်မှကိုင်၍ ချိန်ဆ*လိုက်ရင်း မေးသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...